သတင်း

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးနှင့် ထန်တလန်တွင် မြို့ပေါ်တိုက်ပွဲများဖြစ်ပွား

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့နှင့် ထန်တလန်တွင် ယမန်နေ့ (စက်တင်ဘာ ၁၈) က စစ်တပ်နှင့် ဒေသခံ ချင်းကာကွယ်ရေးအဖွဲ့ (CDF) အကြား မြို့ပေါ်တိုက်ပွဲများဖြစ်ပွားပြီး လူနေအိမ် ၂၀ လုံး မီးလောင်ကာ သင်းအုပ်ဆရာတစ်ဦးကို စစ်တပ်က ပစ်သတ်ခဲ့သည်။

ထန်တလန်မြို့၌ လက်နက်ကြီးဒဏ်ကြောင့် နေအိမ် ၁၉ လုံးမီးလောင်၊ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ဟားခါးမြို့တွင် ပြည်သူသုံးဦးခန့် ထိခိုက်ဒဏ်ရာရကာ လူနေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း၊ ဒေသခံသတင်းရင်းမြစ်များက အတည်ပြုသည်။

ထန်တလန်မြို့တွင် ယမန်နေ့  မွန်းလွဲ ၂ နာရီဝန်းကျင်မှ  ၅ နာရီခန့်အထိ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း နေအိမ် ၁၈ လုံးနှင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာ ရိပ်သာ ၁ လုံး မီးလောင်ခဲ့ကြောင်း၊ မီးသတ်က လာရောက်မငြှိမ်းသတ်၍ ဒေသခံ ၂၀ ခန့် ဝိုင်းဝန်းလုပ်ဆောင်ရာတွင် ညနေ ၆ နာရီကျော်တွင် မီးငြိမ်းသွားကြောင်း ဒေသခံနှစ်ဦးက ပြောသည်။

“မီးလောင်တုန်းက မီးငြှိမ်းသတ်ဖို့ လာတဲ့ ပါစတာ(သင်းအုပ်ဆရာ) တစ်ယောက်လည်း လမ်းမှာ ပစ်သတ်ခံရတယ်” ဟု ထန်တလန်မြို့ခံတစ်ဦးက ပြောသည်။ 

ပစ်သတ်ခံရသည့် သင်းအုပ်ဆရာမှာ ထန်တလန် ရာပြည့်နှစ်ခြင်းအသင်းတော် (Thantlang Centenary Baptist Church – TCBC) မှ အသက် ၃၁နှစ်အရွယ် Cung Biak Hum ဖြစ်ကြောင်း အဆိုပါမြို့နယ်၏ နှစ်ခြင်းအဖွဲ့ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာလာလ်အုပ်နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့တစ်ခုက အတည်ပြုသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ညနေ ၄ နာရီခန့်က မီးငြှိမ်းရန် သွားနေသည့် ခရစ်ယာန်အမှုတော်ဆောင် ဆရာတော်အချို့ကို ထန်တလန်လမ်းဆုံအနီး၌ စစ်တပ်က ပစ်ခတ်ရာတွင် သင်းအုပ်ဆရာ Cung Biak Hum မှာ ရင်အုပ်ကို သေနတ်ဒဏ်ရာနှစ်ချက်ထိမှန်ခဲ့ကြောင်း သိရသည်။

“ထန်တလန်လမ်းဆုံနားမှာ စစ်သားတွေ တွေ့တာနဲ့ ဆိုင်ကယ်ကို ပြန်လှည့်ပြီးတော့ လုပ်တဲ့အချိန်မှာ ကျန်တဲ့ သုံး၊ လေးယောက်က လမ်းဘေး အိမ်ကြားမှာ ပုန်းအောင်းတာပေါ့။ သူက အဲဒီမှာပဲ ပုန်းအောင်းတာပေါ့။ အဲဒီမှာပဲ ဆုံးသွားတယ်”ဟု ဒေါက်တာလာလ်အုပ်က ပြောသည်။

သင်းအုပ်ဆရာ Cung Biak Hum ၏ ရုပ်အလောင်းကို သေနတ်ဖြင့် ပစ်ခံရပြီး တစ်နာရီခန့်တွင်မှ ကောက်ယူနိုင်ခဲ့ရာတွင် ဘယ်ဘက်လက်သူကြွယ် ဖြတ်တောက်ခံထားရသည်ကို တွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

“လက်စွပ်ယူသွားချင်လို့ ဖြတ်တာဖြစ်မယ်ဆိုပြီးတော့ သုံးသပ်ပါတယ်။ အဲဒါက အတိအကျတော့ မသိဘူး။ ကျွန်တော်ထင်တာကတော့ လက်ထပ်လက်စွပ်ဖြစ်မယ် ခန့်မှန်းပါတယ်။ လက်သူကြွယ်အရင်းနားလေးက ဖြတ်တာ။ အဲဒီကနေမဖြတ်ရင် လက်စွပ်က လွယ်လွယ်နဲ့ ယူလို့မရတော့ အဲဒီလိုပဲ ဖြတ်ထားပြီးတော့ လက်စွပ်ကို မြန်မြန်ယူသွားတဲ့သဘောပေါ့”ဟု ဒေါက်တာလာလ်အုပ်က ဆိုသည်။

