သတင်း

ကနီဒေသတွင် စစ်တပ်က အင်အားအလုံးအရင်း ဖြည့်တင်းနေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ဖြည့်တင်းပြီး တပ်ဖြန့်နေသည်ဟု ကနီဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များက ပြောသည်။

ကနီမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများနှင့် မုံရွာမြို့၊ ယင်းမာပင်မြို့များတွင်ပါ စက်တင်ဘာ ၁၆ တည်းက စစ်တပ်က အင်အားဖြည့်တင်းနေခြင်း ဖြစ်သည်။  

မိုးကောင်းကျေးရွာတွင် စစ်သားအင်အား ၂၀၀ ခန့် ရှိပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်သား ၂၀၀ ခန့်ကလည်း မုံရွာမြို့ပေါ်တွင် နေရာယူထားသည်ဟု စစ်ကိုင်းတိုင်းအခြေစိုက် မြန်မာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDF) တိုက်ခိုက်ရေးခေါင်းဆောင် ကိုဂျိမ်းက ပြောသည်။ 

“ဘယ်လိုဖြစ်နေလဲဆိုတော့ မင်းကင်းနဲ့ မိုးကောင်းဘက်ကို ရောက်နေတဲ့အဖွဲ့ရဲ့ ကြားထဲမှာ ကနီက ဖြစ်နေတာ။ အဲဒီ နှစ်ဖွဲ့ကြားထဲမှာ ကနီက ရောက်နေတာ။ ဟိုဘက်ခြမ်းကလည်း ထိုးစစ်ဆင်လာမယ်။ ကျွန်တော်တို့ မိုးကောင်းကို ရောက်နေတဲ့အဖွဲ့ကလည်း ထိုးစစ်ဆင်လာမယ်ဆိုရင် နှစ်ဖက်လုံးက ကျဉ်းပိတ်ကျပ်ပိတ်ဖြစ်သွားမယ်။ အဲဒီအထဲမှာ ရေကြောင်းစစ်ကူပါ လာမယ်ဆိုရင်တော့ အကုန်လုံး တော်တော်လေးကို အထိအခိုက်၊ အကျအဆုံးများနိုင်မယ်ဗျ”ဟု သူက ဆိုသည်။

စက်တင်ဘာ ၁၆ တွင် အဝေးပြေးခရီးသည်တင်ယာဉ် ၆ စင်းဖြင့် မုံရွာမြို့သို့ ရောက်ရှိလာပြီး ဘောလုံးကွင်းတွင် စခန်းချနေသည့် စစ်သား ၂၀၀ ကျော်သည် ယနေ့ ( စက်တင်ဘာ ၁၇) မနက်တွင် ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ ယင်းမာပင်မြို့ဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

ချင်းပြည်နယ်အစပ် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ တက်လာသည့် စစ်သား ၂၀၀ နီးပါးသည် မင်းကင်းမြို့နယ်၊ ပန်းဆက်ရွာတွင် ရောက်ရှိနေပြီး အထက်ပိုင်း ဟုမ္မလင်းမြို့မှ ချင်းတွင်းမြစ်အတိုင်း စုန်လာသည့် စစ်ရေယာဉ်များပါ ထိုရွာအနား ကျောက်ချထားသည်ဟု  ၎င်းက ဆက်ပြောသည်။ 

“ဒီဘက်တွေက ကလေးတို့၊ မင်းတပ်တို့ ပြီးသွားရင် တိုက်ပွဲအဖြစ်ဆုံး နေရာဒေသဖြစ်နေတယ်။ သူတို့ (စစ်တပ်) အနေနဲ့က ဒီဘက်မှာ စစ်ကြောင်းတွေ ခဏခဏထိုးနေတယ်။ ၁၀ ရက်တစ်ခါ၊ ၁၅ ရက်တစ်ခါ စစ်ကြောင်းထိုးတယ်။ ထိုးတဲ့အခါမှာလည်း ဒီဘက်မှာ အင်အားဘယ်လောက်ရှိတယ်၊ လက်နက်၊ လူသူအင်အား ဘယ်လောက်ရှိတယ် ဆိုတာကို သူတို့က အရင်ကတည်းက သတင်းစုံစမ်းပြီးသွားပြီ” ဟု ၎င်းက ဆိုသည်။

“လောလောဆယ်မှာ NUG ဘက်ကရော၊ EAO (တိုင်းရင်းသားလက်နက်ကိုင်) တွေဘက်ကရော ဒီနေရာက စစ်ရေးအစ နယ်မြေလို့ အသိအမှတ်ပြုပေးထားတာဖြစ်တဲ့အတွက် ဒီနေရာကို သူတို့က ခြေကုပ်ယူလိုက်မယ်ဆိုရင်၊ ဒီနေရာကို နယ်မြေစိုးမိုးထားလိုက်မယ်ဆိုရင်၊ ဒီဘက်က PDF အဖွဲ့တွေ မထနိုင်တဲ့အခါမှာ သူတို့အတွက် နယ်မြေရှင်းလင်းဖို့အတွက် တစ်ခုသက်သာသွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အဓိက နယ်မြေရှင်းလင်းမယ်၊ နယ်မြေစိုးမိုးမှုလုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ လှုပ်ရှားနေတယ်လို့ ထင်ပါတယ်” 

