ဆောင်းပါး

ယောတောင်တန်းပေါ်က ပိုမိုကြီးထွားလာသော ခုခံတော်လှန်မှု  

စစ်ကောင်စီလက်နက်ကိုင်တပ်များကို လက်ဗလာဖြင့် သွားရောက်ရင်ဆိုင်မည့် ၁၆ နှစ်အရွယ် သားဖြစ်သူကို နေအိမ်ခြံဝင်းရှေ့တွင် မိနစ်ပေါင်းများစွာကြာအောင် ဦးတင်မျိုးဝင်း ဖျောင်းဖျ တားမြစ်သော်လည်း မအောင်မြင်ခဲ့ပေ။ 

သားဖြစ်သူ၏ ဆန္ဒကို လိုက်လျောခဲ့ပြီး စစ်ကောင်စီတပ်များကို ရင်ဆိုင်ရန် ပြင်ဆင်နေကြသည့် မြင်သားကျေးရွာကာကွယ်ရေးအဖွဲ့များရှိရာ မြစ်သာမြစ်အနီးသို့ ပို့ဆောင်ပေးကာ တိုက်ပွဲဖြစ်ပါက ရှောင်တိမ်းရမည့်နေရာများကို ပြသခဲ့သည်။ 

ထို့နောက် ဇနီးနှင့် သမီးဖြစ်သူကို ခေါ်ဆောင်ကာ မကွေးတိုင်း ဂန့်ဂေါမြို.နယ် မြင်သားရွာ အနောက်ဘက်ခြမ်းရှိ တောင်ခြေသို့ တိမ်းရှောင်ရန် ထွက်ခွာသွားခဲ့ပြီး နာရီပိုင်းအကြာတွင် လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများ အဆက်မပြတ်ထွက်ပေါ်လာရာ သားဖြစ်သူအတွက် ဦးတင်မျိုးဝင်း စိုးရိမ်စိတ် ထိန်းမရအောင် ဖြစ်ခဲ့ရသည်။ 

“ကျွန်တော်တို့သားအဖက စိတ်တူကိုယ်တူဗျ။ ကျွန်တော်လိုက်ပို့တယ်။ သားအင်္ကျီက အနီရောင်လေးဖြစ်နေလို့ အင်္ကျီအနက်ရောင်လေးကို ကိုယ်တိုင်ဝတ်ပေးခဲ့တာပဲဗျ” ဟု သူက ပြောသည်။

သူစိုးရိမ်သည်ထက်ပင် အခြေအနေက ပိုမိုဆိုးရွားနေပြီး မြစ်တစ်ဖက်ကမ်းမှ စစ်ကောင်စီလက်နက်ကိုင်များက တရစပ်ပစ်ခတ်ချေမှုန်းခဲ့ရာ မောင်နိုင်မျိုးထွန်းမှာ ခြေသလုံးတွင် ဒဏ်ရာရခဲ့ပြီး ညာဘက်နားထင်တွင် အနီးကပ်ပစ်ခတ်ထားသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။ 

“ကမ္ဘာမကျေဘူးပေါ့ဗျာ မင်းအောင်လှိုင်ကို။ အစ်ကို သေသွားရင် ညီက ဆက်တိုက်နေမယ်။ သား သေသွားရင် အဖေက ဆက်တိုက်နေမှာပေါ့။ ဒါကတော့ ကျွန်တော်တို့ရဲ့ ခံယူချက်ပေါ့ဗျာ။ ကျွန်တော်ကတော့ ဆက်တိုက်နေမှာပဲ။ သေတစ်နေ့ မွေးတစ်နေ့ပါဗျာ” ဟု ဦးတင်မျိုးဝင်းက နာကြည်းချက်ဖြင့် ပြောသည်။ 

စက်တင်ဘာ ၉ မနက် ၁၁ နာရီခန့်တွင် မြင်သားရွာကို လာရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီလက်နက်ကိုင်များကို ခုခံကာကွယ်ရင်း အသက် ၁၈ နှစ်အောက် လူငယ် ၁၂ ဦးအပါအဝင် ရွာသား ၁၈ဦး သေဆုံးခဲ့ရပြီး နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ 