သင်းအုပ်ဆရာ Cung Biak Hum ၏ စျာပနအခမ်းအနားကို ယနေ့ (စက်တင်ဘာ ၁၉) နံနက် ၁၀ နာရီတွင် ပြုလုပ်ရန်ရှိပြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားနှစ်ဦး ကျန်ရစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

အိန္ဒိယနယ်စပ်ရှိ ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာအနီးရှိ စစ်တပ်စခန်းတစ်ခုကို စက်တင်ဘာ ၁၁ ညပိုင်းက ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းကာကွယ်ရေးအဖွဲ့ (CDF)တို့ ပူးပေါင်းသိမ်းပိုက်ပြီးနောက်တွင် မြို့ပေါ်ရှိ အရပ်သား ပစ်မှတ်များကို စစ်ကောင်စီတပ်က နေ့စဉ်နီးပါး တိုက်ခိုက်နေသည်ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က တိုက်ပွဲပုံစံပစ်နေတာ။ မြို့ပေါ်အခြေစိုက်တပ်ပဲ။ ထန်တလန်ရဲ့ အပေါ်က တောင်ရှိတယ် အဲဒီတောင်ကနေပစ်တာ။ မြို့ထဲမှာလည်း ရဲစခန်းရှိတယ် အဲဒီကနေလည်းပစ်တယ်။ သူတို့ကတော့ မြင်မြင်သမျှကို ပစ်နေတာပဲ။ ပြည်သူလူထုလည်း မခွဲခြားတော့ဘူး။ တကယ့် အကြမ်းဖက်သမား။ ပြည်သူကို သတ်ရင်လည်း ဘာမှ ဂရုမစိုက်ဘူး အဲဒါကြောင့် ကျွန်တော်တို့ချင်းပြည်သူတွေအနေနဲ့ နောက်ပြန်ဆုတ်လို့မရတော့ဘူး” ဟု ၎င်းက ပြောသည်။

ထန်တလန်နှင့် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၊ အစိုးရရုံးများအနီး ယမန်နေ့ည ၈ နာရီဝန်းကျင်မှ စတင်သည့် တစ်နာရီကျော်ကြာ တိုက်ပွဲကြောင့် စစ်တပ်၊ ဒေသခံကာကွယ်ရေးအဖွဲ့နှင့် အရပ်ဘက်ပစ်မှတ်များ ထိခိုက်မှု စသည့် အခြေအနေအသေးစိတ် မသိရသေးပေ။

“အပြန်အလှန်ပစ်ကြတာ။ ည ၉ နာရီခွဲလောက်ထိကို အသံတွေကြားနေရသေးတယ်။ အဲဒီနောက် ပေါက်ကွဲသံတစ်ချက်ကြားရပြီး ရပ်သွားတယ်။ မီးလောင်တဲ့အိမ်ကလည်း အစိုးရရုံးတွေရဲ့ အရှေ့မြောက်ယွန်းယွန်းက နေအိမ်တစ်လုံးလောင်သွားတယ်။ နောက်ဆုံးတော့ မီးသတ်က လာငြိမ်းသွားတယ်” ဟု  ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

ဟားခါးမြို့တွင် တိုက်ပွဲများ မကြာခဏဖြစ်နေ၍ ဒေသခံတို့မှာ နေအိမ်များကို ခိုင်ခံ့အောင် ပြုပြင်ခြင်း၊ ပုန်းခိုကျင်းများ ပြင်ဆင်ခြင်းတို့ လုပ်ဆောင်နေရကြောင်း၊ စစ်တပ်က လုံခြုံရေးတိုးချထားသည့် မြို့အတွင်း တိတ်ဆိတ်ခြောက်ကပ်သွားကြောင်း၊ အထက်ပါ မြို့ခံထံမှ သိရသည်။

“ကျွန်တော်တို့လည်း အိမ်အောက်ထပ်ကို ခိုင်ခိုင်မာမာလုပ်တာတော့ရှိပါတယ်။ ဒါက ကျွန်တော်တို့ အိပ်မက်ထဲတောင် မမက်ဖူးတဲ့အဖြစ်အပျက်ပါပဲ။ နေ့မှာလည်း ရင်တထိတ်ထိတ်နဲ့၊ ညမှာလည်း ရင်တထိတ်ထိတ်ပါပဲ။ နည်းနည်းလေးဆူညံသံလေးကြားလိုက်တာနဲ့ ထိတ်လန့်နေတဲ့ အနေအထားရှိပါတယ်။ လူတိုင်း စိုးရိမ်သောကရောက်နေတယ်” ဟု ၎င်းက ပြောသည်။

ဆန္ဒပြသည်ကိုပင် ရက်စက်စွာကိုင်တွယ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ဆင်နွှဲမည့် ပြည်သူ့တော်လှန်ရေးစပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စက်တင်ဘာ ၇ တွင် ကြေညာပြီးနောက်တွင် စစ်တပ်နှင့် တိုက်ပွဲများ ပြင်းထန်နေသည့်ဒေသအတွင်း ချင်းပြည်နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ဟားခါးနှင့် ထန်တလန် မြို့တွင်:တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ချင်းကာကွယ်ရေးအဖွဲ့ (CDF)နှင့် စစ်ကောင်စီတာဝန်ရှိသူများထံမှ မှတ်ချက်တစ်စုံတစ်ရာ မရသေးပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button