သတင်း

ချောင်းဦးတွင် ရဟတ်ယာဉ်ဖြင့်ပါ အတိုက်ခံရသဖြင့် PDF ၅ ဦးသေဆုံး 

စစ်ကောင်စီက ရဟတ်ယာဉ်ပါ အသုံးပြုခဲ့သည့် စစ်ကိုင်းတိုင်း ချောင်းဦးမြို့ အနောက်ဘက် ၂ မိုင်ခန့် အကွာရှိ မယ်သဲကြိုးရွာတွင် ယမန်နေ့ (စက်တင်ဘာ ၁၆)က တိုက်ပွဲအတွင်း အဖွဲ့ဝင် ၅ ဦးသေဆုံးကာ တစ်ဦးဖမ်းဆီးခံရသည်ဟု ချောင်းဦးမြို့နယ် PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။

“မနေ့က ရွာတွေမှာ ဝင်ပြီးသောင်းကျန်းနေလို့ အပြန်မှာ ရွာခံကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတာ။ လေယာဉ်(ရဟတ်ယာဉ်)နဲ့ပါ လာပစ်သွားတယ်။ ဟက်စကီးနဲ့ပစ်တာ တစ်ယောက်ကျသွားတယ်။ …. စနိုက်ပါ ပါပုံရတယ်”ဟု ၎င်းက ပြောသည်။

ချောင်းဦးမြို့အနောက်ဘက် ၅ မိုင်ကျော်အကွာရှိ ကုလားကြီးကျေးရွာအနီးရှိ စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ ဆက်သွယ်ရေးတာဝါတိုင် စက်တင်ဘာ ၁၅၊ ည ၉ နာရီဝန်းကျင်က ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီ၏ တပ်ဖွဲ့များက ထိုဒေသအတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့က ပြောက်ကျားနည်းဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့စဉ် လူဦးရေ ၃၀၀ ဝန်းကျင်နေထိုင်သည့် မယ်သဲကြိုးရွာအနီး တစ်နာရီကျော်ကြာ တိုက်ပွဲတွင် မိုင်းထိပြီးနောက် စစ်တပ်က အပြင်းအထန်နှိပ်ကွပ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေ ဒေသခံအချို့က ပြောသည်။

“အလောင်းတွေကို ခုတ်ထစ်ပြီး ထားခဲ့တယ်တဲ့။ ပုံထဲမှာတော့ အကောင်းတိုင်းပဲ။ ဒီနေ့(စက်တင်ဘာ ၁၇) မနက်တင်ပဲ ကလေးတွေ မိဘတွေက လိုက်ကောက်ပြီး သင်္ဂြိုဟ်လိုက်ပြီ။ အကုန်လုံးကို ခုတ်ထစ်ထားတာ။ အကောင်းတိုင်းပုံတွေ မြင်ချင်လို့ဆိုပြီး လိုင်းပေါ်ပြန့်တဲ့ပုံတွေ ပြန်ရှာနေရတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာခံတစ်ဦးက ပြောသည်။

စစ်သားများထံမှ ပေါက်ကြားလာသည့် မယ်သဲကြိုးရွာဖြစ်စဉ်ဟု ယုံကြည်ရသည့် ၁၀ စက္ကန့်ကြာ ရုပ်သံတစ်ခု Facebook တွင် ပြန့်နေပြီး ရွှံများပေလူးနေသည့် ရုပ်အလောင်းများနံဘေးတွင် လူငယ်တစ်ဦးကို​ သေနတ်များ (လက်လုပ်သေနတ်ဟု ယူဆရ) ထမ်းကာ ဒူးထောက်ထိုင်ခိုင်း၍ “ချောင်းဦး PDFပါ ဗျ” ဟု အော်ခိုင်းထားသည်ကို တွေ့ရသည်။

စစ်တပ်က ရက်စက်စွာသတ်သွား၍ သေဆုံးခဲ့ရသည်ဆိုသော လူငယ်ငါးဦးနှင့် ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေး၍ ထိခိုက်ဒဏ်ရာရမှုနှင့် နောက်ဆက်တွဲကိစ္စ အသေးစိတ်ကို မသိရသေးပေ။

ထို့အတူ လွန်ခဲ့သည့် နှစ်ရက်က ချောင်းဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၈ ဦးသေဆုံးသည်ဟု ဒေသခံအချို့က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်း လက်ခံဖြေကြားခြင်းမရှိပေ။

ထိုတိုက်ပွဲများအတွင်း တောင်သူလယ်သမားတို့၏ မော်တော်ဆိုင်ကယ်များကိုပါ စစ်တပ်က အတင်းအဓမ္မယူဆောင်သွားခဲ့သည်ဟု ချောင်းဦးမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့က ယနေ့(စက်တင်ဘာ ၁၇) နံနက်တွင် သတင်းထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ခေတ် နောက်ပိုင်းကတည်းက လက်နက်ကိုင်တော်လှန်ရေးနှင့် အဆက်ပြတ်နေသည့် ဗမာအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းကို ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုက လှုပ်နှိုးလိုက်သည်။

ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် အကြမ်းဖက်ဖြိုခွင်းသည့် စစ်ကောင်စီကို ရရလက်နက်ဖြင့် ဧပြီလအတွင်းကပင် ပထမဆုံး ခုခံတော်လှန်သည့် ကလေးမြို့မှာ စစ်ကိုင်းတိုင်းမှဖြစ်သည်။

စစ်ကောင်စီကလည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်၊ ရွာလုံးကျွတ်မီးရှို့ စသည့် အကြမ်းနည်းများသုံး၍ စစ်ကိုင်းတိုင်းအတွင်း အပြင်းအထန်ဖိနှိပ်နေသည်။

 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button