ဆောင်းပါး

အာဏာသိမ်းဗိုလ်ချုပ်များ၏ ပြည်သူ့စစ်မဟာဗျူဟာ ကျဆုံးခန်း

စစ်ကောင်စီတပ်သည် လက်နက်ပြည့်စုံပြီး အတွေ့အကြုံများသော ချင်းပြည်နယ်နှင့် ကယားပြည်နယ်တွင် အထိနာနေပြီး တချို့နေရာတွင် ရုပ်အလောင်းပင် ပြန်မကောက်နိုင်ခဲ့ကြောင်း တိုက်ပွဲများအပြီး လူမှုကွန်ရက်တွင် ပေါ်လာသည့် ဓာတ်ပုံတချို့တွင် တွေ့ရသည်။

ဒေသခံလူထု၏ ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့လာသော စစ်တပ်တွင် တိုက်ပွဲရှုံးရသည့် အကြောင်းရင်းများစွာ ရှိလာသည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသော ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

“ပြည်သူလူထုထောက်ခံမှု မရရှိမှု၊ နယ်မြေမကျွမ်းကျင်မှု၊ နောက်ပြီးတော့ သူတို့ကိုယ်တိုင် စစ်ပန်းနေပြီ။ စိတ်ဓာတ်အင်အားတွေကလည်း ကျဆင်းနေပြီ။ စစ်ဆင်ရေးတွေ သွားတဲ့အခါမှာ ဘယ်နေရာက ဘယ်လိုတိုက်ခိုက်မယ်ဆိုတာ မသိရတော့ သူတို့တွေက ကျီးလန့်စာစားနေရတဲ့ ဘဝတွေဖြစ်နေပြီ။ ဒါတွေက သူတို့ကို ရှုံးနှိမ့်စေတဲ့ အဓိကအချက်တွေ။ ဆိုလိုချင်တာကတော့ စစ်ကောင်စီဘက်က ပြည်သူ့စစ်မဟာဗျူဟာ လုံးဝကို ကျဆုံးသွားပြီ” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ခြေမြန်တပ်ရင်း ၅၂၈ တွင် တပ်ခွဲမှူးအဖြစ် ဧပြီလဆန်းပိုင်းအထိ တာဝန်ယူခဲ့သည့် ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

စစ်တပ်က ချမှတ်ထားသော “ပြည်သူ့စစ်မဟာဗျူဟာ”အရ နယ်မြေတစ်ခု၏ သတင်းကို အချိန်နှင့်တစ်ပြေးညီရရေးအတွက် ဒေသခံတို့၏ အခန်းကဏ္ဍ အရေးပါသလို စစ်ဆင်ရေးမျိုးစုံ အောင်နိုင်ရေးအတွက် ပြည်သူလူထု၏အားကို အသုံးချရမည်ဖြစ်သည်။

ယနေ့အချိန်တွင် ဒေသအသီးသီးမှ ပြည်သူအများစုက စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိရုံသာမက အနုနည်း၊ အကြမ်းနည်း နည်းမျိုးစုံဖြင့် အန်တုနေကြရာ စစ်ကောင်စီတပ်၏ “ပြည်သူ့စစ်မဟာဗျူဟာ” သည် အလုပ်မဖြစ်တော့ကြောင်း၊ အခြားတစ်ဖက်တွင် အာဏာသိမ်းမှုဆန့်ကျင်သူ ဘက်တော်သားတို့ကမူ ထိုဗျူဟာကို အချိန်တိုအတွင်း အသုံးချလာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

မြို့ပြစစ်မြေပြင် 

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို အကြမ်းဖက်ဖြိုခွဲသည့် စစ်ကောင်စီတပ်ကို လက်နက်ကိုင်အန်တုလာကြသဖြင့် တိုက်ပွဲများသည် မြို့ပြအထိ ရောက်လာသည်။ ရန်ကုန်တွင် ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းက စစ်ကားတစ်စီးဗုံးကွဲတိုက်ခိုက်ခံရပြီးနောက် ကင်းလှည့်သည့် စစ်ကားများသည် သံဆန်ခါဖြင့် အလုံပိတ်ကာ၍ မြို့တွင်းသွားလာရသည့် အခြေအနေဖြစ်လာသည်။ 

