ဆောင်းပါး

မီးရှို့ခံရသော ရွာနှစ်ရွာသို့ ပြန်လိုသည့် ကျောက်တော်ဒေသခံ ၄,၀၀၀

နေအိမ်များ မီးရှို့ခံခဲ့ရသော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာ ၂ ရွာ မှ ဒေသခံ ၄၀၀၀ ကျော်သည် ပြည်နယ်စစ်ကောင်စီ၏ မရေရာသည့် စီစဉ်မှုများကို မျှော်လင့်မနေဘဲ လာမည့်လတွင် နေရပ်ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။ 

၂၀၂၀  မတ်လအတွင်း တင်းမသစ်နှင့် တင်းမကြီး ရွာနှစ်ရွာနီး စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ရက်ဆက်ဖြစ်ပေါ်ခဲ့သည်။

မတ် ၁၃ တွင် ကျောက်တော်မြို့မှ ၁၆ မိုင်ကွာဝေးသည့် တင်းမသစ်ကျေးရွာတွင်းသို့ စစ်တပ် စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး ရွာသား ၈ ဦးကို မျက်နှာဖုံးစွပ်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မတ်လ ၁၆ တွင် ကပ်လျက်ရွာဖြစ်သည့် တင်းမကြီးကျေးရွာမှ ရွာသား ၅၀ ဦးကို စစ်ကြောင်းက ယာယီဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ၄၀ ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၁၀ ဦးကို ဆက်ဖမ်းထားခဲ့သည်မှာ ယနေ့အထိ သတင်းအစအန မရသေးပေ။

ယင်းနောက် ၎င်းရွာ ၂ ရွာမှ ဒေသခံအများအပြားက ကြောက်လန့်၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရွာတွင် လူတစ်ဦးတစ်ယောက်မျှ မကျန်သည့်အချိန် မတ် ၂၂ တွင် နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရသည်။ 

စစ်တပ်ဘက်ကမူ ထိုရွာနှစ်ရွာမှ နေအိမ်များ မီးလောင်ဆုံးရှုံးမှု မရှိဘဲ ပုံမှန်အတိုင်းသာရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ 

ရခိုင်ပြည်နယ် ဘေးစီမံဦးစီးဌာနကမူ မီးလောင်သွားသည့် တင်းမကျေးရွာ ၂ ရွာရှိ  နေအိမ် ၅၀၀ ကျော် ပြန်လည်တည်ဆောက်ရေးအတွက် ငွေကျပ်သိန်း ၉၀၀ ကျော် ယမန်နှစ် ဧပြီလက ထောက်ပံ့ကူညီရန် စီစဉ်ခဲ့သည်။ 

သို့သော် လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ရေးကိစ္စမှာ မိုင်းရှင်းလင်းရေးနှင့် နေအိမ်ပြန်ဆောက်ရေးများကြားတွင် မရေမရာဖြစ်နေဆဲပင်။

“ရပ်ရွာကို စွန့်ခွာလာတာ အခုဆိုရင် တစ်နှစ်ကျော်လာခဲ့ပြီ။ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရတာကလည်း လုံးဝမဆင်မပြေတော့ဘူး။ ဒါကြောင့် နေရပ်ပြန်ပြီး နေချင်ကြပြီ။ ဒါပေမဲ့ နေရပ်ပြန်ဖို့အတွက် မိုင်းရှင်းလင်းရေးတွေ၊ ပြိုပျက်သွားတဲ့ နေအိမ် ၁၀၀ ကျော်ကို ပြန်ဆောက်ရေးတွေကို ဘာမှမလုပ်သေးတော့ နေရပ်ပြန်လို့မရသေးဘူး”ဟု တင်းမဆရာတော်က မိန့်သည်။

၂၀၂၁ ၊ ဇွန်လအတွင်း ရွာသားများက တင်းမရွာ ၂ ရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ မီးလောင်မှုကြောင့် အိမ်ခြေ ၅၈၅ လုံးအနက် ၁၃၂ လုံး မီးရှို့ခံရပြီး နေအိမ် ၉၃ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည်ဟု တင်းမရွာသားများက ပြောသည်။

