သတင်း

ကယားဝန်ကြီးချုပ်ပြောစကား ခြေဥနှင့်မညီဟု တပ်မတော်တုံ့ပြန်

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပြဿနာအကြောင်းပြပြီး မငြိမ်မသက်မှုများ ပိုမိုပြင်းထန်လာပါက ကိုင်တွယ်ရန် တပ်ကိုတာဝန်ပေးရမည်ဟု ကယားဝန်ကြီးချုပ်၏ ဇူလိုင်၁၆ရက်က ပြောကြားချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို နားလည်မှုလွဲမှားပြီး ထင်မြင်ယူဆချက်အတိုင်း ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်သည် လူထုအကြား အကြီးအကျယ် ဂယက်ထခဲ့သည့် ဦးအယ်လ်ဖောင်းရှို၏ ပြောကြားချက်ကို တပ်မတော်ဘက်က ပထမဆုံးအကြိမ် တရားဝင်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးအတွက် ကန့်ကွက်နေသူများနှင့် ဇူလိုင်၁၆က တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က အငြင်းပွားဖွယ်ရာများ ပြောကြားခဲ့ကြောင်း ဝေဖန်ခံနေခဲ့ရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် တစ်မိနစ်နှင့် ၃၄စက္ကန့်ကြာမြင့်သည့် အသံဖိုင်တွင် ဝန်ကြီးချုပ်က “ဆူပူသောင်းကျန်းမှုတွေ၊ မငြိမ်မသက်မှုတွေဖြစ်လာရင် ကျွန်တော်ကိုယ်တိုင်ကလည်း တပ်မတော်ကို တာဝန်ပေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်းလည်းသတင်းထွက်ပေါ်ခဲ့သည်။

သို့ရာတွင် တပ်မတော်က အရေးပေါ်အခြေအနေအတွက် အဓိကလုပ်ပိုင်ခွင့်အာဏာသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌သာရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသို့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားခြင်းမရှိကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကိုးကားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တပ်မတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ၊ပုဒ်မ -၂၀ ၊ ပုဒ်မခွဲ(င)ပါအတိုင်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသော အဖွဲ့အစည်းဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေနှင့် ပတ်သက်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၊အခန်း(၁၁) ၊ပုဒ်မ – ၄၁၀၊ ၄၁၂ နှင့် ၄၁၃ တို့တွင် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို အတိအလင်းပြဋ္ဌာန်းပြီးဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်က ဆိုသည်။

ဝန်ကြီးချုပ်၏ပြောကြားမှုကို လွိုင်ကော်အခြေစိုက် ဒေသခံအချို့က တပ်ကို အာဏာလွှဲပြောင်းမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပြီး ယင်းပြောဆိုမှုသည် ပြည်သူအား ခြိမ်းခြောက်ခြင်းဖြစ်ပြီး ပြန်လည်တောင်းပန်ရန်လည်း ကြေညာခဲ့ကြသည်။

သို့သော် ဝန်ကြီးချုပ်က ကန့်ကွက်လှုပ်ရှားမှုများ ထပ်မံဖြစ်ပေါ်လာလျှင် စစ်တပ်ကို အာဏာလွှဲကာ ကိုင်တွယ်ခိုင်းမည်ဟူ၍ ပြောဆိုခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည်။

ပြည်နယ်အတွင်း ရုန်းရင်းဆန်ခတ်မှုများကို ထိန်းသိမ်းနိုင်စွမ်းမရှိသည့်အခြေအနေမျိုး ဖြစ်ပေါ်လာပါက အရပ်သားအစိုးရအနေဖြင့် အဆိုပါအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါးသဖြင့် လိုအပ်ပါက တပ်မတော်ကို တာဝန်ပေးကြောင်း အမိန့်ပေးရလိမ့်မည်ဟုသာ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးအယ်လ်ဖောင်းရှိုက 7Day Daily သတင်း စာကို ဇူလိုင်၂၁ရက်တွင် ပြောကြားခဲ့သည်။

လူထုကြား ဂယက်ရိုက်ခဲ့သည့် အဆိုပါပြောစကားကို ဝန်ကြီးချုပ်ပြောကြားခြင်းရှိမရှိကို ယင်းနေ့အခမ်းအနားတွင် ရှိနေခဲ့သည့် ပြည်နယ်ဝန်ကြီးများအား သတင်းထောက်များက လွိုင်ကော်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းကြသော်လည်း ဖြေကြားခဲ့ခြင်းမရှိပါ။

ကန့်ကွက်မှုများအကြား ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ပြကာ ရွေးကောက်ပွဲအနိုင်ရအောင် ကြိုးစားနေသည်ဆိုသည့် စွပ်စွဲချက်များအားလည်း ဝန်ကြီးချုပ်က “ရွေးကောက်ပွဲအတွက် ကျွန်တော်အလုပ်လုပ်နေတာ မဟုတ်ဘူး” ဟု တုံ့ပြန်လိုက်ပြီး ကြေးရုပ်အကြောင်းပြကာ မငြိမ်မသက်ဖြစ်လာမည်ဟုလည်း မထင်မြင်ကြောင်း ပြောဆိုခဲ့သည်။

“အကယ်၍ ဖြစ်လာခဲ့ရင်လည်း လုပ်ထုံးလုပ်နည်းဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ် တာဝန်ပေးထားတဲ့နေရာမှာလည်း ပြဋ္ဌာန်းထားတဲ့ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တာဝန်ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က သတင်းထောက်များအားပြောကြားခဲ့သည်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးအတွက် ဖွဲ့စည်းထားသည့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းလိုက်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့ (ဇူလိုင်၂၃ရက်)တွင် ကြေညာခဲ့သည်။

Show More

Related Articles

Back to top button