သတင်း

မုဒိမ်းတရားခံပြေး ရပ်ကွက်အုပ်ချုပ်ရေးမှူးအကြောင်း ထုတ်ပြောသူ၏ ညီအသတ်ခံရ

ရန်ကုန်၊ တောင်ဒဂုံမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် သက်ငယ်မုဒိမ်းမှုဖြင့် ရဲကအလိုရှိနေသူဖြစ်ကြောင်း သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့သူ၏ ညီဖြစ်သူကို လူလေးဦးခန့်က ဓားဖြင့် ဝိုင်းခုတ်သဖြင့် ဇူလိုင်လ ၁၃ ရက်နေ့ (ယမန်နေ့) က သေဆုံးသွားခဲ့သည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၄၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ကရင်(ခေါ်) ရန်နိုင်စိုး၏ အရိပ်မည်းကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည့် ကိုဇော်ဇော်အောင်၏ ညီဖြစ်သူ အသက် ၃၆ နှစ်အရွယ် ကိုသက်ဝေထူးသည် အဆိုပါရပ်ကွက်အတွင်း ယမန်နေ့( ဇူလိုင်၁၃ရက်) တွင် ဓားဖြင့် ခုတ်သတ်ခံခဲ့ရသည်။

“သတ်တဲ့သူတွေအော်နေတာက ကရင့်သတင်း(အုပ်ချုပ်ရေးမှူး)ကို ဖော်ထုတ်တာ သူ့အကိုကွ။ သူ့ညီကိုသတ်၊ သေအောင်သတ်။ သေသွားရင် သူ့အစ်ကို ဇော်ဇော်အောင်ပါ သွားသတ်မယ်ဆိုတာ ကျွန်တော် အတိုင်းသားကြားခဲ့ရတယ်။ ကျွန်တော့်ညီလေး ကျွန်တော့်အရှေ့မှာတင် အသတ်ခံနေရတာကို ကျွန်တော် ဒီအတိုင်း ကြည့်နေခဲ့ရသူပါ” ဟု မျက်မြင်သက်သေဖြစ်သည့် ကိုဇော်ဇော်အောင်က ပြောသည်။

အုပ်ချုပ်ရေးမှူးဟောင်း ရန်နိုင်စိုး (ခေါ်) ကရင် သည် ၂၀၁၁ ခုနှစ်တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မ ကားတင်ခေါ်ယူကာ တောင်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံနေရပြီး ရဲက အလိုရှိနေသူဖြစ်သည်။

အဆိုပါဖြစ်ရပ်တွင် သူနှင့်အတူ ပူးပေါင်းခဲ့သူ လေးဦးအနက် သုံးဦးသည် ထောင်ဒဏ်နှစ်နှစ်အထိ ကျခံခဲ့ရပြီး တစ်ဦးကတော့ အခင်းဖြစ်ရပ်နှင့် မသက်ဆိုင်သည့်အတွက် တရားရှင် လွတ်မြောက်ခဲ့သည်။

အရှေ့ပိုင်းခရိုင်တရားရုံး၏ တရားခံပြေးအဖြစ် သတ်မှတ်ခဲ့ရသည့် ၎င်းသည် ၂၀၁၇ ခုနှစ်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၄၀ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်ခံခဲ့ရသည်။

ပြီးခဲ့သည့်မေလအတွင်း ဇော်ဇော်အောင်၏ ထုတ်ဖော်ပြောကြားမှုကြောင့် လူမှုကွန်ရက်စာမျက်နှာများထက်တွင် သူ၏နောက်ကြောင်း ပါရှိလာပြီးနောက် ရန်နိုင်စိုး (ခေါ်) ကရင်သည် လူမြင်ကွင်းမှ ထပ်မံပျောက်ကွယ်သွားခဲ့သည်။ Myanmar Now အပါအဝင် ပြည်တွင်းသတင်းဌာနများက ထိုသတင်းကို အကျယ်တဝင့် ဖော်ပြခဲ့ကြသည်။

