သတင်း

ကွမ်းခြံကုန်းဒေသခံတို့ကို လမ်းပေါ်မှောက်အိပ်ခိုင်းပြီး စစ်တပ်ကရိုက်နှက်

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာသို့ ရောက်သွားသည့် စစ်ကောင်စီတပ်က အမျိုးသား ၈၂ ဦးကို လမ်းပေါ် ဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှက်ညှဉ်းဆဲပြီး စစ်ဆေးရာ ဒဏ်ရာပြင်းထန်သူများထဲမှ ၁ ဦး ရက်ပိုင်းအတွင်း သေဆုံးသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စက်တင်ဘာ ၁၃  ည ၉ နာရီခွဲခန့်တွင် စစ်သားများ ရွာသို့ ရောက်လာပြီး ဧည့်စာရင်းစစ်မည်ဟု ဆိုကာ အသက် ၆၀ အောက်ရှိသူအားလုံး အိမ်အပြင် ထွက်ခိုင်းခဲ့ကြောင်း၊ ဒလန်ဟု ယူဆရသည့် ဦးစန်းဝင်း ဆိုသူ သတ်ဖြတ်ခံရမှုကို မေးမြန်းကြောင်း အင်္ဂလုံးရွာသားနှစ်ဦးက Myanmar Now ကို ပြောသည်။

“အိမ်ထောင်စုဇယားစစ်ပြီးတော့ မိန်းမတစ်ဖွဲ့၊ ယောက်ျားတစ်ဖွဲ့ ခွဲလိုက်တယ်။ ခွဲပြီးတော့ မိန်းမတွေကို ပြန်လွှတ်ပြီးတော့မှ ဒလန် စန်းဝင်းကို သတ်တာ ဘယ်သူလဲ။ ကျွန်တော်တို့ဆီကလူတွေက ကျွန်တော်တို့မှ မသတ်တာ၊ မသတ်ဘူး၊ မသိဘူးပေါ့။ မသိဘူးပြောလည်းပြောရော ထုတာပဲ”ဟု အရိုက်ခံရ၍ ကုသမှုခံယူနေရသော ရွာသားတစ်ဦးက ပြောပြသည်။

“ကတ္တရာလမ်းပေါ်မှာ ဝမ်းလျားမှောက်ခိုင်းပြီး ရိုက်တယ်၊ အနီးက ရေမြောင်းထဲကို လေးဖက်ထောက်ခိုင်းပြီးတော့ ငါးရှာခိုင်းတယ်။ ဒီမြောင်းထဲ ငါးမရှိတာ ဘယ်လိုရှာလို့ရမလဲ။ အဲ့ဒီမှာ ဒူးခေါင်းကွေးသွားရင် ဒူးခေါင်းရိုက်တယ်။ လေးဖက်ထောက်ခိုင်းတာက ရိုးရိုးထောက်ခိုင်းတာ မဟုတ်ဘူး။ ဒိုက်ထိုးသလို ထောက်ခိုင်းတာ။ လက်နှစ်ဖက်ကို ချုပ်ပြီးတော့မှ ထောက်ခိုင်းတာ။ ထောက်ပြီးတော့ ပတ်ချာလှည့်ခိုင်းတယ်။ ရိုက်တာတော့ အချက်ပေါင်း မရေနိုင်ဘူး။ ထပ်တလဲလဲ ရိုက်တယ်”

ရိုက်နှက်ခံရသူများထဲတွင် အသက် ၁၈ နှစ်အရွယ်မှ ၅၀ ကျော်အရွယ်ထိ ပါဝင်ကြောင်း ၎င်းတို့ထဲမှ ကိုယ်ခန္ဓာအညိုအမည်းစွဲသည်အထိ ရိုက်နှက်ခံထားရပြီး ဆေးကုသမှုခံယူနေရသူ ရွာသားနောက်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ရန်ကြောင့် ထိုရွာသား နှစ်ဦးက သတင်းတွင် ၎င်းတို့၏အမည်ဖော်ပြခြင်း မပြုရန် တောင်းဆိုထားသည်။