သေဆုံးသူ မြင်သားရွာသားများမှာ ၎င်းတို့၏ ကျေးရွာများ အကြမ်းဖက်တိုက်ခိုက်ခံရမည့် ဘေးအန္တရာယ်မှ ကာကွယ်ရန် ခုခံခဲ့ကြခြင်းဖြစ်ပြီး PDF တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း ဂန့်ဂေါ-PDF နှင့် ယောနယ် ပြည်သူ့ကာကွယ်ရေးတပ် (YDF) တပ်ဖွဲ့ဝင်များက Myanmar Now ကို အတည်ပြုသည်။

စစ်ကောင်စီက အငြိုးဖြင့် သတ်ဖြတ်ခဲ့    

ဒေသခံ PDF တပ်ဖွဲ့ဝင်များအားကောင်းသည့် ကလေး-ဂန့်ဂေါ လမ်းတစ်လျှောက်ရှိ ကျေးရွာများကို အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီလက်နက်ကိုင် စစ်ကြောင်းက စက်တင်ဘာ ၃ ကတည်းက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံစစ်စရန် D-Day ကြေညာသည့် စက်တင်ဘာ ၇ တွင် အဆိုပါ စစ်ကြောင်းသည် ကလေးမြို့တောင်ပိုင်းရှိ ဒိုးနွယ်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးအပါအဝင် အမျိုးသား ၃ ဦးကို သတ်ဖြတ်ခဲ့သည်။

ထိုစစ်ကြောင်းက ဒိုးနွယ်ကျေးရွာရှိ နေအိမ် ၄ လုံးကို မီးရှို့ခဲ့ကြောင်း၊ သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းတွင် ဆေးလိပ်မီးဖြင့် ထိုးထားသည့် ဒဏ်ရာများ၊ ရိုက်နှက် နှိပ်စက်ခံထားရသည့် ဒဏ်ရာများရှိနေကြောင်း ဒိုးနွယ်ကျေးရွာသားများက ပြောသည်။ 

တစ်ပတ်ကြာ စစ်ဆင်ရေးဝင်ခဲ့သည့် ထိုစစ်ကြောင်းသည့် ကလေး-ဂန့်ဂေါလမ်းအတိုင်း ဆက်လက်ထွက်ခွာလာခဲ့ပြီး စက်တင်ဘာ ၈ တွင် သာယာကုန်းနှင့် ထောက်ကြံ့ကျေးရွာကြား စစ်ကား ၂ စီး မိုင်းထိမှန်ခဲ့ကာ စစ်ကောင်စီလက်နက်ကိုင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။ 

ကလေး-ဂန့်ဂေါလမ်းမကြီး 

ထိုစစ်ကြောင်းသည် ကလေး-ဂန့်ဂေါ လမ်းအတိုင်း ဆက်လက်ထွက်ခွာစဉ် တွေ့သမျှ ကျေးရွာများကို အငြိုးကြီးစွာဖြင့် မီးရှို့ဖျက်ဆီးပြီး ဒေသခံကျေးရွာသားများကို ပစ်ခတ်သတ်ဖြတ်သည်ဟု ဂန့်ဂေါ-PDF အဖွဲ့ဝင်က ပြောသည်။ 

“လူငယ်တွေစိတ်ထဲမှာတော့ စစ်အာဏာရှင်ကို မပြုတ်ကျမချင်း တိုက်မယ်ဆိုတဲ့ စိတ်တွေက ပိုပြီးတော့ ပြင်းထန်လာတာပေါ့ဗျ။ စောစောတုန်းက ငြိမ်နေတဲ့သူတွေတောင်မှ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဒီလောက်ကြီး ဖျက်ဆီးရသလားဆိုပြီးတော့ ခုခံကာကွယ်ချင်စိတ်တွေက ပိုပြီးတော့ ပေါ်လာတယ်ဗျ” ဟု သူက ပြောသည်။

စက်တင်ဘာ ၃ မှစ၍ စစ်ဆင်ရေးထွက်ခွာလာခဲ့သည့် ထိုစစ်ကြောင်းတွင် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်နေပြီး အများစုမှာ ကြံ့ခိုင်ရေးပါတီအားကောင်းသည့် ဟံသာဝတီ၊ မြောက်ခရမ်းကျေးရွာများတွင် နေထိုင်သူများဖြစ်သည်ဟု သူက ဆက်ပြောသည်။ 

