(နေပြည်တော်) - ပြုပြင်ပြောင်းလဲရခက်ခဲစေရန် စီမံထားသည်ဟု နာမည်ကြီးသည့် အခြေခံဥပဒေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ တစ်ဆင့် ပြင်ဆင်သွားနိုင်မည်ဟု ယူဆသူ အများအပြား ရှိနေသည်။
ဤအချက်ကို နားလည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၁၁ ရက်နေ့ နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြောကြားလိုက်ပြီး ပြင်လိုပါက ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည့် အတိုင်းသာ ဖြစ်ရမည်ဟု ပြောလိုက်သည်။

“ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ ဆက်စပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်လိုတဲ့ သဘောထားကိုလည်း ကျွန်တော်တို့ သိပါတယ်” ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးဖွင့်ပွဲ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ပြင်ဆင်ရာတွင် လိုက်နာရမည့်အချက်များနှင့် ပတ်သက်ပြီး သူညွှန်းဆိုသည်မှာ ယခင် တပ်မတော်အစိုးရက ဦးဆောင်ရေးဆွဲခဲ့သည့် အဆိုပါ အခြေခံဥပဒေပင် ဖြစ်သည်။


“အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပြဋ္ဌာန်းချက်တွေ အတိုင်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်”ဟု တပ်ချုပ်က ပြောသည်။
ငြိမ်းချမ်းရေး လမ်းကြောင်း


တပ်မတော်က လက်မှတ်ထိုးထားသည့် တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် (NCA) တွင်လည်း ပြင်ဆင်ရေး အလားအလာကို ထည့်သွင်းထားကြောင်း တွေ့ရသည်။
"ပြည်ထောင်စု ညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီသည်" ဟု NCA ၏ အပိုဒ်၂၂ ဃ တွင် ပါရှိသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့မှ အဖွဲ့ဝင် စိုင်းကျော်ညွန့်က စာချုပ်အရ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ကိုင်နိုင်မည်ဟု ဆိုသည်။
“ဘယ်နှစ်ချက်ပဲ ရပါစေ။ ဒီအချက်အလက်တွေက တစ်ချိန်ချိန်ကျရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တယ် ဆိုရင် အဲဒီအတိုင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ပြင်ဆင်ရေး လမ်းစ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ(SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လမ်းစဖြစ်သည်ဟု မျှော်လင့်ထားသောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လာရောက်နေခြင်းဖြစ်သည်ဟု ပြောသည်။
ဤဆွေးနွေးပွဲမှ ရရှိမည့် သဘောတူညီချက်များသည် ပြည်ထောင်စုလွှတ်တော်သို့ သွားမည် ဖြစ်သည်။
“ဒီသဘောတူညီချက်တွေရသွားရင် လွှတ်တော်ကိုတင်ပြမယ်။ နောက်ပိုင်းကျရင် လွှတ်တော်ကနေ အတည်ပြုသွားရင် အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အချက်တွေ ရသွားမှာပေါ့”ဟု ၎င်းကပြောသည်။
ငြိမ်းချမ်းရေးညီလာခံနှင့် ပတ်သက်ပြီး အကောင်းမြင်သူများထဲတွင် UPDJC ၏ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျှံမှုံဆာခေါင်းလည်း ပါဝင်သည်။
“အများကြီး နီးစပ်နေပါပြီ။ ပြီးခဲ့တဲ့ ညီလာခံမှာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း အချက် ၃၇ ချက် လုပ်နိုင်ခဲ့တယ်။ အဲဒါကို လွှတ်တော်ကလည်း အတည်ပြုပြီးပြီ။
အခုလည်း ရနိုင်သလောက် လက်မှတ်ထိုးမယ်။ မကြာခင်ကာလအတွင်းမှာ အားလုံး အောင်အောင်မြင်မြင် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။
တပ်မတော် ပါဝင်မှု
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခြေခံဥပဒေပြင်ဆင်ရေး ကြွေးကြော်သံဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲဝင်ကာ လွှတ်တော်တွင် နေရာ အများဆုံး ရရှိပြီး အစိုးရ ဖွဲ့နိုင်ခဲ့သည်။
သို့သော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုကို မတွေ့ရသေးပေ။
ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်များထဲတွင် ရွေးကောက်ပွဲများမှ တက်လာသူက ၇၅ ရာခိုင်နှုန်း ရှိပြီး တပ်မတော်က စေလွှတ်သည့် ကိုယ်စားလှယ်မှာ ၂၅ ရာခိုင်နှုန်း ရှိသည်။
အခြေခံဥပဒေပါ မည်သည့် အချက်ကိုမဆို ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှု လိုအပ်သည်။
ပြင်ဆင်မည့် အစီအစဉ်ကို လွှတ်တော်ထဲမှ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလျှင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည့်အဆင့် ကျန်နေသေးသည်။
ထိုအဆင့်တွင် မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်က ထောက်ခံပါက ပြင်ဆင်မှု အောင်မြင်ပြီ ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












