သတင်း

ဗိုလ်ချုပ်ကြေးရုပ် အကြောင်းပြ ဆူပူမှုများကို ထိန်းသိမ်းရန် တပ်ကို တာဝန်ပေးမည်ဟု ကယားဝန်ကြီးချုပ် ပြော

ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင်ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်မှုများ ပြင်းထန်လာပါက တပ်မတော်ကို ကိုင်တွယ်ရန် တာဝန်ပေးရမည်ဟု ကယားဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သူများကပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့က ပြည်နယ်အစိုးရအရာရှိများနှင့်လက်နက်ကိုင်ခေါင်းဆောင်များ၊ ကြေးရုပ်ထားရှိရေး ကန့်ကွက်နေသူများအကြား ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူများက ဆိုသည်။

အဆိုပါပြောကြားမှုကြောင့် ဝန်ကြီးချုပ်နှင့် ဌာနေတိုင်းရင်းသားအချို့အကြား လနှင့်ချီ သဘောထားတင်းမာနေသည့် ဗိုလ်ချုပ်ကြေးရုပ် ပြဿနာတွင် နောက်ထပ် အဖုအထစ်တစ်ခု ဖြစ်လာခဲ့သည်။

“သူက နှစ်ကျော့တောင် ပြောတယ်။ နောက်တစ်ခေါက်ပြောရင်းနဲ့ လူတွေက အဲ့ဒါအပေါ် မကျေမလည်ဖြစ်တော့ ပြန်ပြောတော့ သူကအမိန့်ကိုပေးမှာပေါ့နော်။ သူနဲ့အတူ နယ်လုံဝန်ကြီးက (အဲ့ဒိအစည်းအဝေးမှာ)ပါတယ်။ တပ်မတော်ဘက်က” ဟု အဆိုပါအစည်းအဝေးကို တက်ရောက်ခဲ့သည့် ကယန်းလူငယ် ခွန်းအသန်း ကပြောသည်။

ကယားအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ဖေ့ဘုတ်စာမျက်နှာ KnIC တွင် ဇူလိုင်၂၁ရက်နံနက်ပိုင်းတွင် ဝန်ကြီးချုပ်ပြောကြားခဲ့သည် ဆိုသည့် အသံဖိုင်ကို လွှင့်တင်ထားသည်။

တစ်မိနစ်နှင့် ၃၄ စက္ကန့်ကြာမြင့်သည့် အဆိုပါအသံဖိုင်တွင် “ဆူပူသောင်းကျန်းမှုတွေ၊ မငြိမ်မသက်မှုတွေဖြစ်လာရင် ကျွန်တော်ကိုယ်တိုင်ကလည်း တပ်မတော်ကို တာဝန်ပေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားချက်လည်း ပါရှိခဲ့သည်။

“အစည်းအဝေးတက်တဲ့သူတွေထဲမှာ ပါတဲ့လူငယ်တစ်ယောက်ကပြန်ပြောတယ်။ ဒါကတော့ကျွန်တော်တို့ကို ခြိမ်းခြောက်တာပဲဆိုပြီး သူ့ကိုပြန်ပြောတဲ့အနေအထားမျိုးတော့ရှိတယ်” ဟု ကရင်နီပြည်လူငယ်များသမဂ္ဂ အတွင်းရေးမှူး ခွန်းဘားနဒ်ဘုတ် ကပြောသည်။

ကျပ်သိန်း ၈၀၀ နီးပါး ကုန်ကျမည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ကယားပြည်နယ်ခန်းမအနီး ပန်းခြံတွင်ထားရန် ပြည်နယ်အစိုးရက ဖေဖော်ဝါရီလဆန်းတွင် ဆုံးဖြတ်ခဲ့ပြီး နောက် ဒေသခံအချို့နှင့် ပြည်နယ်အစိုးရအကြားတင်းမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်၏ ပြောကြားချက်ကို အတည်ပြုရန် Myanmar Now ကဝန်ကြီးချုပ်နှင့် သူ၏ကိုယ်ရေးအရာရှိနှင့် ပြည်နယ်အစိုးရရုံးများသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရသေးပါ။

ရုပ်တုထားရှိရေးကန့်ကွက်သူများက ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ်တွင် ကယားပြည်နယ် (ထိုစဉ်က ကရင်နီပြည်) သို့ တစ်ကြိမ်သာ လာရောက်ဖူးပြီး ထိုခရီးစဉ်သည် ဗြိတိသျှတို့ထံမှ ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန် လာရောက် စည်းရုံးသည့် ခရီးစဉ်သာဖြစ်ကြောင်း အစိုးရထံ ဇွန်လ ၁၈ ရက်ကအိတ်ဖွင့်ပေးစာပေးပို့ကန့်ကွက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း လာရောက်စည်းရုံးစဉ်က ပြောကြားခဲ့သော တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ လက်တွေ့ကျသော အာမခံချက်များကို နောက်ပိုင်းခေါင်းဆောင်များက မလိုက်နာခဲ့ဘဲ ဗိုလ်ချုပ်ရုပ်တုထားရှိခြင်းသည် တိုင်းရင်းသားများအကြား ပိုမိုရှုပ်ထွေးသည့်အခြေအနေသို့ ဦးတည်စေနိုင်ကြောင်း အဆိုပါအိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

ဗမာ ဘုရင်ကိုယ်စားလှယ်နှင့် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးခဲ့သော ၁၈၇၅ ခုနှစ် မှတ်တမ်း အရ  အဆိုပါဒေသသည် သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်စွာ တည်ရှိကြောင်း ပေါ်လွင်သည်ဟု ၎င်းတို့က အိတ်ဖွင့်ပေးစာတွင် ကိုးကားဖော်ပြခဲ့ကြသည်။

ကရင်နီပြည် ဟုခေါ်ဝေါ်ခဲ့ဖူးသည့် မြန်မာနိုင်ငံအရှေ့ပိုင်း ယခုရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ကြား ဒေသကို လွတ်လပ်ရေး ရပြီးနောက် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ‘ကရင်နီပြည်နယ်’ ဟု သတ်မှတ်ခဲ့ပြီး ကရင်ပြည်နယ် အတွင်း ထည့်သွင်းခဲ့သည်။ ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေ ပုဒ်မ (၈) အရ ‘ကယားပြည်နယ်’ အမည်ဖြင့် သီးခြားပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။

ဇွတ်အတင်း စိုက်ထူထားရှိမည်ဆိုပါက ပြင်းထန်သော လူထုလှုပ်ရှားမှုနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး လက်ရှိအစိုးရကို လူထု ဆန့်ကျင်မှု ပိုမို ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများက သတိပေးထားသည်။

အစိုးကဘက်က ရှေ့ဆက်တိုးခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်စီမံကိန်းကို ဒေသခံ ၁၀၀၀ ခန့်က ဇူလိုင် ၃ရက်တွင် လွိုင်ကော်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြခဲ့ကြသည့် ခေါင်းဆောင် ၁၆ ဦးထက်မနည်းတရားစွဲဆို ခံနေရသည်။

Show More

Related Articles

Back to top button