ရန်ကုန် - မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ အကျဉ်းဦးစီးဌာန ဘဲလင်းကျောက်ထုတ်စခန်းနှစ်ခုကို ယနေ့ ဝင်ရောက်စစ်ဆေးရာ ကြီးကြီးမားမား အခွင့်အရေး ချိုးဖောက်မှု မရှိသော်လည်း အကျဉ်းသားများ အလုပ်အချိန်ပို လုပ်နေရခြင်းနှင့် လုပ်ငန်းခွင် ဘေးကင်းရေးပစ္စည်းများမစုံလင်ခြင်းတို့ကို တွေ့ခဲ့ရသည်ဟု ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။
“အလုပ် စချိန်မှန်ပေမယ့် အလုပ်သိမ်းချိန်နောက်ကျတယ်ဆိုပြီး အကျဉ်းသားတွေက သတင်းပို့ပါတယ်။ အလုပ်လုပ်ချိန်ကို ပိုခိုင်းတော့ သူတို့ပင်ပန်းတယ်၊ နားချိန်မရဘူးပေါ့။ ပြီးတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိအောင် လုပ်ငန်းခွင် အကာအကွယ်ပစ္စည်း (မျက်မှန်၊ ဖိနပ်၊ လက်အိတ်) လိုအပ်ချက်တွေ တွေ့ပါတယ်။ ဒါတွေ ဖြည့်ဆည်းဖို့ ထောင်တာဝန်ခံတွေကို မှာခဲ့ပေမယ့် တရားဝင်အနေနဲ့ (ပြည်ထဲရေး)ဝန်ကြီးဌာနကို စာပို့တင်ပြ သွားမှာပါ” ဟု ၎င်းကပြောသည်။

လူ့အခွင့်အရေးကော်မရှင်အနေဖြင့် မန္တလေးတိုင်းဒေသကြီးရှိ အကျဉ်းထောင်များကို ပုံမှန်စစ်ဆေးရေးခရီး သွားရောက်ခြင်းဖြစ်ပြီး ယခင်က စစ်ဆေးခဲ့ဖူးသည့် အကျဉ်းဦးစီးဌာန လက်အောက်ရှိ ရဲဘက်ကျောက်ထုတ် စခန်းတချို့ အကြံပြုချက်အတိုင်း လိုက်နာမှုအခြေအနေကို သိစေရန် ဇူလိုင်လ ၁၀ ရက်နေ့တွင် တစ်ခါတည်း ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဦးယုလွင်အောင်က ပြောသည်။
“ညှဉ်းပန်းနှိပ်စက်၊ အခွင့်အရေး ချိုးဖောက် တာမျိုး မတွေ့ရှိရဘူး။ ကျန်းမာရေးမကောင်းတဲ့ အကျဉ်းသားတွေက မိခင်ထောင်ကို ပြန်ပြီး ဆေးကုသချင် တာမျိုးနဲ့ စားရေးသောက်ရေး အဆင်မပြေဘူး ဆိုတာမျိုးတွေတော့ အကျဉ်းသားတွေ သတင်း ပို့တာရှိတယ်။ ဒါတွေအတွက်တော့ ထောင်တာဝန်ခံတွေကို မှာကြားဖို့ရှိပါတယ်။ အကြံပေးတဲ့အတိုင်းလည်း လုပ်ဆောင်ထားတာတွေရှိလို့ တိုးတက်မှုရှိတယ်လို့ပဲ အကြမ်းဖျင်းပြောပါရစေ” ဟု၎င်းကပြောသည်။


ကော်မရှင်အနေဖြင့် ပုံမှန်အကျဉ်းထောင်စစ်ဆေးရေးခရီးစဉ်အတွင်း မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ထုံဘို(၁)၊ ထုံးဘို(၂) နှင့် ထုံးဘိုအမျိုးသမီးကျောက်ထုတ်စခန်း တို့ကို သက်ဆိုင်ရာ စခန်းအာဏာပိုင်တို့အား ကြိုတင် အသိပေးထားခြင်းမရှိပဲ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးကော်မရှင် အနေဖြင့် အမျိုးသမီးကျောက်ထုတ်စခန်းများကို ပိတ်သိမ်းရန် ၂၀၁၇ ခုနှစ်တွင် အကြံပြုခဲ့သလို အမျိုးသားလွှတ်တော်တွင်လည်း ထိုအကြံပြုချက်ကို ဆွေးနွေးခဲ့သော်လည်း ယခုအထိ အစိုးရ အာဏာပိုင်များဘက်က မတုံ့ပြန်သေးပေ။


Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