အလားတူ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုး၊ သိမ်၊ ဓမ္မာရုံ များလည်း ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမရှိတော့သဖြင့် ကျေးရွာသားတချို့သည် ရွာတွင်ရှိနေသည့် စားနပ်ရိက္ခာတချို့ကို ယခင်လက သွားပြန်ယူရန် ကြိုးစားသော်လည်း ရွာအနီးရှိ တောင်ရှည်တောင်၌ တပ်စွဲထားသည့် စစ်တပ်က ဟန့်တားခဲ့သည်ဟု သိရသည်။

ထိုဟန့်တားမှုနှင့် ပတ်သက်ပြီး အကြောင်းရင်း သိရှိရရန် စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

တင်းမကျေးရွာသည် ကျောက်တော်မြို့မှ ၁၆ မိုင်ခန့်ဝေးကွာပြီး စက်လှေဖြင့် သွားလျှင် ၂ နာရီ ကျော်ခန့် သွားရသည်။ တင်းမကြီးကျေးရွာတွင် အိမ်ခြေ ၅၈၅ လုံး ရှိပြီး တင်းမသစ်ကျေးရွာတွင် အိမ်ခြေ ၇၅ လုံး ရှိသည်။ ကျေးရွာနှစ်ရွာပေါင်းအိမ်ခြေ ၆၀၀ ကျော် ရှိပြီး ကုလားတန်မြစ်အထက်ပိုင်းတွင် စည်ကားသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်ခဲ့သည်။

နေရပ်ပြန်ရန် ဆုံးဖြတ်

တင်းမရွာသားများသည် နေရပ်သို့ ပြန်နိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် ပြီးခဲ့သည့် ဧပြီ ၂၆ နှင့် မေ ၁ဝ တို့တွင် ပြည်နယ်စစ်ကောင်စီထံ တင်ပြတောင်းဆိုခဲ့ကြသည်။

ထို့နောက် ဇွန် ၂၄ တွင် ကျောက်တော်မြို့နယ် ထွေအုပ်၊ ရဲ၊ လဝက၊ စစ်တပ်မှ တာဝန်ရှိသူများနှင့် တင်းမကျေးရွာသားများ တွေ့ဆုံကာ နေရပ်ပြန်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။ ကျေးရွာအတွင်း မိုင်းရှင်းလင်းပေးရေး၊ နေအိမ်များကို ပြန်လည်တည်ဆောက်ပေးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ပေးရေးတို့ကို ဆောင်ရွက်ပေးမည်ဟု ပြည်နယ်စစ်ကောင်စီဘက်က ပြောဆိုခဲ့သည်။

ထို့ကြောင့် လာမည့် အောက်တိုဘာအတွင်း နေရပ်ပြန်မည်ဟု ပြည်နယ်စစ်ကောင်စီနှင့် တင်းမကျေးရွာ ဒေသခံများအကြားတွင် သဘောတူညီထားခဲ့သည်။ 

သို့ရာတွင် ပြည်နယ်စစ်ကောင်စီဘက်မှ မည်သည့်ဆောင်ရွက်ချက်မှ မရှိသေးကြောင်း ကျေးရွာသားများက ပြောသည်။ 

“အောက်တိုဘာမှာ နေရပ်ပြန်ကြမယ်၊ မိုင်းရှင်းပေးမယ်၊ အိမ်ဆောက်ပေးမယ် ဆိုပေမဲ့ အခုထိ ဘာမှမလုပ်သေးဘူး။ ကိုဗစ်ကို အကြောင်းပြတယ်။ ဘဏ်က ငွေထုတ်မရတာကို အကြောင်းပြနေတယ်။ အမှန်က (ပြည်နယ်စစ်ကောင်စီက) လုပ်ရင် ရတာပဲ”ဟု တင်းမကျေးရွာသား  ဦးမောင်ထွန်းညွန့်က ပြောသည်။ 