“NUG က လက်နက်ထောက်ပံ့နိုင်ရင်တော့ ပိုပြီးတော့ ကောင်းတယ်ဗျ။ ခုကတော့ ကိုယ့်ရွာမှာရှိတဲ့ တူမီးသေနတ်လေးတွေနဲ့ ရရာလက်နက်စွဲကိုင်ပြီးတော့ ခုခံကာကွယ်နေရတာဖြစ်နေတယ်။ လူတွေကတော့ အရှုံးကတော့ ပေးမှာ မဟုတ်ဘူးဗျ။ စစ်အာဏာရှင်အောက်မှ ဘယ်သူမှ မနေချင်ကြဘူးဗျ” ဟု သူက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အကျအဆုံးများပြားခဲ့သည့် ထိုစစ်ကြောင်းသည် ကလေး-ဂန့်ဂေါ ကားလမ်းမှ တစ်မိုင်နီးပါးအကွာရှိ မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ သာလင်းရွာကို စက်တင်ဘာ ၉ နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက်စီးနင်းကာ  နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် နံနက် ၁၁ နာရီခန့်တွင် မြင်သားကျေးရွာသို့ ရောက်ရှိလာကာ ဒေသခံကျေးရွာသားများကို ရန်ငြိုးကြီးစွာဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

နောက်တစ်နေ့တွင် မြင်သားရွာမှတစ်ဆင့် နှမ်းခါး၊ ထယ်လှော် (ဘင်း)၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကျောက်ပြုတ်ကျေးရွာတို့ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၁၃ ထိ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆက်လက်တပ်စွဲခဲ့သည်။ 

စက်တင်ဘာ ၇ မှစ၍ ကလေး-ဂန့်ဂေါ လမ်းမတစ်လျှောက်ရှိ ကလေးခရိုင်မြို့နယ်အတွင်းရှိ ကြံသား၊ တင်သား၊ ရင်ရှင်၊ ဒိုးနွယ်၊ ကျောက်ပြုတ်ကျေးရွာများ၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ သာလင်း၊ မြင်သား၊ နှမ်းခါး၊ ထယ်လှော်(ဘင်း)၊ မွှေ့လယ်ကျေးရွာများမှ အိမ်ခြေ ၁၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒိုးနွယ်ရွာတွင် ၄ ဦး၊ မြင်သားရွာတွင် ၁၈ဦး၊ ထယ်လှော်(ဘင်း) ရွာတွင် ၂ ဦး စုစုပေါင်း ၂၆ ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။ 

စက်တင်ဘာ ၁၃ နှင့် ၁၄ တို့တွင် မွှေ့လယ်ရွာနှင့် ရေရှင်ကျေးရွာမှ စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် အရပ်သား ၅ ဦးကို နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ရသည်။ 

နယ်မြေထိစပ်နေသည့် ကလေးမြို့နယ်တွင် စက်တင်ဘာ ၁၃ က ကျောက်ပြုတ်ရွာနှင့် ကျောက်ဆည်ရွာတို့ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်၊ ကျောက်ဆည်ရွာဘုန်းကြီးကျောင်း၌ ခိုလှုံနေသည့် ရွာသူရွာသား ၄ ဦးကို PDF များအား သတင်းပေးကူညီနေသည်ဟု စွပ်စွဲ၍ စစ်သားများက ပစ်သတ်ခဲ့ကြသည်။ 

ထို့ကြောင့် ယောဒေသတွင် စစ်တပ်ဝင်မွှေအပြီး တစ်ပတ်အတွင်း သေဆုံးသူဦးရေသည် ၃၅ ဦးခန့် အနည်းဆုံးရှိခဲ့သည်။ 

ချင်းပြည်နယ်မြောက်ပိုင်းရှိ ကြံ့ခိုင်ရေးပါတီရုံးတစ်ရုံး (Myanmar Now) 

မြင်သားရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု 

မြင်သားရွာတွင်နေထိုင်သူ အသက် ၃၀ ကျော်အရွယ် မဇင်ဇင်သည် မြင်သားရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၊ မီးရှို့မှု မဖြစ်ပေါ်ခင် စက်တင်ဘာ ၈ တွင် မောင်ဖြစ်သူ ကိုငြိမ်းစည်သူ၏ သူငယ်ချင်းများနှင့်အတူ ရှိနေခဲ့သည်။ သူ့မျက်စိရှေ့တွင် ကြီးပြင်းလာခဲ့သူ ၁၇ နှစ်အရွယ် ထိုလူငယ်လေးများကို နောက်ဆုံးတွေ့ဆုံရခြင်းဖြစ်လိမ့်မည်ဟု မဇင်ဇင် မတွေးမိခဲ့ပေ။ 

အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ထို ၁၂ ဦးမှာ မဇင်ဇင်၏ မောင်ဝမ်းကွဲဖြစ်သူ ကိုငြိမ်းစည်သူ၏ သူငယ်ချင်းများဖြစ်ကြောင်း၊ မြင်သားအ.ထ.က ကျောင်းတွင် ဆယ်တန်းတက်ရမည့် ကလေးများဖြစ်ပြီး နေအိမ်သို့ နေ့စဉ် ဝင်ထွက်နေကြသူများဖြစ်သည်ဟု အသက် ၃၀ အရွယ် မဇင်ဇင်က ဆက်ပြောသည်။

“ကျွန်မတို့ရင်ထဲမှာတော့ ဒီတစ်သက်လည်း မကျေဘူး။ သူတို့သေဆုံးဖို့အတွက်ကို အမြဲတမ်းလည်း ကျိန်စာတွေ တိုက်သွားမှာပါ။ သူတို့ မီးရှို့ပြီး ဘယ်လိုပဲ ခြောက်လှန့်၊ ခြောက်လှန့် ကျွန်မတို့ကတော့ ဘယ်တော့မှ သွေးအေးသွားမှာ မဟုတ်ဘူး” ဟု သူက ပြောသည်။ 

အလောင်းကောက်ယူရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် မြင်သားရွာသားတစ်ဦးက သေဆုံးခဲ့သည့် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၁၃ ဦးအနက် ၈ ဦးခန့်သည် အနီးကပ်ပစ်ခတ်ခံထားရဟန်ရှိသည်ဟု ပြောသည်။  

“လက်နက်ကြီးကျလို့ မသေတဲ့သူတွေကို နားထင်ကို ပစ်သတ်သွားတာများတယ်ဗျ။ လက်နက်ကြီးကျတဲ့အချိန် သူတို့ ပုန်းလျှိုးကွယ်လျှိုးနေတဲ့အခါကျတော့ (ထိ)မှန်တာပေါ့။ မသွားနိုင်တဲ့အချိန်မှာ သူတို့ကို အာခံရမလားဆိုပြီး ပစ်သတ်သွားတာ” ဟု သူက ပြောသည်။  

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက စက်တင်ဘာ ၉ က ဖြစ်ပွားခဲ့သည့် မြင်သားရွာပစ်ခတ်မှုတွင် အသက် ၁၈ နှစ်အောက် လူငယ် ၁၂ ဦး အပါအဝင် ရွာသား ၁၈ ဦးကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့ပြီး နေအိမ်  ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သူ၏ ဖေ့ဘွတ်စာမျက်နှာတွင် စက်တင်ဘာ ၁၁ က ရေးသားခဲ့သည်။

အစုလိုက်အပြုံလိုက် သေဆုံးနေခြင်းဖြစ်ပြီး ၈ ဦးခန့်မှာ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ၊ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်ခံထားရသည့် ဒဏ်ရာများ ရှိနေကြောင်း ရေးသားထားသည်။

ထို့ပြင် သက်ကြီးရွယ်အိုတစ်ဦးမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီး နောက်ကျောတွင် ထုရိုက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ နောက်တစ်ဦးမှာ ကုလားထိုင်တွင် ကြိုးတုပ်ခံထားရပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။     

၂၀၁၉ က တွေ့ရသည့် ချင်းပြည်နယ်မြောက်ပိုင်းရှိ တောင်တန်းများ (Myanmar Now) 

ယောတောင်တန်းပေါ်မှ ခုခံစစ်

မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင်ရှိသည့် ယောဒေသသည် ပုံတောင်၊ ပုံညာ တောင်တန်းနှင့် ချင်းတောင်တန်းများကြားတွင် တည်ရှိပြီး မြေပြန့်ဒေသနှင့် အဆက်အသွယ်နည်းပါးပြီး သီးခြားတည်ရှိနေသည့် ဒေသလေးတစ်ခုဖြစ်သည်။

