သတင်း

ထန်တလန်မြို့တွင်းတိုက်ပွဲကြောင့် မြို့လုံးကျွတ်နီးပါး စစ်ရှောင်

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တို့ မြို့တွင်းတိုက်ပွဲ ထပ်မံဖြစ်ပွားပြီးနောက် နှစ်ရက်အကြာတွင် မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

မြို့နေလူဦးရေ ထောင်နှင့်ချီ ရှိခဲ့ရာမှ ယခုအခါ မြို့ထဲတွင် လူဦးရေ ဆယ်ဂဏန်းဝန်းကျင်သာ ကျန်ရှိတော့ကြောင်း ဒေသခံများက ခန့်မှန်းသည်။

“တိမ်းရှောင်တာက အခု ၁၀၀ ရာခိုင်နှုန်းတိမ်းရှောင်တာ။ CDM မဝင်တဲ့ ဝန်ထမ်းတချို့နဲ့ စစ်တပ်တချို့ပဲ ကျန်တာ မြို့ထဲမှာ။ ပြည်သူလူထုကတော့ အားလုံးတိမ်းရှောင်နေပြီ။ တချို့မိသားစုတွေက (အိန္ဒိယ) မီဇိုရမ်ပြည်နယ်ဘက်၊ တချို့မိသားစုတွေက မြန်မာပြည်တွင်း နယ်စပ်ရွာတွေမှာ ယာယီစခန်းနဲ့ တိမ်းရှောင်နေရတယ်” ဟု ထန်တလန်မှ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ 

စက်တင်ဘာ ၉ တွင် မြို့နယ်အတွင်း ရှာဖွေစစ်ဆေးနေသော စစ်ကောင်စီတပ်ကို CDF (ထန်တလန်) အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာ ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့သည်။ 

ထန်တလန်ဒေသခံတို့ တိမ်းရှောင်မှု ထိုနေ့ (စက်တင်ဘာ ၉) မှ အစပြုခြင်း ဖြစ်သည်။ 

ယမန်နေ့(စက်တင်ဘာ ၁၉) တွင် စစ်ကောင်စီတပ်သားများက မြို့တွင်းလှည့်လည်ပြီး လူနေအိမ်များကို ပစ်ခတ်သောကြောင့် ဒေသခံများ နေအိမ်တွင် ဆက်လက်နေထိုင်ရန် မဝံ့ရဲတော့ကြောင်း စစ်ရှောင်ပြည်သူများအရေး ကူညီပေးနေသည့် Thantlang Placement Affairs Committee (TPAC) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျှန်က ပြောသည်။ 

“မနေ့က မနက်ပိုင်းလောက်မှာ ဖြစ်တာ။ အိမ်တွေကို လျှောက်ပစ်နေတာ။ စစ်သားတွေသွားတိုင်း ၁၀၀၊ ၉၀ နီးပါး ပုံမှန်ရှိတယ်။ လမ်းမှာ ပလက်ဖောင်းနှစ်ဖက်ကနေ ဘယ်ဘက်၊ ညာဘက်နဲ့ သွားပြီးတော့ ဘေးနားမှာရှိတဲ့ အိမ်တွေကို လိုက်ပစ်တာ။ သေနတ်တွေနဲ့နော်” ဟု ဆလိုင်းလျှန်က ဆိုသည်။

TPAC ၏ စက်တင်ဘာ ၁၇ အထိ စာရင်းများတွင်ပင် တိုက်ပွဲများကြောင့် ထန်တလန်မြို့နယ်နှင့် အိန္ဒိယနယ်စပ်အနီး တိမ်းရှောင်လာသည့် ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည်အရေအတွက် ၅၂၀၀ ကျော်အထိ ရှိနေသည်။  

ထန်တလန်မြို့နယ် စစ်ဘေးရှောင်များမှာ ဗိုင်လာမ်တောင်ကြော၊ ဘွာလ်တောင်ကြော၊ ခွာဟရိန်းတောင်ကြော၊ ဇနတ်တောင်ကြောအပါအဝင် နယ်စပ်တစ်လျှောက်ရှိ ရွာပေါင်း ၃၅ ရွာနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့တွင် ခိုလှုံနေရသည်။ 

အဆိုပါဒုက္ခသည်များတွင် ကိုဗစ်လူနာများလည်းပါဝင်ကြောင်း၊ ၎င်းတို့ ခိုလှုံရန်ရောက်ရှိနေသည့် ကျေးရွာများတွင် ကွာရန်တင်း (အသွားအလာကန့်သတ်မှု) ဝင်နိုင်ရန် လုပ်ဆောင်နေကြောင်း ဆလိုင်းသျှန်က ဆိုသည်။

“ရွာတွေရောက်လာတဲ့အခါကျမှပဲ ရွာအလိုက်၊ လူငယ်တွေက ကိုဗစ်ပေါ့စတစ်လူနာတွေကို ကွာရန်တင်းသဘောမျိုး ထားထားတယ်။ အရေအတွက်တော့ မသိရသေးဘူး” ဟု သူက ဆက်ပြောသည်။ 

ကျေးရွာများတွင် ခိုလှုံနေသူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း TPAC အဖွဲ့ထံမှ သိရသည်။ 

စက်တင်ဘာ ၁၈ တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် မြို့ပေါ်ရှိ နေအိမ် အလုံး ၂၀ ခန့် မီးလောင်စဉ် မီးငြှိမ်းသတ်ရန် ထွက်လာသည့် ခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ပါး ပစ်သတ်ခံရသည်။ 

အိန္ဒိယနယ်စပ် လုံလဲရ်ရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တို့ စက်တင်ဘာ ၁၁ နှင့် ၁၂ တွင် ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးသည်။ စစ်ကောင်စီတပ် အထိနာသဖြင့် ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ကူခဲ့သည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် ထန်တလန်မြို့ နေအိမ်များ (ဓာတ်ပုံ – The Chinland Post) 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button