သတင်း

စစ်ကောင်စီတပ် ရေယာဉ်များကို ကနီ PDF ၃ ကြိမ် လိုက်လံတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်လာသည့် ရေယာဉ် ၂ စီးကို ကနီမြို့ဒေသကာကွယ်ရေးအဖွဲ့ (KPDF) က ယနေ့ (စက်တင်ဘာ ၂၉)တွင် သုံးကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါး တင်ဆောင်ကာ မုံရွာမြို့၊ အလုံဆိပ်ကမ်းမှတစ်ဆင့် ချင်းတွင်းမြစ်အတိုင်း တက်လာသည့် ရေယာဉ် ၂ စီးကို ပွတ်လုံးပွတ်လန်တောင်ကွေ့၊ မျှိုင်းချောင်းပေါက် ဆင်တော်ဝဲကွေ့၊ မြွေပိုင်းတောင်အနီးတို့တွင် တိုက်ခိုက်ခဲ့သည်ဟု KPDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

အဆိုပါ စစ်ရေယာဉ်များသည် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ် (PDF) များအကြား စစ်ရေးတင်းမာနေသည့် မင်းကင်း၊ ကလေးနှင့် ချင်းပြည်နယ်သို့ ရေကြောင်းမှတစ်ဆင့် တပ်အင်အားဖြန့်ကြက်ရန် ရည်ရွယ်ပုံရသည်ဟု ထိုသူက ဆိုသည်။ 

“မင်းကင်း၊ ကလေး၊ ချင်းပြည်နယ်ဘက်ကို ရေကြောင်းအတိုင်းပဲ တပ်အင်အားတွေ ဖြန့်ကြက်တယ်ဆိုတာမျိုး စုံစမ်းသိရှိရတယ်။ စစ်ကောင်စီတပ်တွေက ဒီအပေါ်မှာ လက်နက်ခဲယမ်းတွေကို အဆင်သင့် ကြိုတင်တပ်ဆင်ထားတာမျိုးတွေ တွေ့ရတယ်။ ဒီနေ့မှာပဲ မနက်ပိုင်း၊ နေ့လယ်ပိုင်း၊ ညနေပိုင်းမှာ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ပေါ့။ PDF ကနေ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တယ်” ဟု သူက ပြောသည်။ 

ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းရှိ နေရာ ၃ ခုမှ တိုက်ခိုက်မှုများမှာ နာရီဝက်နီးပါးမှ တစ်နာရီဝန်းကျင်အထိ ကြာမြင့်ခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KPDF အဖွဲ့ထံမှ သိရသည်။

ပစ်ခတ်မှုများက ရေယာဉ်နှစ်စီးကို ထိမှန်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးသည့် စစ်ကောင်စီအဖွဲ့ဝင်အရေအတွက်ကို မသိရကြောင်း KPDF အဖွဲ့က ပြောသည်။

“တူမီးနဲ့ကတော့ မဟုတ်ဘူး။ တခြားလက်နက်နဲ့ပဲ တိုက်ခိုက်တာ။ တီထွင်ထားတဲ့လက်နက်ကြီးပုံစံနဲ့ပဲ တိုက်ခိုက်ရတဲ့ အနေအထားဗျ။ ကျွန်တော်တို့ ကာကွယ်ရေးတပ်တွေဘက်မှာ အခက်အခဲကတော့ ကျွန်တော်တို့အနေနဲ့ ဒေသကို တော်လှန်ကာကွယ်ချင်တယ်။ တခြားဒေသတွေကို စစ်ကူတွေမရောက်အောင် တော်လှန်ကာကွယ်ချင်တယ်ဆိုပေမဲ့ အဓိကတော့ လက်နက်ခဲယမ်းက မရှိဘူး။ အဲဒီတော့ ထွင်ထားတဲ့လက်နက်တချို့နဲ့ပဲ ခုခံတိုက်ခိုက်ရတဲ့ ပုံစံမျိုးပေါ့” ဟု KPDF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။ 

တစ်ရက်အတွင်း ၃ ကြိမ် တိုက်ခိုက်ခံရသော်လည်း စစ်ရေယာဉ်နှစ်စီးသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်သွားကြောင်း ကနီမြို့နယ်ဒေသခံများထံမှ သိရသည်။ 

ယနေ့တိုက်ခိုက်မှုမှာ ကနီမြို့နယ်တွင် အင်တာနက်ဖြတ်တောက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် KPDF တို့ကြား ပထမဆုံးတိုက်ပွဲဖြစ်သည်။ 

စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်မှု အားကောင်းသည့် ဒေသများကို အင်တာနက်ဖြတ်တောက်နိုင်ကြောင်း တွက်ဆထားပြီး ဆက်သွယ်ရန်နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားသည့်အတွက် အင်တာနက်ဖြတ်တောက်ခြင်းကြောင့် တိုက်ပွဲကို သက်ရောက်မှုမရှိဟု KPDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

ယနေ့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် ချင်းတွင်းမြစ် အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၁၅၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ 

စက်တင်ဘာ ၁၁ တွင် ကနီမြို့နယ်၊ ဝင်းမနားရဲစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က လေကြောင်းမှပါ ပစ်ကူတိုက်ခိုက်သည့်အတွက် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ တပ်ဆုတ်ခဲ့ရသည်။ ရက်ပိုင်းအကြာတွင် ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားထပ်ဖြည့်ထားသည်။

တစ်နိုင်ငံလုံး ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ တွင် ကြေညာပြီးနောက် လက်နက်စွဲကိုင်ခုခံမှု ပိုမိုအရှိန်မြင့်လာသည့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းမှ မြို့နယ် ၂၅ ခုကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button