ညှဉ်းဆဲသူတို့ကို ဗိုလ်မှူးစိုးမိုးပြည့် ဦးဆောင်

ည ၁၀ နာရီခန့်မှစ၍ ဧည့်စာရင်းတိုက်စစ်ပြီးနောက် အမျိုးသား ၈၂ ဦးကို ရွာအုပ်ချုပ်ရေးမှူးရုံးအနီးရှိ ကံ့ကော်ဘုန်းကြီးကျောင်းရှေ့ ကတ္တရာလမ်းပေါ် ဝမ်းလျားမှောက်ခိုင်းထားသည်ဟု သိရသည်။ 

ထို့နောက် ည ၁၂ နာရီခန့်မှစ၍ နောက်နေ့မနက် ၃ နာရီခွဲအထိ ဝါးရင်းတုတ်၊ ကြိုးပေါက်(ကြိုးလုံး)နှင့် ကော်ပိုက်လုံးတို့ဖြင့် ထပ်တလဲလဲ ရိုက်နှက်ခဲ့ကြသည်ဟု ရွာသားများက ပြောသည်။

ရိုက်နှက်သည့် စစ်ကောင်စီလက်နက်ကိုင်များထဲတွင် စစ်တပ်နှင့် ရဲဝတ်စုံဝတ်ထားသူများ ပါဝင်သလို တချို့ကလည်း အရပ်ဝတ် ဝတ်ထားသည်ဟု ဆိုသည်။

ဒဏ်ရာပြင်းထန်လွန်းသော ရွာသားတစ်ဦးကို ကွမ်းခြံကုန်းဆေးရုံက လက်မခံသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရသည်ဟု ဒေသခံတို့က ပြောသည်။

လူနာအခြေအနေနှင့် ပတ်သက်ပြီး ထိုဆေးရုံများကို Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။ 

စစ်သားများက ရွာသို့ ပြန်လာဦးမည်ဟု ခြိမ်းခြောက်ထား၍ ရိုက်နှက်ခံရသော ရွာသားအများစုက ၎င်းတို့ ရင်ဆိုင်ခဲ့ရပုံနှင့် ဒဏ်ရာအခြေအနေကို သတင်းဌာနများသို့ မပြောဝံ့ဟု ဆိုကြသည်။

ရွာသားတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် စစ်ကောင်စီပြန်ကြားရေးဌာန အွန်လိုင်းစာမျက်နှာတွင် ဖော်ပြကြေညာထားသော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၏ တယ်လီဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ်မရသေးပေ။

ရွာသားများကို ရိုက်နှက်စစ်ဆေးခဲ့သူတို့သည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ခလရ ၇၀ မှ ဗိုလ်မှူးစိုးမိုးပြည့်ဦးဆောင်သော စစ်သားများဖြစ်သည်ဟု ကြားသိရကြောင်း ၂၀၂၀ ရွေးကောက်ပွဲတွင် ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ အနိုင်ရထားပြီး လတ်တလောတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လျှပ်စစ်ဝန်ကြီးတာဝန်ယူထားသူ ဦးစိုးသူရထွန်းက ပြောသည်။

အင်္ဂလုံးနှင့် ကပ်လျက်ရှိသော ကသစ်ကုန်းရွာသားများကိုလည်း ထို့သို့ရိုက်နှက်စဉ် “ဒလန်သတ်သူ မဖော်ရင် ထပ်လာမယ်၊ ခုက စစ်အုပ်ချုပ်ရေး၊ သတ်ပစ်လိုက်လို့ရတယ်”ဟု ရွာသားများကို ပြောဆိုသွားကြောင်း ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက Myanmar Now ကို ပြောသည်။

“အင်္ဂလုံးမှာ အရိုက်ခံရသူတွေထဲက တရုတ်ကြီးဆိုသူ သေပြီ။ ဒီနေ့ အသုဘချတယ်”ဟု ၎င်းက စက်တင်ဘာ ၁၇ တွင် ပြောသည်။