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ယူနီဖောင်းဝတ်ပြီး တစ်ဦးတည်းသွားဝံ့သည့် စစ်သားမရှိတော့ကြောင်း ပြောသည်။

“သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် ပြည်သူတွေကြားထဲမှာ အမုန်းတရားနဲ့ ခါးသီးမှုတွေ ဘယ်လောက်များပြားနေတယ်ဆိုတာ သူတို့ ရိပ်မိလို့ပါပဲ။ ပြည်သူတွေရဲ့ အမုန်းတရားနဲ့ နာကြည်းမှု တုံ့ပြန်လက်စားချေမှုတွေ အနည်းအကျဉ်းတွေ့လာရတဲ့အချိန်မှာ သူတို့က တစ်ဦးချင်းလှုပ်ရှားမှုတွေကို ပိုပြီးတော့ သိုသိုသိပ်သိပ်ဖြစ်အောင် လုပ်နေတယ်လို့ ကျွန်တော် ယူဆပါတယ်”ဟု ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေးသမားအဖြစ် တရုတ်မြန်မာနယ်စပ်တွင် ၁၅ နှစ်ခန့် ကျင်လည်ခဲ့ဖူးသည့် ဦးသန်းစိုးနိုင်က ပြောသည်။

စစ်ကောင်စီတပ်သားတို့ကို ပစ်မှတ်ထားစောင့်ကြည့်နေသော ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဦး(UGRF) ၏ တာဝန်ခံကလည်း အလားတူသုံးသပ်သည်။

“ဒါကြောင့် သူတို့အတွက်က တစ်ယောက်တည်း သွားရင် အန္တရာယ်များတယ်ဆိုတာ သိနေကြပြီ။ တစ်နေရာနဲ့ တစ်နေရာကို အဖွဲ့လိုက်ပဲ သွားရတယ်” ဟု ၎င်းက ပြောသည်။

UGRF သည် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်နေသည့် ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်လေ့ရှိသော ရန်ကုန်အခြေစိုက် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်လျှပ်စစ်မီတာရုံး၊ ယာဉ်ထိန်းရဲရုံး စသည့် စစ်ကောင်စီ၏ ဒေါက်တိုင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)အဖွဲ့များက နေ့စဉ် ဗုံးခွဲတိုက်ခိုက်နေသဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို အခက်တွေ့စေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်ပါဝင်သော ပြည်သူတစ်ထောင်ကျော်ကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် နှိပ်စက်သတ်ဖြတ်ခဲ့သလို ‌စစ်ကောင်စီဘက်က ရပ်တည်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများဒလန်များလုပ်ကြံသတ်ဖြတ်ခံရခြင်းကလည်း တောရောမြို့ပါမကျန် ပို၍ပင်ဆိုးလာသည်။

တပ်ထောက်ခံသူ တစ်ဦးချင်းစီတိုင်းကိုလည်း ကာကွယ်မပေးနိုင်ဟု ဇွန် ၁၂ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံထားပြီးဖြစ်သည်။

စစ်ကောင်စီကမူ ၎င်း၏ ဘက်တော်သားအချို့ လုပ်ကြံသတ်ဖြတ်ခံရပါက နီးစပ်ရာ ပြည်သူတချို့ကို ဖမ်းဆီးနှိပ်စက်ခြင်းသာ တတ်နိုင်ပြီး လုပ်ကြံခံရခြင်းများ ရပ်တန့်ရန် မစွမ်းဆောင်နိုင်တော့ပေ။ သေဆုံးသွားသူ၏ မိသားစုတချို့ကို  ကျပ် ၅ သိန်းနှုန်းထောက်ပံ့ကြောင်း အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သေးသည်။ 

