သတင်း

ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်း ထုချေရေး လူသက်သေတင်ရန် ခက်နေ

ထောင် ၂ နှစ်ချခံရနိုင်သည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ) ဖြင့် စွဲချက်တင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း သက်သေခံမည့် လူပုဂ္ဂိုလ် ရှာရခက်နေသည်ဟု ၎င်း၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

“အငြိုးခံရမယ့် အမှုမျိုးဆိုတော့ တော်ရုံတန်ရုံ ဘယ်သူမှ သက်သေလိုက်မှာ မဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ကလည်း သက်သေ (ဦးရေမများ) များများ မပြပါဘူး။ ဥပဒေအချက်အလက်ပေါ်ပဲ သွားမယ့်ကိစ္စတွေပါ”ဟု ၎င်းက ပြောသည်။

နေပြည်တော်ကောင်စီဝင်းအတွင်း ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင် ရုံးထိုင်သည့် အထူးတရားရုံးက စက်တင်ဘာ ၂၁ တွင် ထိုအမှုကို စွဲချက်တင်သည်။

ယနေ့(စက်တင်ဘာ ၂၈) ရုံးချိန်းတွင် လာမည့် တစ်ပတ် (အောက်တိုဘာ ၅) ၌ စွပ်စွဲခံရသူများဘက်မှ သက်သေစာရင်းတင်ရန် ညွှန်ကြားထားကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်မှ လူသက်သေ ဦးရေမည်မျှတင်မည်၊ မည်သည့်ဥပဒေအကိုးအကားများဖြင့် ထုချေမည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုလိုခြင်းမရှိဟု ၎င်းက ဆက်ပြောသည်။

“အခုအချိန်မှာ သက်သေက သိပ်မများဘူးဆိုတာပဲ ပြောလို့ရပါတယ်” ဟု ဦးခင်မောင်ဇော်က ပြောသည်။

ထိုအမှုတွင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းကြောင်း မကြေညာမီ၌ပင် ဖမ်းခံထားရသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင် တို့ကို စစ်ကောင်စီက တစ်ပေါင်းတည်း တရားစွဲထားခြင်းဖြစ်ပြီး စွပ်စွဲခံရသူ သုံးဦးစလုံးက ငါးဦးပါ ရှေ့နေတစ်ဖွဲ့တည်းဖြင့် အမှုရင်ဆိုင်နေကြခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ခေါင်းဆောင်များဖြစ်ကြသည့် ထိုသုံးဦးစလုံးကို ၎င်းတို့ ဖမ်းခံရပြီးနောက်မှ ပါတီက ထုတ်ပြန်သည့် စာနှစ်စောင်ကို အကြောင်းပြ၍ စစ်ကောင်စီက တရားစွဲထားခြင်းဖြစ်သည်။

စစ်ကောင်စီက မည်သူနှင့်မျှ တွေ့ခွင့်မပေးချိန်အတွင်း ထွက်ပေါ်လာသည့် စာများဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် မဆိုင်ဟု ၎င်းတို့၏ ရှေ့နေအဖွဲ့က ဇွန် ၇ ရက်မှ စတင်သည့် ရုံးချိန်းများအတွင်း ကန့်ကွက်ဖူးသော်လည်း တရားရုံးက ပယ်ချထားသည်။

ယနေ့ နံနက် ၉နာရီခွဲခန့်မှစ၍ ၂နာရီကျော်ကြာ တွေ့ခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်နေကြောင်း ရှေ့နေအဖွဲ့ထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားစွဲထားသည့် ပုဒ်မများ။ (ဒီဇိုင်း – Myanmar Now)

NLD အစိုးရလက်ထက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းနေသူ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက စွဲဆိုထားသည့် အမှုပေါင်း ၁၁ မှု ရှိနေပြီ ဖြစ်သည်။

ထိုအထဲမှ ၉ မှုကို နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံး၌ အပတ်စဉ် တနင်္လာ၊ အင်္ဂါ တွင် ၅ မှု၊ နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်းတွင် ၄ မှု ရုံးထုတ်စစ်ဆေးနေသည်။

ကျန် ၂ မှုအနက် အထက်ပါ အစိုးရလျှို့ဝှက်အက်ဥပဒေပါ ပုဒ်မကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်တွင် စွဲဆိုထားသည့် အဂတိ ၁ မှု ကို စစ်ကောင်စီက မည်သို့စီစဉ်မည်ကို အတည်မပြုနိုင်သေးပါ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button