ဆောင်းပါး

သင်းအုပ်ဆရာ သတ်ဖြတ်ခံရသည့် ထန်တလန်မြို့တိုက်ပွဲ

လူသူကင်းမဲ့နေသော မြို့တွင်းလမ်းများပေါ်တွင် ကြက်၊ ဝက် စသည့် တိရစ္ဆာန်များ အစာရှာနေကြသည်။ 

ဖိနပ်ဆိုင်၊ ကုန်စုံဆိုင်၊ အဝတ်အထည်ဆိုင်များနှင့် စည်ကားခဲ့သော အိမ်ခြေ ၇၀၀ ခန့်ရှိ ထန်တလန်မြို့ ရပ်ကွက် ၁ အတွင်း မီးလောင်ထားသည့် လူနေအိမ်များက ဟိုတစ်စု ဒီတစ်စု။

“ကျွန်တော် တော်တော်ဝမ်းနည်းတယ်။ ဒီလောက်မြို့ကြီး၊ လူတစ်သောင်းနီးပါးရှိတဲ့ မြို့ကြီး၊ လူတစ်ယောက်မှမရှိ၊ မြို့လယ်ကောင်တောင် မသွားရဲတဲ့အခြေအနေဆိုတာ အင်မတန်ဝမ်းနည်းဖို့ ကောင်းတယ်”ဟု မြို့ခံတစ်ယောက်ဖြစ်သည့် ဦးကိုထွေး*က ဆိုသည်။

စစ်ကောင်စီနှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တို့ စက်တင်ဘာလလယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ ထန်တလန်မြို့လယ်သည် မီးလောင်မြေနှင့် စစ်တလင်းဖြစ်သွားပြီး အရောင်းအဝယ်နှင့် လှုပ်ရှားသွားလာမှုများလည်း ရပ်ဆိုင်း ပျောက်ကွယ်သွားသည်။ 

သင်းအုပ်ဆရာ သတ်ဖြတ်ခံရမှု

တိုက်ပွဲကြောင့် တစ်မြို့လုံးနီးပါး လုံခြုံမည်ဟု ယူဆရသည့် ဒေသများသို့ တိမ်းရှောင်သွားကြပြီ ဖြစ်သည်။

မြို့ပေါ်တွင် ဆက်လက်နေထိုင်သူဟူ၍ ၇ ဦးနှင့် ၃ ဦးပါ မိသားစု နှစ်စု၊ မိဘမဲ့ဂေဟာတွင် နေထိုင်သူတစ်စုတို့သာ ကျန်တော့သည်။ ဂေဟာတွင် လူ ၂၀ ရှိသည့်အနက် ၁၆ ဦးမှာ ၅ နှစ်မှ ၁၈ နှစ်ကြား ကလေးများဖြစ်သည်ဟု ဦးကိုထွေးထံမှ သိရသည်။ 

စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းထားသည့်အတွက် လတ်တလောအဆင်ပြေနေသော်လည်း ရေပိုက်လိုင်းများပျက်စီးသွားသည့်အတွက် သောက်သုံးရေ အခက်တွေ့နေသည်။

“ရေပြဿနာရှိတယ်။ ရေသယ်ရတာခက်ကုန်တာ။ ရေပြဿနာရှိတယ်။ ကျွန်တော်တို့ မိုးရေနဲ့ပဲ စားသုံးနေရတာ” ဟု ၎င်းက ပြောသော်လည်း မကြာမီ ကုန်ဆုံးတော့မည့် မိုးရာသီလွန်လျှင် မည်သို့ ရှေ့ဆက်မည်မှာ ဦးကိုထွေး* တွင် အဖြေမရှိသေးပါ။

စီးပွားရေးလုပ်ငန်းများရှိသည့် ရပ်ကွက် ၁ တွင် အကြီးအကျယ်မီးလောင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေ အတိအကျကို သွားကြည့်ရန် လုံခြုံရေးအခြေအနေအရ မဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။

ချင်းပြည်နယ် ထန်တလန်မြို့တွင် စက်တင်ဘာ ၁၈ က လူနေအိမ်များ မီးလောင်ကျွမ်းနေစဉ်။ (ဓာတ်ပုံ – The Chinland Post)

တိုက်ပွဲဖြစ်သည့် စက်တင်ဘာ ၁၈ တွင် စစ်တပ်၏ လက်ချက်ကြောင့် နေအိမ် ၁၉ လုံး မီးလောင်ခဲ့သလို မီးငြှိမ်းသတ်ရန်သွားသည့် သင်းအုပ်ဆရာတစ်ဦးကို စစ်တပ်က ပစ်သတ်ကာ လက်စွပ်ဝတ်ထားသော ဘယ်လက်သူကြွယ်ကို ဖြတ်တောက်သွားသည်ဟု ဒေသခံအချို့က အတည်ပြုထားသည်။ 

