သတင်း

ကသာမြို့နယ်တွင် KIA/PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခဲ့ 

ကချင်ပြည်နယ်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးဒါးတိုက်နယ်တွင် ယမန်နေ့ (စက်တင်ဘာ ၂၀) က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများပြားခဲ့သည်ဟု သိရသည်။

မိုးဒါးတိုက်နယ်မှာ ကချင်ပြည်နယ်အစပ် ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိပြီး NUG ၏ ကသာခရိုင် PDF တပ်ရင်း ၁ နှင့် KIA ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၄၀ ဝန်းကျင် သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် KIA ဘက်မှ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းလည်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

ကချင်ပြည်နယ်အစပ် ကသာမြို့နယ်အတွင်း တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသည့်နည်းတူ NUG ကို ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူးကြီးနော်ဘူကမူ ကသာမြို့နယ်အတွင်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုသော်လည်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို အသေးစိတ်မသိရှိကြောင်း ဆိုသည်။

“သတင်းကြားရတော့ကတော့ တိုက်ပွဲဖြစ်တဲ့အထဲက (စစ်တပ်ဘက်က) ဒဏ်ရာရသူတွေကို ပြန်ပြုစုတဲ့ သတင်းလောက်ပဲ ကြားပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကနေ နည်းနည်းရွှေ့ပြီးတော့ ပြန်ခေါက်သွားတယ်။ ထိခိုက်ဒဏ်ရာရ လူနာတွေကို ပြန်ပြုစုနေတာလောက်ပဲ ကြားတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ (စက်တင်ဘာ ၂၁) တွင် Myanmar Now ကို ပြောသည်။

တိုက်ပွဲသတင်းများကို အလျင်စလိုမတင်ရန်နှင့် တိုက်ပွဲဖြစ်စဉ်ကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ကသာအခြေစိုက် PDF အဖွဲ့က ယမန်နေ့တွင် လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ထားသည်။ 

ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ နေရာအတိအကျကို စစ်ရေးအရ မဖော်ပြနိုင်သည်ကို နားလည်ပေးရန်နှင့် ကသာ – ဗန်းမော်လမ်းပိုင်းတွင် သတိထားခရီးသွားလာရန်လည်း ကသာ PDF က တိုက်တွန်းထားသည်။ 

“စစ်ဘက်က ဗိုလ်မှူးကြီးလားမသိဘူး ကျဆုံးသွားတယ် ကြားတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း မြစ်ကြီးနားသွားတဲ့လမ်းဘက်မှာ ဆီကားတွေကို ကားတစ်စီးကို ငွေငါးသောင်းတောင်းလို့ဆိုပြီး PDF က ပစ်ခတ်လို့ အရာရှိတစ်ဦးနဲ့ မော်တော်ပီကယ်တစ်ယောက် ကျဆုံးတာလည်း ရှိတယ်” ဟု ​ကသာဒေသခံတစ်ဦးက ယမန်နေ့တိုက်ပွဲနှင့် ပတ်သက်၍ ပြောသည်။

ယခုရက်ပိုင်းအတွင်း ယခင်ကထက် တိုက်ပွဲပိုပြင်းထန်နေပြီး စစ်ကောင်စီတပ် အထိနာနေ​သည်ဟု အခြားဒေသခံတစ်ဦးက ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရပေ။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ် ကသာခရိုင်တွင် KIA နှင့် ဒေသခံ PDF ပူးပေါင်း၍ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ ရဲစခန်းများကို ဝင်စီးခြင်းများ ရှိခဲ့သည်။ 

ပြည်သူ့တော်လှန်ရေးစတင်ကြောင်း NUG က စက်တင်ဘာ ၇ ရက်တွင် ကြေညာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button