လက်ရှိတွင် နီးစပ်ရာ ကျောက်တော်မြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် အခက်အခဲများစွာဖြင့် နေထိုင်နေရသည့် တင်းမကျေးရွာသားများသည် စစ်ကောင်စီဘက်မှ ဘာမှလုပ်ဆောင်မပေးလျှင်လည်း လာမည့် အောက်တိုဘာတွင် နေရပ်ပြန်ရန် ဆုံးဖြတ်ထားကြသည်။

သို့အတွက် ဒေသခံများက တင်းမကျေးရွာပြန်လည်ထူထောင်ရေးကော်မတီတစ်ရပ်ကို ၎င်းတို့အနေဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်ဟု သိရသည်။

ရွာသူရွာသားများ၏ ဆန္ဒအရ ဒုက္ခသည်စခန်းမှ အလှည့်ကျစနစ်ဖြင့် ထုတ်နုတ်၍ အောက်တိုဘာ ၂၂ မှစ၍ စက်လှေဖြင့် တင်းမသစ်နှင့် တင်းမကြီးရွာ ပြန်ကြမည်ဖြစ်ပြီး တင်းမကြီးကျေးရွာဘုန်းကြီးကျောင်းတွင် စုပေါင်းအခြေချနေထိုင်ကာ ချုံနွယ်ပေါင်းပင်များကို တစ်ရွာလုံး ရှင်းလင်းမည်ဟု ဆုံးဖြတ်ထားကြသည်။ 

၎င်းတို့အနေဖြင့် နေရပ်ပြန်မည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ထံ ပြီးခဲ့သည့် စက်တင်ဘာ ၂ တွင် ကော်မတီက စာပေးပို့ခဲ့သည်။

“အောက်တိုဘာ ၂၂ ရက်မှာ  ရွာပြန်ဖို့ ဆုံးဖြတ်ကြတယ်။ ရွာရောက်ရင် ဘုန်းကြီးကျောင်းမှာ အခြေချမယ်။ ပြီးရင် တစ်ရွာလုံးမှာ ချုံတွေကို ရှင်းလင်းတော့မယ်။ အခု အဲဒီလို ချုံတွေမရှင်းရင် ပွင့်လင်းရာသီကာလမှာ မီးဘေးအန္တရာယ်ကို စိုးရိမ်ရတယ်။ အခုလည်း နေအိမ်တွေ မီးလောင်ဆုံးရှုံးပြီးပြီ။ ကျန်ခဲ့တဲ့ နေအိမ်တွေ ထပ်မဆုံးရှုံးချင်တော့ဘူး။ ဒါကိုတော့ သက်ဆိုင်ရာကို တင်ပြထားတယ်။ သူတို့(ပြည်နယ်စစ်ကောင်စီနှင့် စစ်တပ်) ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်။ ဘာမှတော့ အကြောင်းမပြန်သေးဘူး”ဟု တင်းမဆရာတော် အရှင်ဝါယမိန္ဒက မိန့်သည်။

ယင်းစာတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားမှု မရှိဘဲ တည်ငြိမ်အေးချမ်းနေပြီဖြစ်သောကြောင့် မီးလောင်ဆုံးရှုံးသည့် အိမ်များအား ပြန်လည်ဆောက်နိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်လည်းကောင်း၊ မီးမလောင်ဘဲ ကျန်ခဲ့သည့် အိမ်များတွင်လည်း ချုံနွယ်ပေါင်းများထူထပ်နေသည့်အတွက် ထပ်မံ၍ ဆုံးရှုံးမှုမဖြစ်အောင် မီးဘေးအန္တရာယ်မှ ကင်းလွတ်နိုင်ရေး ကြိုတင်ကာကွယ်သည့်အနေဖြင့်လည်းကောင်း၊ ရွာသူ/ရွာသားများ၏ ဆန္ဒအရ ဒုက္ခသည်စခန်းမှ အလှည့်ကျစနစ်ဖြင့် ထုတ်နုတ်၍ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် တင်းမရွာသားများသည် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်း၊ ဘူတာရုံစခန်းနှင့် ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဝင်ရောက်ခိုလှုံနေရသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သည်။