လျော့နည်းလာသော အရေအတွက်နှင့် အရည်အသွေး 

ဒေသအသီးသီးတွင် ယခင်ကတည်းက လက်နက်ကိုင်ခွင့် ရရှိထားသူများထဲတွင် အင်အားအမျိုးမျိုးရှိသော ပြည်သူ့စစ်အဖွဲ့များလည်း ပါဝင်သည်။

စစ်တပ်က လက်နက်တပ်ဆင်ပေးထားသော ပြည်သူ့စစ်အဖွဲ့ဝင်ပေါင်း ရှစ်သောင်းကျော်ရှိကြောင်း အေးရှားဖောင်ဒေးရှင်းက ထုတ်ဝေပြီး ဝါရှင်တန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာန ပါရဂူဘွဲ့တန်းကျောင်းသား ဂျွန်ဗျူခန်နန် (John Buchannan)  သုတေသနပြုထားသည့် “မြန်မာနိုင်ငံမှ ပြည်သူ့စစ်အဖွဲ့အစည်းများ” သုတေသနစာတမ်းတွင် တွေ့ရသည်။

ပြည်သူ့စစ်မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် စစ်တပ်က ပြည်သူ့စစ်အဖွဲ့များကို ဖွဲ့စည်း၊ လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးထားသည်ဟု ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ၂၀၁၉ စက်တင်ဘာ ၁၁ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရှင်းပြခဲ့သည်။ 

ပြည်သူ့စစ်အဖွဲ့အများစုသည် နာမည်သက်သက်သာ ရှိသည်ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

“လိုအပ်တဲ့အခါမှ သတင်းပေးလောက်၊ ပစ္စည်းသယ်တာလောက် အဲ့ဒါလောက်ပဲ ဒီအဖွဲ့အစည်းတွေကို သုံးတာပါ။ အင်အားများအောင် လုပ်တဲ့သဘောပါ။ အရေအတွက်ပဲရှိပါတယ်။ အရည်အချင်းက တောက်လျှောက် ဘယ်တုန်းကမှ မရှိခဲ့ပါဘူး”ဟု ဦးသန်းစိုးနိုင်က ပြောသည်။ 

လတ်တလော လက်နက်ကိုင်အန်တုမှုတို့ကို ချေမှုန်းရာတွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်အဖွဲ့များကို အသုံးပြုမှု မတွေ့ရသေးပေ။

ပြည်သူ့စစ်အဖွဲ့ဝင်အရေအတွက်က လျှို့ဝှက်ချက်ဖြစ်နေသည်။ 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယူနီဖောင်းဖြင့် တွေ့ရသော ပြည်သူ့စစ်တစ်ဦး 

စစ်ကောင်စီတပ်တွင် စစ်သည်အင်အား ၄ သိန်းကျော် ရှိမည်ဟု ယခင်က ခန့်မှန်းခဲ့ကြသော်လည်း တပ်ရင်းများတွင် ဖွဲ့စည်းပုံအပြည့်မရှိတော့သဖြင့် ၂ သိန်းခန့်သာ ရှိနိုင်သည်ဟုလည်း တချို့က ယူဆကြသည်။ ထိုအထဲတွင် တိုက်ခိုက်ရေးစစ်သည်အရေအတွက်ကလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။

စက်တင်ဘာလအတွင်း ရန်ကုန် စမ်းချောင်းမြို့နယ်တွင် ဒုတပ်ရင်းမှူး ဗိုလ်မှူးသန်းကျော်ခိုင်အပါအဝင် စစ်သည်တချို့ ပစ်ခတ်တိုက်ခိုက်ခံရခြင်းကဲ့သို့သော ဖြစ်ရပ်မျိုးတွင် စစ်ကောင်စီဘက်တော်သားတို့က လုံခြုံရေး ပိုမိုဂရုစိုက်ကြရန် အွန်လိုင်းလူမှုကွန်ရက်တွင် သတိပေးနေကြသည်။ စစ်သည်တစ်ဦး သေဆုံးပါက အစားထိုးရန် ခက်ခဲလာသောခေတ်ဖြစ်နေသည်ဟုလည်း ရေးသားထားကြသည်။