ဗမာလူမျိုး ၉ မျိုးထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည့် ယောသူ၊ ယောသားများသည် ရိုးသားအေးဆေးကြကာ မဟုတ်မခံစိတ်ပြင်းထန်ကြသူများဖြစ်ပြီး ယောဒေသအတွင်းရှိ ၎င်းတို့ လေးစား၊ အားကိုးရသူများကို စစ်ကောင်စီလက်နက်ကိုင်များက ဖမ်းဆီးရန် ကြိုးပမ်းသည့်အခါတွင် လက်နက်ကိုင်ခုခံစစ်ကို မလွဲမသွေ ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

မြေပြန့်ဒေသတွင် စစ်ကောင်စီလက်နက်ကိုင်တပ်များက ဆန္ဒပြသမားများကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့သည့် ဖေဖော်ဝါရီလကတည်းကပင် ခုခံနိုင်ရန် ပြင်ဆင်ခဲ့ကြသည်ဟု ယောနယ်ကာကွယ်ရေးတပ်ဖွဲ့ (YDF) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုယောလေးက ပြောသည်။

“ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့လုပ်တဲ့အခါမှာ ကျွန်တော်တို့က ပြန်ပြီးတော့ ခုခံကြတော့တာပေါ့။ ဘယ်လောက်ထိ ခုခံဖို့ ပြင်ဆင်ခဲ့သလဲဆိုရင် ဟိုဘက်က ပစ်ရင် ပြန်ပစ်ဖို့ဆိုပြီး ကျွန်တော်တို့မှာ ပစ္စည်းတွေ အပြည့်အစုံပါလာခဲ့ကြတယ်” ဟု သူက ပြောသည်။ 

“တစ်ယောက်ယောက်ကို လာမထိနဲ့ အသက်နဲ့ လဲရင်လဲရပါစေ၊ ပြန်ပြီးတော့မှ တုံ့ပြန်ရဲတဲ့စိတ်တွေ ရှိတယ်။ ကိုယ့်အမျိုးကိုထိရင် မခံနိုင်ဘူးပေါ့။ အဲဒီကနေပြီးတော့ ဒီတော်လှန်ရေးကြီးက စတင်လာခဲ့တာပါ”

ထို့ပြင် စစ်ကောင်စီကို ခုခံစစ်အားကောင်းနေသည့် စစ်ကိုင်းတိုင်းရှိ ကနီ၊ ပုလဲ၊ တန့်ဆည်၊ ဒီပဲယင်း၊ ယင်းမာပင် စသည့် ဒေသခံ PDF တပ်ဖွဲ့များ အားကောင်းရာ အနောက်မြောက်လွင်ပြင်ဒေသနှင့် ချင်းတိုင်းရင်းသားလက်နက်ကိုင်များ အားကောင်းသည့် ချင်းတောင်တန်းတို့ကို ချိတ်ဆက်ပေးထားသည့် ယောတောင်တန်းသည် ပထဝီနိုင်ငံရေးအရ စစ်ရေးဗျူဟာကျနေသည်။

စစ်ကောင်စီတပ်များသည့် စစ်ကိုင်းတိုင်းနှင့် ယောဒေသကြားရှိ ပုံတောင်၊ ပုံညာဒေသတွင် ခြေကုပ်ယူနိုင်ရန် ကြိုးပမ်းနေပြီး ချင်းလက်နက်ကိုင်များအားကောင်းသည့် ချင်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၏ ဝင်ပေါက်ဖြစ်သည့် ပုလဲ-ဂန့်ဂေါ-ကလေး လမ်းကို စိုးမိုးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ကိုယောလေးက ပြောသည်။ 

“ကျွန်တော်တို့ဒေသက တော်လှန်ရေးအတွက် တံခါးတစ်ချပ်လို၊ တံခါးပေါက်ကြီးတစ်ခုလို ဖြစ်နေတယ်။ အဲ့ဒါကြောင့် သူတို့က မရမက ဖိနေတာပေါ့။ ကျွန်တော်တို့ကို သူတို့က ဖြိုချဖို့ ကြိုးစားနေတာ ကြာပြီပေါ့။ မအောင်မြင်တော့ အခုလိုမျိုး လူတွေ အစုလိုက်အပြုံလိုက်သတ်ပြတယ်။ ရွာတွေကို မီးရှို့ပြတာပေါ့” ဟု သူက သုံးသပ်သည်။ 

စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်၊ မီးရှို့မှုများကြောင့် ယောဒေသခံ လူငယ်၊ လူရွယ်များ၏ စိတ်တွင် လာရောက်ကျူးကျော်၊ နယ်ချဲ့သူကို ရင်ဆိုင်တွန်းလှန်နေရသည့် ခံစားမှုမျိုးဖြင့် ဒေါသထွက် နာကြည်းနေကြပြီး လက်နက်ချင်း မမျှတသည့်အတွက် NUG က ထောက်ပံ့မည့် စစ်လက်နက်ပစ္စည်းများကို မျှော်လင့်နေကြသည်။ 

ဂန့်ဂေါ-PDF အဖွဲ့ဝင် နွေဦး၏ အစ်ကိုဝမ်းကွဲတော်စပ်သူမှာ စစ်ကောင်စီလက်နက်ကိုင်များ၏ သတ်ဖြတ်မှုကြောင့် ပြီးခဲ့သည့်ဇွန်လက သေဆုံးခဲ့ရပြီး လက်နက်အင်အားချင်း မမျှတသည့်အတွက် သူ၏ လက်တုံ့ပြန်တိုက်ခိုက်လိုစိတ်ကို  ချိုးနှိမ်ထားရသည်ဟု ဆိုသည်။ 

ယောဒေသရောက် စစ်ကောင်စီတပ်သားတို့၏ အပြုအမူအကြောင်း ဒေသခံတို့၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအဖွဲ့ထံမှ တုံ့ပြန်ချက်ရရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။

ယောဒေသတွင် နေထိုင်သူ လူငယ်၊ လူရွယ်များ၏ စိတ်တွင် စစ်ကောင်စီလက်နက်ကိုင်များက သူတို့နေထိုင်ရာဒေသကို ကျူးကျော်ဝင်ရောက်လာသည်ဟု ခံစားနေကြရပြီး ၎င်းတို့၏ မိတ်ဆွေ၊ သူငယ်ချင်းများ သတ်ဖြတ်ခံရခြင်းတို့ကြောင့် စစ်အာဏာရှင်ကို မုန်းတီးသည့် စိတ်ဓာတ်မှာ ပိုမိုခိုင်မာလာပြီး ရရာလက်နက်ဖြင့် တိုက်ခိုက်တွန်းလှန်လိုစိတ် ပိုမိုပြင်းထန်လာကြသည်ဟု ဂန့်ဂေါ-PDF အဖွဲ့ဝင် နွေဦးက ပြောသည်။ 

“သူတို့က လက်နက်ချင်းမမျှရင်လည်း သေချင်သေပါစေဆိုတဲ့ စိတ်ကို မွေးသွားတော့တာ။ ကျွန်တော်တို့ကတော့ စစ်အာဏာရှင်ကို မကျဆုံးမချင်း တိုက်ရမှာဆိုတော့ နည်းနည်း ဆင်ခြင်ပြီးတော့ လုပ်ရတာပေါ့။ လက်နက်အင်အားက မိုးနဲ့မြေကြီးလို ကွာတယ်ဆိုတော့ ပြောက်ကျားနည်းပဲ သုံးရတာပေါ့ ” ဟု သူက ဆက်ပြောသည်။ 

ထိုသို့ စစ်ကောင်စီကို လက်တုံ့ပြန်တိုက်ခိုက်လိုသူများထဲတွင် လူငယ်၊ လူရွယ်များသာမကဘဲ ဦးတင်မျိုးဝင်းကဲ့သို့ သားဖြစ်သူကို ဆုံးရှုံးထားရသူ အသက်အရွယ်ကြီးရင့်သူများလည်း ပါဝင်နေသည်။ 

တစ်ဦးတည်းသောသားဖြစ်သူကို ဆုံးရှုံးခဲ့ရသူ ဦးတင်မျိုးဝင်းက သူ့သားကို ပစ်ခတ်သတ်ဖြတ်သွားသည့် စစ်ကောင်စီ၏ ရက်စက်မှုကို မေ့ပျောက်သွားမည်မဟုတ်ဘဲ တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ပြောသည်။ 

“ကျွန်တော့်ခံယူချက်ကတော့ ကျွန်တော့်သားလည်း သေထားပြီးသွားပြီ။ စစ်သားလာရင် ပစ်မှာပဲ။ သူသေသေ၊ ကိုယ်သေသေပေါ့ဗျာ” ဟု ဦးတင်မျိုးဝင်းက ပြောလိုက်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button