ဒေသခံအချို့၏ လနှင့်ချီကန့်ကွက်မှုများကို မျက်ကွယ်ပြုပြီး တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်ကို အကြောင်းပြုပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်လာမည်ကိုလည်း စိုးရိမ်မှုများလည်း ရှိနေသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူမှုကို ကန့်ကွက်သည့် သပိတ်စခန်းကို ရဲက ဖြိုခွဲလိုက်ပြီး ဆန္ဒပြသူ ၂၀ ခန့်အား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးဝင်းဌေးက အတည်ပြုသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လပိုင်းကတည်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရန် ပြည်နယ်အစိုးရက ကြိုးပမ်းခဲ့မှုနှင့် ပက်သက်ပြီး ကရင်နီလူငယ်များ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့သော်လည်း ယမန်နေ့က စိုက်ထူလိုက်သည့်အတွက် အဆိုပါပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်ခဲ့ကြသည်။

ယနေ့ မနက်ပိုင်းတွင် သပိတ်စခန်းမှ ဦးဆောင်သူ ၇ ဦးကို မြို့နယ်တရားရုံးမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားသည့်အတွက် ဆင့်ခေါ်ကြောင်း စာများရောက်ရှိလာပြီး ဆင့်ခေါ်ခြင်းခံရသူများမှ သက်ဆိုင်ရာ ရဲစခန်းသို့ သွားရောက်နေစဉ် သပိတ်စခန်းကို ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း သပိတ်စခန်း ဦးဆောင်သူ ကိုဒီးဒီက ပြောသည်။
ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခြင်းခံရသူများမှာ ကိုဒီးဒီ၊ ကိုခွန်သောမတ်စ်၊ ကိုမျိုးလှိုင်ဝင်း၊ ကိုကျော်ထက်အောင်၊ ရီးရယ်(ခ) ရီးဒူ၊ ဂူဂူး(ခ) ခူးကြူးဖဲကေး၊ စတက်နေထူး တို့ ၇ ဦးဖြစ်ကြောင်း၊ သပိတ်စခန်းကို ဖြိုခွင်းအပြီး ကျန်ရှိသည့် လူငယ် ၁၃ ဦးကိုလည်း ယခုအချိန်တွင် လွိုင်ကော်မြို့နယ်၊ ရဲစခန်းအတွင်း ခေါ်ဆောင်ထားကြောင်း သူက ဆက်ပြောသည်။


“ကျွန်တော်တို့ ပထမ ၇ ဦးကို တရားစွဲတယ်ဆိုတဲ့ စာကို သပိတ်စခန်းမှာတင် မနက်ပိုင်းက လက်မှတ်ထိုးခိုင်းပြီး တရားရုံးကို လာခိုင်းတယ်။ တရားရုံးသွားစဉ်မှာပဲ ကျန်တဲ့သပိတ်စခန်းက လူတွေကို ဖြိုခွဲပြီး ဖမ်းခဲ့တယ်။ အခု ကျွန်တော်တို့ မြို့နယ်တရားရုံးမှာပါ။ အားလုံးကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတယ်လို့ သိထားရတယ်။ အာမခံပေးမှာလားဆိုတာ မသိရသေးဘူး” ဟု ကိုဒီးဒီ ကပြောသည်။
ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းနှင့် ပက်သက်ပြီး ကန့်ကွက်နေသော လူငယ်များက ကြေးရုပ်စိုက်ထူခြင်းကို အပြီးတိုင် ဖျက်သိမ်းပေးရန်၊ သို့မဟုတ် ဒေသခံလူထု၏သဘောထားကို ရယူရန်အတွက် မဲပုံးထောင်ကာ ဆန္ဒကောက်ယူရန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့်သော်လည်းကောင်း၊ လူမှုရေးကော်မတီတစ်ရပ်အနေဖြင့်သော်လည်းကောင်း စိုက်ထူမည်ဆိုပါက အများပြည်သူပိုင် အပန်းဖြေသည့်နေရာတွင် မလုပ်ပဲ အစိုးရအဖွဲ့၊ ပါတီများနှင့် သက်ဆိုင်သည့် နေရာများတွင်သာ ထားရှိရန်တောင်းဆိုထားကြသည်။


ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူခြင်းသည် အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ လွိုင်ကော်ဒေသခံ ပြည်သူများစုပေါင်းထားသည့် ကော်မတီအနေဖြင့်သာ စိုက်ထူခြင်းဖြစ်ကြောင်း၊ ကြေးရုပ်ကတော့ ပြီးခဲ့သည့်နှစ်က ပြည်နယ်အစိုးရအစီအစဉ်ဖြင့် စိုက်ထူရန်ပြုလုပ်စဉ် ကန့်ကွက်ခဲ့ကြသဖြင့် မစိုက်ထူခဲ့ဖြစ်သည့် ကြေးရုပ်သာဖြစ်ကြောင်း လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဝင် ဦးခွန်ကိုရီက ယမန်နေ့က ပြောကြားထားသည်။
ယခင် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန် ပြင်ဆင်စဉ်ကတည်းက ကန့်ကွက်ခဲ့ကြသည့် ကရင်နီလူငယ်များကို ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုမှု မပြီးပြတ်သေးသည့်အချိန်တွင် ကြေးရုပ်စိုက်ထူရန် ပြန်လည်ကြိုးစားခြင်းက ပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်နေသည့်အချိန်တွင် ထိခိုက်လာမည်ကို စိုးရိမ်မိကြောင်း၊ သပိတ်စခန်းဖွင့်ကာ ဆန့်ကျင်နေသည့် လူငယ်များဘက်မှ ထောက်ခံကြောင်း ကေးဖိုးဒူးဒေသ ကယားလိဖုလူငယ်အဖွဲ့ကလည်း ယနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“အခုက ကျွန်တော်တို့ ကယားပြည်သူအချင်းချင်း ရန်တိုက်ပေးနေသလိုဖြစ်နေတယ်။ အစထဲက မရိုးသားခဲ့တာ။ ကျွန်တော်တို့ကတော့ ဘယ်လောက်ပဲဖိနှိပ်နေပါစေ။ ကျွန်တော်တို့ရဲ့ ခံယူချက်၊ သမိုင်းကို ဖျောက်ဖျက်လို့မရဘူးလို့ပြောချင်တယ်။ အခုချိန်ထိ အစိုးရဘက်ကရော၊ ဗိုလ်ချုပ်ကြေးရုပ်ကို လူထုကပဲ စိုက်ထူပါတယ်ဆိုတဲ့ ကော်မတီဘက်ကရော လာညှိတာမျိုးမရှိဘူး” ဟု သပိတ်စခန်းမှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုဒီးဒီက ပြောသည်။
ပြည်နယ်အစိုးရမှ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောထားနဲ့အတူ ကန့်ကွက်ကြသည့် ပြည်သူအများ၏ သဘောထားကို ရယူပြီးမှ ဗိုလ်ချုပ်ကြေးရုပ်ကို တည်ဆောက်မည်ဟု ဆိုခဲ့ပြီးမှ ယခုလို ဒေသခံများနှင့် မညှိနှိုင်းပဲ မည်သည့်အဖွဲ့မှ ဦးဆောင်လုပ်သည်ကို စဉ်းစား၍မရကြောင်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က မှတ်ချက်ပြုသည်။
တိုင်းရင်းသားဒေသများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်စိုက်ထူမှုနှင့်ပက်သက်ပြီး အမုန်းပွားစရာမရှိပေမယ့် သမိုင်းကြောင်းအရာများလည်း ရှိသည်ကို သတိထားရမည်ဖြစ်ကြောင်း၊ ဒေသတွင်းရှိလူများ၏ အခြေအနေနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်ရမည့်ကိစ္စရပ်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ဒီကိစ္စက ဘယ်သူစီစဉ်လဲဆိုတာကို အခုချိန်ထိ ကျွန်တော်တို့ သဲသဲကွဲကွဲမသိသေးဘူး။ ကျွန်တော်တို့ အခု ပုဒ်မ ၁၉ နဲ့ ဖမ်းတယ်လို့သိရလို့ မေးတော့လည်း သူတို့က ဥပဒေရဲ့ ခွင့်ပြုချက်မတင်လို့ဆိုတာပဲ ပြောသွားတယ်။ ဘယ်သူက ဘယ်သူအစီအစဉ်နဲ့ ဒီကြေးရုပ်စိုက်ထူတယ်ဆိုတာကို ပြောမသွားဘူး။ ဒါက တကယ့်ကိုလိုအပ်နေတဲ့ဟာ။ ပြည်သူတွေအကြား သမိုင်းဆိုင်ရာ သဘောထား ကွဲလွဲနေတာ။ ဒီဟာက တကယ့်ကို နိုင်ငံရေးအရ သိမ်မွေ့နက်နဲပြီး ဘယ်သူမှ မထိခိုက်အောင် ဖြေရှင်းရမယ့်ကိစ္စ” ဟု သူက ဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