လူငယ်များကို ပစ်မှတ်ထားခေါ်ယူသည့် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းများ လျှောက်လွှာပိတ်ရက်ကို နောက်ဆုတ်ကြောင်း စစ်တပ်က အကြီးအကျယ်ကြော်ငြာနေခြင်းမှာ တပ်ထဲသို့ ဝင်ရောက်အမှုထမ်းလိုသူ လျော့နည်းလာသည့်အခြေအနေကို ပြသနေသည်ဟု လေ့လာသူတို့က ဆိုသည်။ ဇွန် ၁၆ ကတည်းက လျှောက်လွှာ အကြိမ်ကြိမ်ရက်ထပ်တိုးခေါ်ယူနေရသည်။

တပ်ကို ကြည်ညိုသူလျော့နည်းလာခြင်း၊ ပြည်သူအယုံအကြည်မရှိသဖြင့် ပြည်သူ့စစ်မဟာဗျူဟာ ကျဆုံးနေခြင်းကြောင့် စစ်ခေါင်းဆောင်များသည် တပ်တွင်းတွင်လည်း တွန်းလှန်ပုန်ကန်မှုများနှင့် ကြုံရနိုင်သည်ဟု အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ် ဦးစီးအရာရှိ (ဒုတိယတန်း- စစ်ရေးစစ်ထောက်) အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးဟိန်းသော်ဦးက Myanmar Now ကို ပြောသည်။

“တပ်ထဲမှာရှိနေတဲ့သူတွေက နှစ်ပေါင်းများစွာ ဖိနှိပ်ခံလာရတာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့က ရတဲ့နည်းနဲ့ ပြန်ပြီး တွန်းလှန်လိမ့်မယ်” စစ်အာဏာရှင်ကို ပြန်တိုက်လိုသော လူငယ်အများအပြားကို စုစည်းပြီး Zero Army အဖွဲ့ထောင်ကာ နယ်စပ်ဒေသတွင် စစ်သင်တန်းပေးနေသူ ဗိုလ်မှူးဟိန်းသော်ဦးက သုံးသပ်သည်။

NUG ၏ ပြည်သူ့စစ်မဟာဗျူဟာ

ပြည်သူ့စစ်မဟာဗျူဟာကို မော်စီတုန်းနှင့် ယင်းနောက်ပိုင်း တရုတ်ခေါင်းဆောင်အဆက်ဆက်က ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲကာ ကျင့်သုံးနေကြသည်။ 

မြန်မာနိုင်ငံတွင်လည်း စစ်ခေါင်းဆောင်အဆက်ဆက်က ပြည်တွင်းပြည်ပရန်အတွက် ထိုနည်းအတိုင်း ကျင့်သုံးရန် မူ၀ါဒချထားခဲ့ကြသော်လည်း ပြည်သူကို ရန်သူကဲ့သို့ ဆက်ဆံလာခြင်းကြောင့် ထိုဗျူဟာကို ၎င်းတို့ ဆက်လက် အကောင်အထည်မဖော်နိုင်တော့ပေ။ 

စစ်ကောင်စီအတွက် ကျဆုံးခန်းရောက်လာသည့် ပြည်သူ့စစ်မဟာဗျူဟာသည် စစ်အာဏာရှင်ကို လက်နက်ကိုင်ပြန်တိုက်မည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အတွက် ပင်မကျောရိုး စစ်ဗျူဟာတစ်ရပ်ဖြစ်လာသည်။

NUG က စက်တင်ဘာ ၇ တွင် စစ်ကြေညာလိုက်ပြီး တောရောမြို့ပါမကျန် ဖြစ်ပေါ်လာမည့် စစ်အာဏာရှင်ကျဆုံးရေးတိုက်ပွဲအတွင်း ပြည်သူအားလုံးပါဝင်နိုင်ရန် ထိုသို့ ဗျူဟာရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။ 

“ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်တဲ့ ခုခံတွန်းလှန်စစ်ပေါ့ဗျာ။ တိုက်ပွဲပုံစံအမျိုးမျိုးမှာ ပြည်သူ့စစ်မဟာဗျူဟာဖြစ်တဲ့အတွက် အဓိကကျောရိုးပြုရတာကတော့ ပြောက်ကျားလှုပ်ရှားမှုတွေ ဖြစ်လိမ့်မယ်။ သို့သော် တိုက်ပွဲကြီးကြီးဖြစ်နိုင်တဲ့၊ ပေါ်ပေါက်နိုင်တဲ့ ဒေသတွေလည်း ရှိလိမ့်မယ်”ဟု ကာကွယ်ရေးဝန်ကြီးက Myanmar Now ကို ပြောသည်။

ကျန်းမာရေး၊ ပညာရေး၊ မီးရထား၊ ရဲ၊ စစ်တပ် စသည့် နယ်ပယ်စုံမှ ဌာနဆိုင်ရာဝန်ထမ်း CDM ဦးရေ ၄၃၀,၀၀၀ ကျော် ရှိလာကြောင်း NUG က ဩဂုတ် ၂၄ သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

နိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ နေလိုသည့် ဗိုလ်ချုပ်မှူးကြီး၏ပုံကို ရန်ကုန်မြို့အနှံ လမ်းမများပေါ်တွင် ကန့်ကွက်သူတို့က ကပ်ထားခဲ့ကြသည်

မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့သော စစ်ခေါင်းဆောင်များက တော်လှန်နေသူများသည် နိုင်ငံရေးအာဏာမရသောကြောင့် အကြမ်းဖက်နေခြင်းဖြစ်သည်ဟု အဆက်မပြတ်ဝါဒဖြန့်နေသည်။

အခြားတစ်ဖက်တွင်မူ စစ်အာဏာရှင်ကျဆုံးရေးအတွက် ရဟန်းသံဃာတချို့ပင် သင်္ကန်းချွတ်၍ လက်နက်ကိုင်လာကြသည်။

ထို့ကြောင့် စစ်အာဏာရှင်ကျဆုံးရေးသာ အဓိကကျသဖြင့် နည်းမျိုးစုံ၊ အဖွဲ့မျိုးစုံဖြင့် တော်လှန်နေသော တိုင်းနှင့်ပြည်နယ်အနှံ့ရှိ ပြောက်ကျားတပ်ဖွဲ့၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် ဩဂုတ်လလယ်ပိုင်းမှစ၍ တဖြည်းဖြည်း စုပေါင်းလာကြပြီး ပြည်သူ့ကာကွယ်ရေးတပ်များ အင်အားကြီးထွားလာသည်ကိုတွေ့ရသည်။

အင်အားကြီးမားလာရခြင်းမှာ စစ်ကောင်စီကြောင့်ပင်ဖြစ်သည်ဟု အမေရိကန်စစ်တပ်၏ အရာရှိဟောင်း ဒေါက်တာမီမီဝင်းဘတ်က သုံးသပ်သည်။

“ဘာဖြစ်လို့ပိုပြီးတော့ ကြီးမားလာသလဲဆိုရင် သူတို့(ပြည်သူ)တွေက အရမ်းနာကြည်းသွားတယ်။ အရမ်းနာကြည်းပြီးတော့ ခွင့်မလွတ်နိုင်လောက်အောင် အဲ့ဒီဟာက သူတို့ခွန်အားကို ပိုပြီးတော့ တက်စေတယ်။ လက်နက်မပါဘဲနဲ့ ဆန္ဒပြတဲ့ ပြည်သူတွေကို သတ်တာတွေဟာ သူတို့ ခွင့်မလွတ်နိုင်ဘူး။ နောက်တစ်ခုက ကိုဗစ်မှာလည်း မကာကွယ်ပေးဘူးလို့ သူတို့ ထင်တယ်။ အဲ့ဒီမှာလည်း သူတို့ ပိုပြီးတော့ကို နာကြည်းသွားတယ်။ နောက်ပြီးတော့ သူတို့ရဲ့ အနာဂတ်တွေ၊ သူတို့ရဲ အိပ်မက်တွေ သူတို့ရဲ့ ရည်ရွယ်ချက်တွေလည်း အားလုံးပျောက်သွားတယ်”ဟု  ကမ္ဘာ့အင်အားကြီး အမေရိကန်စစ်တပ်တွင် ဒုဗိုလ်မှူးကြီးအဆင့်အထိ ၂၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာစစ်တပ်အရာရှိအချို့ကိုပင် စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေး ကောင်းမွန်စေရေးအတွက် သင်တန်းပို့ချခဲ့ဖူးသူ ဒေါက်တာမီမီဝင်းဘတ်က ပြောသည်။

