သတင်း

မန္တလေးမြို့တွင် NLD ပါတီဝင်တစ်ဦးကို ရဲက ပစ်သတ်

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ရှိ ပန်းဆက်ဗလီရှေ့တွင် ယမန်နေ့ (စက်တင်ဘာ ၂၄) ညနေ ၃ နာရီခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးကို အမှတ်(၇) ရဲစခန်းမှ ရဲများက သေနတ်ဖြင့် ၃ ချက် ပစ်သတ်ခဲ့သည်။

ယမန်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူသည် စိန်ပန်းရပ်ကွက်နေ ကိုရဲရင့် (ခ) ကိုရဲ ဆိုသူဖြစ်ပြီး စိန်ပန်းရပ်ကွက်အတွင်း မဟာလူမှုကယ်ဆယ်ရေးအသင်းနှင့် ရပ်ကွက်နေပြည်သူတို့ အချေအတင်ဖြစ်ပွားရာတွင် ထိန်းသိမ်းခံရသူဖြစ်သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။    

“(သေဆုံး) သူအပါအဝင် ၅ ဦးကို ရဲစခန်းက ဖမ်းထားပြီးမှ လွှတ်ပေးလိုက်တယ်။ နောက်ပြီးတော့ သူ့ကိုကျ  ခရိုင်က ပြန်ခေါ်တယ်ဆိုပြီး ပြန်လိုက်ဖမ်းတယ်။ သူက ရဲစခန်းရှေ့ ကွမ်းထွက်ထွေးတာကို ပြေးတယ်ဆိုပြီး ပစ်သတ်လိုက်တာ ”ဟု မျက်မြင်ဒေသခံတစ်ဦးက ဆိုသည်။

အသက် ၄၄ နှစ်အရွယ် ကွမ်းပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုရဲရင့်သည် ဦးခေါင်း၊ ခြေထောက်၊ ရင်ဘတ်တို့တွင် ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် စက်တင်ဘာ၂၂ တွင် ကိုရဲရင့်က လူမှုရေးအသင်းရုံးကို လက်လုပ်ဗုံးဖြင့် ပစ်ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“စွပ်စွဲခံရတာပါ။ အသင်းကလည်း လက်လုပ်ဗုံးပစ်တာမဟုတ်ပါဘူးဆိုတာကို ထုတ်ပြန်ချက်နဲ့ ရှင်းလင်းထားတယ်။ တကယ်သာ လက်လုပ်ဗုံးပစ်ခဲ့တယ်ဆိုရင် တစ်ရပ်ကွက်လုံး ပြာကျသွားမှာပေါ့၊ အောက်စီဂျင်ပေးနေတဲ့ရုံးပဲ”ဟု ထိုမျက်မြင်ဒေသခံက ဆက်ပြောသည်။

သေဆုံးသူ ကိုရဲရင့်အလောင်းကို စက်တင်ဘာ ၂၅ မနက်အစောက နေအိမ်၌ တွေ့ရစဉ်။ (ဓာတ်ပုံ -ပေးပို့) 

ကိုရဲရင့်သည် မန္တလေးစိန်ပန်းအနောက်ရပ်ကွက်များ၏ အားကိုးရသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံနောက်တစ်ဦးက ဆိုသည်။

“ပထမက ခြေထောက်မှန်တာ။ သူ တရွတ်တိုက်သွားနေသေးတယ်။ အနီးရောက်မှ ရင်ဘတ်နဲ့ ခေါင်းကို ပစ်ချထည့်တာ။ အတော်ရက်ရက်စက်စက်လုပ်တာ။ ခွင့်လွှတ်လို့မရဘူး”ဟု ၎င်းက ဆိုသည်။

“သူက ပါတီဝင်နိုင်ငံရေးတက်ကြွပြီး စိန်ပန်းအတွက် အားကိုးရတော့ သူ့ကို ခဏခဏဖမ်းတယ်။ ပြီးတော့ အပြစ်ရှာမရတော့ လွှတ်ပေးတယ်။ အခုလည်း စွပ်စွဲပြီးဖမ်းတယ်။ တကယ်တော့ ရည်ရွယ်ချက်ရှိရှိ သတ်လိုက်တာပါပဲ”

မန္တလေး အမှတ်(၇) ရဲစခန်းကို ဒေသခံတို့ပြောပြသည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်း အဆက်အသွယ် မရခဲ့ပေ။

ယနေ့ (စက်တင်ဘာ ၂၅) မနက်အစောပိုင်းက မန္တလေးဆေးရုံကြီးရင်ခွဲရုံမှ ထုတ်ယူခဲ့သော ကိုရဲရင့်၏ ရုပ်အလောင်းကို စိန်ပန်းရပ်နေအိမ်မှ ယနေ့ မွန်းလွဲ ၂ နာရီတွင် ကြာနီကန်သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့သည်။

အလားတူ မန္တလေးမြို့တွင် ရဲက ဖမ်းဆီးသွားသည့် NLD ပါတီအမာခံ အမျိုးသားတစ်ဦး၏ အလောင်းကိုလည်း စက်တင်ဘာ ၂၄ ၌ မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြား စိန်ပန်းကမ်းနားလမ်းပေါ်‌တွင် တွေ့ရှိခဲ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဝင်များ၊ ပါတီအားပေးထောက်ခံသူများကို ပစ်မှတ်ထားဖမ်းဆီးလျက်ရှိသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button