ယခုလူသတ်မှုနှင့်ပတ်သက်ပြီး ရာအိမ်မှူးတစ်ဦးအပါအဝင် လူခြောက်ဦးကို ရဲက ဖမ်းဆီးထားလိုက်သည်။

လူသတ်မှုနှင့်ထိန်းသိမ်းခံထားရသူများသည် သက်ငယ်မုဒိမ်းတရားခံပြေး အုပ်ချုပ်ရေးမှူးနှင့် ရင်းနှီးသူများဖြစ်သော်လည်း ယခုလူသတ်မှုမှာ အုပ်ချုပ်ရေးမှူးဟောင်း၏ နောက်ကြောင်းကို ဖော်ထုတ်ခဲ့ခြင်းနှင့် မပတ်သက်နိုင်ကြောင်း ကနဦးစစ်ဆေးချက်များကို အခြေခံပြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက ပြောသည်။

“ကရင့်အကြောင်းကို စုံစမ်းဖော်ထုတ်တဲ့ မိသားစုမို့ ရည်ရွယ်ချက်ရှိရှိ သတ်လိုက်တာမဟုတ်ဘူးလို့ ယူဆတယ်။ တကယ်ဆို ဒီဖော်ထုတ်မှုမှာ အဓိကပါတဲ့ သေဆုံးသူရဲ့ အစ်ကို (ကိုဇော်ဇော်အောင်)ကို အဓိကရည်ရွယ်မှာပေါ့” ဟု သူက ဆိုသည်။

အခင်းဖြစ်ရပ်တွင် သေဆုံးသူကို ဓားကိုင်သည့်လူ လေးဦးခန့်က ဝိုင်းဝန်းခုတ်နေသည်ကို မြင်တွေ့ခဲ့ကြောင်း၊ မိမိတို့က တားဆီးရန် ကြိုးစားသော်လည်း ဓားဖြင့်ခုတ်သူများကိုယ်တိုင်က မိမိတို့ကိုပါ ရန်ရှာသည့် စကားမျိုးပြောဆိုခဲ့ကြောင်း အခင်းဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၄၀ ရပ်ကွက်နေ ကိုအောင်မင်းက ပြောသည်။

“ဒီဖြစ်ရပ်မှာ ကျူးလွန်ကြသူတွေရော သေဆုံးခဲ့ကြသူတွေရောက အရင်ကတည်းက ဒုစရိုက်သမားတွေ မဟုတ်ဘူး။ လူမိုက်လူရမ်းကားတွေ မဟုတ်ပါဘူး။ သူတို့ကြားထဲမှာ မကျေလည်မှုတွေကြောင့်သာ ဒီလိုဖြစ်ပျက်ခဲ့ကြတာ။ သူတို့အချင်းချင်း လမ်းပေါ်မှာ စတင်စကားများတယ်။ အဲ့ဒီကနေ အစဆွဲထုတ်ကြရင်း ဒီလောက်အထိဖြစ်ခဲ့ကြတာ” ဟု ၁၄၀ ရပ်ကွက် လက်ရှိအုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းက ပြောသည်။

အိမ်ထောင်စုပေါင်း ၆၀၀ ကျော်၊ လူဦးရေ ၁၀,၀၀၀ ကျော်နေထိုင်သည့် အဆိုပါရပ်ကွက်တွင် ပြီးခဲ့သည့်နှစ်ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့်ခုတ်ခံခဲ့ရကြောင်း၊ လူထုအမြင်တွင် အမည်းရောင်နယ်မြေတစ်ခုဖြစ်လာနေသဖြင့် တရားဥပဒေစိုးမိုးရေးကို အသေအချာ အကောင်အထည် ဖော်သင့်ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ရန်နိုင်စိုး (ခေါ်) ကရင်၏ မုဒိမ်းမှုသတင်းကို ဖတ်ရန်

မုဒိမ်းမှုဖြင့် ရဲအလိုရှိနေသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာခြင်း

Show More

Related Articles

Back to top button