လက်နက်ကိုင်စစ်တပ်နှင့် ပြည်သူကြား ထိပ်တိုက်တွေ့ဆုံသည့်ပွဲမျိုးတွင် ပြည်သူ့အင်အားကသာ ပိုအရေးသာလေ့ရှိကြောင်း ဒေါ်မီမီဝင်းဘတ်က သုံးသပ်သည်။

စစ်အာဏာရှင်အမြစ်ပြတ်ရေးတစ်ခုကိုသာ ဦးတည်သည့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုအတွင်း နိုင်ငံအနှံ့အပြား အလွှာအသီးသီးမှ တိုင်းရင်းသားပေါင်းစုံပါဝင်သော ပြည်သူလူထုသည် စစ်ရေးလေ့ကျင့်ထားကြပြီး ၇ လအတွင်း ကြီးမားသော တပ်ပေါင်းစုကြီးတစ်ခုအဖြစ်သို့ပင် ရောက်ရှိလာသည်။

ထို့ကြောင့် ဒေသခံပြည်သူလုထု၏ ပူးပေါင်းဆောင်ရွက်မှုသည် တော်လှန်ရေးအင်အားစုများဘက်သို့ ပိုမိုရောက်ရှိလာသည်ဟု စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၅၄ ကျောင်းဆင်း၊ အသက် ၂၉ နှစ်အရွယ် ဗိုလ်ကြီးလင်းထက်အောင်က သုံးသပ်သည်။

“နေရာတိုင်းက စစ်ကောင်စီရဲ့ ရန်သူတွေဖြစ်နေပြီဗျ။ ငါ့ကို ဘယ်အချိန် ဘယ်ကောင်က လာသတ်သွားမလဲဆိုတာ ဖြစ်နေတော့ မြို့ပြတွေမှာတောင်မှ တပ်ပြင်ထွက်ပြီဆိုတာနဲ့ သေနတ်ကိုင်ပြီး သွားလာနေတာတောင်မှ ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့ မသွားရဲတော့ဘူး” ဟု ရုန်းထွက်လိုသည့် စစ်သားများ ကို NUG နှင့် ချိတ်ဆက်ပေးနေသော ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို စွန့်ခွာလာသည့် CDM စစ်သား ၁,၅၀၀ ထက်မနည်း ရှိနေသည့်အပြင် ပြည်သူ့တော်လှန်ရေးလုပ်ငန်းစဉ်များကို ကူညီပေးနေသည့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားများလည်း ရှိနေသည်။

“ဒေသခံ ပြည်သူလူထုရဲ့ ထောက်ခံမှုကလည်း ဒီတော်လှန်ရေးတပ်ဖွဲ့တွေ အပေါ်မှာ အပြည့်အဝရှိတယ်။ နောက်ပြီးတော့ လူထုတစ်ရပ်လုံးရော သက်ဆိုင်ရာ အဖွဲ့အစည်းတွေကရော ဝိုင်းပြီးတော့ လိုအပ်တဲ့ အကူအညီတွေရော ပေးနေကြတဲ့အတွက် သူတိုအနေနဲ့ နောက်ပိုင်း ပိုပြီးတော့ ဆုံးရှုံးမဲ့အနေအထားရှိတယ်”ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောလိုက်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button