ဒလန်သတ်၊ တာဝါတိုင်ဖျက်မှု ကြေညာချက်

စစ်ကောင်စီအတွက် ဒလန်လုပ်ပေးသည့် ရွာသားတစ်ဦးဓားထိုးခံရခြင်း၊ စစ်တပ်ပိုင် မိုင်တဲလ် (Mytel)တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရခြင်းများ ဖြစ်ပေါ်ပြီးနောက် အနီးဝန်းကျင်ရှိ အင်္ဂလုံး(ဖောင်းပဒါပိုင်း)၊ မန်းကလိတ်၊ ကသစ်ကုန်းနှင့် တောင်ကုန်းကျေးရွာများကို စစ်ကောင်စီဘက်တော်သားများက ညအချိန်ဝင်ကာ ထိုသို့အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားတို့က ယူဆနေသည်။ 

မန်းကလိတ်ရွာတွင်မူ ရွာသားများကို အိမ်ပြင်ထွက်ခိုင်းခဲ့သော်လည်း ရိုက်နှက်စစ်ဆေးခံခဲ့ရခြင်း မရှိကြောင်း ရွာသားတစ်ဦးနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အဆိုပါရွာများတွင် ကရင်တိုင်းရင်းသားအများစုနေထိုင်ကြသည်။ စစ်တပ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ အခြေခံဥပဒေအတွက် ထောက်ခံမဲကောက်ယူကတည်းက ကွမ်းခြံကုန်းမြို့နယ်တွင် အင်္ဂလုံးနှင့် မန်းကလိပ်ရွာသည် ဆန္ဒမဲအနည်းဆုံးရခဲ့သော ရွာများဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၈ တွင် ကွမ်းခြံကုန်းမြို့နယ်မှ ဒလန်စန်းဝင်းကို နေအိမ်တွင် ဓားဖြင့်ဝင်ထိုးခြင်း၊ စစ်တပ်ပိုင်ဆက်သွယ်ရေး မိုင်တဲလ်တာဝါတိုင်နှစ်ခုကို ဖောက်ခွဲခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း စစ်အာဏာရှင်ချေမှုန်းရေး ကြွေးကြော်ထားသည့် ညီညွတ်သော ဒီမိုကရက်တစ်တပ်ဖွဲ့(UDF) အမည်ရှိ ရန်ကုန်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာ ၁၃ နှင့် ၁၅ တွင် ထုတ်ပြန်ထားသည်။

“ဓားဖြင့် စလွယ်သိုင်းပိုင်းခုတ် တစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ နှစ်ချက်” ဖြင့် ဒလန်ဆိုသူ ဦးစန်းဝင်း အတိုက်အခိုက်ခံရပြီး သေဆုံးသွားသည်ဟု သိရကြောင်း UDF ပြန်ကြားရေးတာဝန်ခံက စက်တင်ဘာ ၁၇ တွင် ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်း၏ အကျိုးစီးပွားကို တိုက်ခိုက်ခံရခြင်း၊ ဒလန်အသတ်ခံရခြင်းများ ပြုလုပ်ခံရချိန်တွင် အနီးအနားဝန်းကျင်ရှိ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖမ်းဆီးပြီး ပုဒ်မမျိုးစုံတပ်ကာ ထောင်ဒဏ်၊ သေဒဏ်စသဖြင့် ပြစ်မှုအမျိုးမျိုးထုတ်ပြန်ကြေညာလျက်ရှိသည်။

၎င်းတို့ကို ဆန့်ကျင်သည့်ပြည်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များအား တပ်ထောက်ခံသည့် ပျူစောထီးအဖွဲ့ဝင်ဆိုသူတို့က သတ်ဖြတ်သည့်အခါ စစ်သားနှင့် ရဲများက လျစ်လျူရှုထားပြီး စစ်ကောင်စီကလည်း ရေငုံနှုတ်ပိတ်နေမြဲဖြစ်သည်။

စက်တင်ဘာ ၁၇  နံနက် ၁၁ နာရီခန့်ကလည်း တော်ကူးအရှေ့ကျေးရွာနေ ဒလန်ဟုဆိုသူ ဦးမြစိုး ပြည်တော်သာကျေးရွာအနောက်ဘက် ကားလမ်းပေါ်၌ သေနတ်ဖြင့် သုံးချက်ဆင့်ပစ်ခံရသဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကွမ်းခြံကုန်းမှ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက Myanmar Now ကို ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button