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF 1 ခေါင်းဆောင် ကိုဂျီကလည်း စစ်တပ်သည် PDF အဖွဲ့များ အားကောင်းသည့် ဒီပဲယင်း၊ ဘုတလင်၊ တန့်ဆည်ဒေသများနှင့် နယ်မြေဆက်စပ်နေသည့် ကနီအရှေ့ဘက်ခြမ်း၊ ကနီတောင်ပိုင်းဒေသရှိ ကျော်ရွာ၊ ကျွဲတပ်၊ ဇီးဖြူကုန်း၊ ကံကြီးရွာများအနီး တပ်စွဲထားကြောင်း၊ ကနီတောင်ပိုင်းမှ ရွေ့လျားလာနေကြောင်း ပြောသည်။ 

“သူတို့က မြောက်ပိုင်းကို တဖြည်းဖြည်းချင်းလာမှာ။ မြောက်ပိုင်းမှာလည်း မင်းကင်းနယ်စပ်မှာလည်း အင်အား ၁၀၀ လောက်ရှိတယ် ”ဟု ၎င်းက ပြောသည်။

ကနီမြို့နယ်သည် ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ခြမ်း နှစ်နေရာလုံးတွင်တည်ရှိပြီး ကနီအရှေ့ခြမ်းတွင် ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF-1) က လှုပ်ရှားနေပြီး မြန်မာ့ကာကွယ်ရေးတပ်ဖွဲ့ (MDF) က စစ်ရေးအကူအညီပေးနေခြင်းဖြစ်သည်။ 

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကနီမြို့နယ်တွင် ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF-2) က လှုပ်ရှားနေသည်။ 

ထိုးစစ်ဆင်လာမည့် စစ်တပ်က တွေ့သမျှ ရွာများကို အကြမ်းဖက်ပစ်ခတ်မည်ဖြစ်သောကြောင့် ဒေသခံများကို ဘေးလွတ်ရာ သွားရောက်ရေးအတွက် တိုက်တွန်းထားသည်ဟု MDF တိုက်ခိုက်ရေးခေါင်းဆောင် ကိုဂျိမ်းက ယူဆသည်။

“နီးစပ်ရာအဖွဲ့တွေနဲ့ ဆက်သွယ်ပြီးတော့ ကြိုတင်ပြီးတော့ စစ်ဘေးရှောင်ကြဖို့အတွက် ပြင်ဆင်နေကြတာ ရှိတယ်။ သူတို့အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာပိုင်းတွေလည်း အခုချိန်မှာ စုဆောင်းပြီးတော့ လှောင်သင့်သလောက် လှောင်ပြီးတော့ ပို့ဖို့တော့ စီစဉ်နေကြတယ်” ဟု ၎င်းက ပြောသည်။ 

ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်နေ့) တွင် KPDF-1 အဖွဲ့က ကနီဒေသခံများ ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် သတိပေးစာထုတ်ပြန်ခဲ့သည်။ 

စက်တင်ဘာ ၁၁ ညတွင် ကနီမြို့နယ်၊ အင်းပေါင်းဒေသ၊ ဝင်းမနားကျေးရွာအုပ်စုရှိ ဝင်းမနားရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရန် ကနီဒေသခံ PDF အဖွဲ့ဝင်များက ကြိုးစားခဲ့ကြပြီး မိုးသည်းထန်စွာ ရွာလာသောကြောင့် တူမီးသေနတ်များ ပစ်ခတ်၍ မရသဖြင့် ဆုတ်ခွာခဲ့ရသည်။ နောက်တစ်နေ့ (စက်တင်ဘာ ၁၂) မှစ၍ စစ်တပ်က လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းဖြင့် ကနီဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ဒေသခံ PDF များ အားကောင်းသည့် ဒီပဲယင်း၊ ဘုတလင်၊ ယင်းမာပင်မြို့နယ်များဖြင့် ဆက်စပ်နေရာဖြစ်သော ကနီမြို့နယ်သည် စစ်တပ်၏ ဝင်ရောက်စီးနင်းခြင်းကို အများဆုံးခံရသည့် နယ်မြေတစ်ခုဖြစ်သည်။

ကနီမြို့နယ်၊ တောင်ပေါက်ရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် စစ်သားများက ဒေသခံများကို ဖမ်းဆီးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၁၂ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသည်ကို ဇူလိုင် ၃၀ တွင် ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ကြသည်။ 

ကနီမြို့နယ်အတွင်း ကလေးငယ်များအပါအဝင် အရပ်သားများကို စစ်ကောင်စီလက်နက်ကိုင်များက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ၃ ကြိမ်တိုင်အောင် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်း ၄၀ အထိ ဒေသခံများက ရှာဖွေတွေ့ရှိမှတ်တမ်းတင်ထားနိုင်ခဲ့သည်။ 

ကနီဒေသတွင် ဖြစ်ပွားခဲ့သည့် အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး  မြန်မာပြည်ဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီဂူတာရက်စ်ထံ ဩဂုတ် ၃ တွင် စာရေးသားတိုင်ကြားခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button