သတင်း

ထန်တလန်မြို့နယ်တွင် စစ်ရှောင်သူ ၅၀၀၀ ကျော်လာ

ချင်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထန်တလန်မြို့နယ်နှင့် အိန္ဒိယနယ်စပ်အနီး တိမ်းရှောင်လာသည့် ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည်အရေအတွက်မှာ တစ်ပတ်အတွင်း ၅၀၀၀ ကျော်အထိ ရှိလာသည်ဟု ကူညီရေးအဖွဲ့တစ်ခုထံမှ သိရသည်။

စက်တင်ဘာဒုတိယပတ်မှစ၍ တိမ်းရှောင်လာကြခြင်းဖြစ်ပြီး အများစုမှာ ထန်တလန်မြို့ပေါ်မှဖြစ်ကြောင်း၊ နေထိုင်စားသောက်ရေးအကူအညီများလိုအပ်နေကြောင်း Thantlang Placement Affairs Committee-IDPs help (TPAC) အဖွဲ့က ဆိုသည်။  

လတ်တလောတွင် စစ်ဘေးရှောင်များကို နယ်စပ်တစ်လျှောက်ရှိနေသည့် ရွာပေါင်း ၃၅ ရွာတွင် နေရာချပေးထားကြောင်း၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်လည်း အဆက်အသွယ်မရသေးကြောင်း အဖွဲ့တာဝန်ခံတစ်ဦးဖြစ်သည့် ဆလိုင်းလျှန်က ပြောသည်။

“ကျွန်တော်တို့က အခုချိန်မှာ အကူအညီ တော်တော်မဲ့နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အဲဒီလိုမျိုး ကြုံရတာလည်း မကြာသေးဘူးဆိုတော့ အကူအညီက မရသေးဘူး။ စားနပ်ရိက္ခာပိုင်းမှာဖြစ်ဖြစ်၊ ကျန်းမာရေးပိုင်းမှာဖြစ်ဖြစ် တဲတွေဆောက်တဲ့အပိုင်းမှာလည်း အကူအညီလိုအပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၉ တွင် ထန်တလန်မြို့အတွင်း စစ်တပ်ကို ချင်းဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF (ထန်တလန်) အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့သည်။ စစ်တပ်က မြို့တွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ ၄ ဦး ဒဏ်ရာရပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားသည်။

ထိုရက်မှစ၍ မြို့ပေါ်မှ ဒေသခံများ စတင်တိမ်းရှောင်ကြသည်။ စက်တင်ဘာ ၁၃ တွင် တိမ်းရှောင်သူ ၃၀၀ ခန့် ရှိသည်။

ယနေ့ စက်တင်ဘာ ၁၇ အထိ ဗိုင်လာမ်တောင်ကြော (Vailam) ပေါ်ရှိ ရွာ ၉ ရွာတွင် စစ်ရှောင် ၁၆၀၁ ဦး၊ ဘွာလ် (Bual) တောင်ကြောပေါ်ရှိ ရွာ ၈ ရွာတွင် ၇၁၄ ဦး၊ ခွာဟရိန်း (Khuahring) တောင်ကြောပေါ်ရှိ ရွာ ၆ ရွာတွင် ၅၅၅ ဦး၊ ဇနတ်( Zahnak) တောင်ကြောပေါ်ရှိ ရွာ ၁၂ ရွာတွင် ၂၃၁၄ ဦးနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ၄၃ ဦး ရှိသည်ဟု သိရသည်။

စစ်ရှောင်အများစုမှာ ကျေးရွာအသီးသီးရှိ စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် နေထိုင်နေရ သည်။ အိန္ဒိယနယ်စပ်အနီး ဘွိုင်လန်တောင်ကြောပေါ်ရှိ စစ်ရှောင်စခန်းနှစ်ခုတွင် ရွက်ဖျင်တဲများထိုးကာ ခိုလှုံနေသူများလည်း ရှိသည်။ 

အဆိုပါ စစ်ရှောင်များထဲတွင် စက်တင်ဘာ ၈ တွင် ပြောင်းရွှေ့လာသည့် လုံလဲရ်ကျေးရွာမှ စစ်ရှောင်များလည်း ပါဝင်နေပြီး စစ်ရေးတင်းမာနေသည့် အခြေအနေများကြောင့် လုံလဲရ်ကျေးရွာအပြင် အနီးအနားမှ ရွာတချို့လည်း တိမ်းရှောင်နေရသည်ဟု သိရသည်။ 

လုံလဲရ်ကျေးရွာအနီးရှိ စစ်တပ်စခန်းကို စက်တင်ဘာ ၁၁ နှင့် ၁၂ တို့တွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ဒေသခံ ချင်းဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် CDF (ထန်တလန်)အဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့သည်။ 

ထို့ကြောင့် လုံလဲရ်ဒေသခံများမှာ စက်တင်ဘာ ၈ ကတည်းက ရွာကို စွန့်ခွာခဲ့ကြခြင်းဖြစ်ပြီး ထိုအထဲမှ  ၁၄၀ ခန့်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေကြသည်။

တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်တပ် ဂျက်တိုက်လေယာဉ်များက မကြာခဏ ကင်းထောက်ပျံသန်းလျက်ရှိပြီး CDF (ထန်တလန်) အဖွဲ့၏ သတင်းများအရ ထန်တလန်မြို့ပေါ်တွင် စစ်အင်အား ၂၀၀ ခန့် တပ်စွဲထားသည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်ရာတွင် ချင်းလက်နက်ကိုင်အဖွဲ့များက ရှေ့ရောက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံစစ်စတင်ကြောင်း ကြေညာပြီးနောက်တွင်လည်း တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။

မြို့ပေါ်ဧရိယာများကို ထိန်းချုပ်ထားသည့် စစ်တပ်ကို နေရာအနှံ့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်လျက်ရှိပြီး ရဲစခန်းနှင့် စစ်စခန်းများကိုလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button