ထိုဖြစ်ရပ်ကို နိုင်ငံတကာသတင်းဌာနများကပါ တင်ဆက်လာရာ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်းသည် မြို့တွင်းတိုက်ပွဲကြောင့် မီးလောင်သွားသည့် နေရာသို့ သွားရောက်စဉ် ကျည်ထိခဲ့သည်ဟု ဆိုသည်။ 

“ဒီကျည်ထိမှန် သေဆုံးခြင်းနှင့် ပတ်သက်ပြီး ထပ်မံစုံစမ်းစစ်ဆေးလျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၁ တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၆ တွင် စစ်ကောင်စီ၏ ဝါဒဖြန့်ဆောင်းပါးတစ်ပုဒ်တွင် ထိုထုတ်ပြန်ချက်ကို အကျယ်ချဲ့ဖော်ပြထားပြီး သင်းအုပ်ဆရာ၏ နာရီနှင့် လက်စွပ် ချွတ်ယူသူတို့မှာ PDF များဖြစ်သည်ဟု ရေးသားထားပြန်သည်။

သင်းအုပ်ဆရာသေဆုံးမှုအကြောင်း ထုတ်ပြန်သော်လည်း တိုက်ပွဲသတင်းနှင့် ဒေသတွင်းအခြေအနေကို စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိသည့်အပြင် ဆက်သွယ်မေးမြန်းမှုများကိုလည်း ဖြေကြားခြင်း မရှိပေ။

သင်းအုပ်ဆရာ သတ်ဖြတ် လုယက်ခံရပြီး နောက်တစ်ရက်တွင် စစ်တပ်က ထန်တလန်မြို့အတွင်း လူနေအိမ်များကို လှည့်လည်ပစ်ခတ်ခဲ့ပြန်သဖြင့် မြို့ခံအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားကြောင်း ကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် Thantlang Placement Affairs Committee (TPAC) က ပြောထားသည်။

စစ်ကောင်စီက ထန်တလန်မြို့ကို စီး၍ မြင်နေရသည့် ရှုခင်းသာကုန်းပေါ်တွင်ရှိသော ဘုန်းကြီးကျောင်းတွင် စစ်သား ၅၀ ခန့်ဖြင့် တပ်စွဲထားကြောင်း၊ မြို့တွင်း တိုက်ပွဲဖြစ်သည့်နေ့တွင် ထိုနေရာမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခဲ့ကြောင်း CDF ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

ပြည်သူတို့ နေရပ်စွန့်ခွာ တိမ်းရှောင်ရခြင်း

တူမီးသေနတ်ဖြင့် အမဲလိုက်သည့် အလေ့အထရှိခဲ့သည့် ဒေသဖြစ်သော ချင်းတောင်တန်းတွင် အမျိုးသားများသည် သေနတ်နှင့် အကျွမ်းတဝင်ရှိကြသည်။ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းအပြီး ပေါ်ပေါက်လာသော အကြမ်းဖက်မှုကို လက်နက်ကိုင်ခုခံမှု အစပြုရာ ဒေသလည်း ဖြစ်လာသည်။

တူမီးသေနတ်မှာ ပစ်အားမပြင်းထန်သော ရှေးဟောင်းလက်နက်ဖြစ်ပြီး မိုးရာသီတွင် အသုံးပြုရန် ခက်ခဲရာ ဒေသခံတို့သည် ချုံခိုတိုက်ခြင်း၊ ပြောက်ကျားနည်းဖြင့် တိုက်ခြင်း၊ လူအင်အားသုံးပြီး တိုက်ခြင်း စသည့် နည်းလမ်းများကို အားကိုးနေရသည်။

ဇွန်လက ထန်တလန်မြို့အနီး တိုက်ပွဲများ စတင်ဖြစ်ပွားချိန်၌ မြို့နေလူထုမှာ ထိခိုက်မှုနည်းပါးခဲ့သော်လည်း သုံးလကျော်လာချိန် စက်တင်ဘာအရောက်တွင် စစ်မီးမှာ မြို့ပေါ်သို့ပါ ရောက်လာသည်။

လက်ရှိတွင် မြို့အနှံ့ ဖြန့်ကြက်ထားသည့် စစ်သားဦးရေ ၁၅၀ ထိ ရှိနိုင်ပြီး ဟားခါးမြို့အခြေစိုက် ခြေလျင်တပ်ရင်း ၂၆၆ နှင့် တပ်မ ၁၀၁ တို့မှဖြစ်သည်ဟု CDF ထံမှ သိရသည်။

ယခင်က ထန်တလန်မြို့၏ အနောက်ဘက် မိုင် ၇၄မိုင်ခန့်အကွာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ဒေသများရှိ စခန်းတို့ကိုသာ စစ်ကောင်စီက ပစ်မှတ်ထားခြင်းဖြစ်သော်လည်း စစ်တပ်ဘက်က အထိနာလာချိန်တွင် တောရော၊ မြို့ပါ အင်အားတိုးချဲ့ကာ ရန်ရှာလာခြင်းဖြစ်ကြောင်း CDF က ဆိုသည်။

CDF ၏ စာရင်းအရ ဇွန်လမှ စသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၈၀ ခန့် သေဆုံးကြောင်း၊ စစ်တပ်၏ လက်ချက်ကြောင့် ထိုကာလအတွင်း ၁၀ နှစ်အရွယ် ကလေးအပါအဝင် အရပ်သား သုံးဦးထက်မနည်း သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ညပိုင်းတွင် အိန္ဒိယနယ်စပ် လုံလဲရ်ကျေးရွာရှိ စစ်တပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ပူးပေါင်း၍ သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးခဲ့ခြင်း၊ CDF က ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီယန္တရားကို တိုက်ခိုက်ခြင်းတို့အပြီး စစ်တပ်ကလည်း အရပ်ဘက်ပစ်မှတ်များကိုပင်မချန် အကြမ်းပတမ်းကိုင်တွယ်လာခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်မတော်(CNA) စစ်သားများ။ (ဓာတ်ပုံ-ပေးပို့)

ထန်တလန်မြို့အတွင်း ကင်းလှည့်နေသည့် စစ်တပ်ကို စက်တင်ဘာ ၁၈ နံနက် ၁၁ နာရီခန့်က CNA နှင့် CDF ပေါင်း၍ ချုံခိုတိုက်ခိုက်ပြီးနောက်တွင် စစ်ကောင်စီ၏ အညှာအတာမဲ့ ကိုင်တွယ်မှုများအကြား မြို့ကလေးမှာ အထက်ပါကဲ့သို့ အဆိုးရွားဆုံးအခြေအနေနှင့် တိုးခဲ့ရသည်။

စက်တင်ဘာ ၂၇ နံနက် ၁၀ နာရီခွဲခန့်တွင်လည်း မြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်ကို CDF က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ကလည်း လက်နက်ကြီးပါ သုံးလျက် တုံ့ပြန်ခဲ့သည်။ ထန်တလန်မြို့ကလေး၏ စစ်မီးမှာ ငြိမ်းအေးဖွယ်မရှိသေးပါ။

TPAC ၏ စက်တင်ဘာ ၁၇ ရက်နေ့အထိ စာရင်းများအရ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်တွင် ဦးရေ ၁၀၀၀ ဝန်းကျင်၊ နယ်စပ်တစ်လျှောက်ကျေးရွာများတွင် ၅၂၀၀ ကျော် စစ်ရှောင်နေရပြီး ထိုအထဲမှ ၄၀၀၀ ကျော်မှာ ထန်တလန်မြို့ပေါ်မှဖြစ်ကြောင်း၊ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် အခြားဒေသသို့ ပြောင်းရွှေ့သွားသူများလည်းရှိကြောင်း သိရသည်။

နယ်စပ်သို့ ရောက်လာသည့် စစ်ရှောင်များကို ကျေးရွာ ၃၅ ရွာရှိ ဘုရားကျောင်း၊ စာသင်ကျောင်းများတွင် နေရာချပေးထားပြီး ထိုနေရာအတွင်းရှိ တောင်ယာအချို့တွင် တဲထိုးနေထိုင်သူများလည်းရှိသည်ဟု CDF ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

လက်ရှိတွင် စစ်ရှောင်နေသည့် နေရာမှ မြို့ပေါ်ရှိ နေအိမ်တွင် ကျန်ရစ်သည့် ပစ္စည်းများကို အရဲစွန့်၍ လာယူသူ ဒေသခံအချို့၏ မော်တော်ယာဉ်သံများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် ကြားရသည့် အသံများမှလွဲ၍ ထန်တလန်မြို့ကလေးမှာ တိတ်ဆိတ်ခြောက်ကပ်နေသည်ဟု ဦးကိုထွေး*က ပြောသည်။

“အင်မတန်မှ ရုပ်ပျက်ဆင်းပျက်ပေါ့နော်။ တကယ်အကျည်းတန်တဲ့မြို့ဖြစ်သွားတာ”ဟု ၎င်းက မှတ်ချက်ပြုသည်။

(ဦးကိုထွေး*မှာ အမည်လွှဲဖြစ်သည်။)

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button