တပ်က ဖမ်းသွားသည့် ရွာသား ၁၈ ဦး

ထို့ပြင် ကျေးရွာမီးရှို့မခံရမီက တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည့် ကျေးရွာသား ၁၈  ဦး သည်လည်း ယနေ့အချိန်အထိ စုံစမ်းမရဘဲ ပျောက်ဆုံးလျက်ရှိနေသည်ဟု မိသားစုဝင်များထံမှ သိရသည်။ 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမ(ကြီး) ကျေးရွာသား ၁၀ ဦးနှင့် တင်းမ(သစ်) ကျေးရွာမှ ၈ ဦး စုစုပေါင်း ရွာသား ၁၈ ဦးအား စစ်တပ်က ဖမ်းဆီးခဲ့သည်မှာ တစ်နှစ်ခွဲနီးပါး ကြာမြင့်နေပြီ ဖြစ်သည်။ 

​​ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသူများထဲတွင် တင်းမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ အသက် ၂၈ နှစ် အရွယ် မောင်နေလင်းဦး ပါဝင်ပြီး ၎င်းမှာ စကားမပြောတတ်သော မသန်စွမ်းတစ်ဦး ဖြစ်သည်။ 

ထိုပျောက်ဆုံးရွာသားများနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်း၌ လူပျောက်တိုင်ကြားရန် စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ၂၀၂၀ နိုဝင်ဘာလကုန်ပိုင်းနှင့် ဒီဇင်ဘာလအတွင်း ပြောခဲ့သော်လည်း NLD အရပ်သားအစိုးရလက်ထက်မှာပင် အမှုဖွင့်နိုင်ရေး မိသားစုဝင်များအနေဖြင့် ခက်ခဲခဲ့သည်။ 

တင်းမရွာသား ၁၈ ဦးနှင့် ပတ်သက်၍ ကျောက်တော်ရဲစခန်းက အမှုဖွင့်ခွင့် မပေးခဲ့သောကြောင့် ဒီဇင်ဘာလဆန်းတွင် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် မိသားစုဝင်များက နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံ စာဖြင့် တိုင်ကြားခဲ့သည်။ 

ထို့နောက် မိသားစုဝင်များကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ဒီဇင်ဘာလအတွင်း ပထမဆုံးအကြိမ် ခေါ်ယူမေးမြန်းခဲ့သည်။  

ပျောက်ဆုံးနေသူ တင်းမကြီးကျေးရွာသား ဦးထွန်းမောင်ဝင်း၏ အစ်ကိုဝမ်းကွဲတော်သူ ဦးမောင်အေးလှက “ ပျောက်သွားတဲ့ မိသားစုဝင်တွေကို ခေါ်လို့စစ်ဆေးတာရှိခဲ့တယ်။ ဒါပေမဲ့ အခုအထိ ဖမ်းဆီးခံထားရသူတွေ သေသလား၊ ရှင်နေသလား ဆိုတာ ဘာမှမသိရတော့ဘူး။ ဘယ်သူမှလည်း အရေးတယူစုံစမ်းပေးတာ မရှိတော့ဘူး ”ဟု သူက ဆိုသည်။  

တိုက်ပွဲဒဏ် အလူးအလဲခံခဲ့ရသည့် ရခိုင်ကျေးရွာများ 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် နှစ်နှစ်တာအတွင်း တောင်ပေါက်ကျေးရွာ၊ ဘုရားပေါင်းကျေးရွာကဲ့သို့ ကျောက်တော်မြို့နယ်အတွင်းမှ တင်းမကျေးရွာ၊ မာလာကျေးရွာ၊ မုန့်သန်းပြင်ကျေးရွာ၊ ပြိုင်းတိုင်းကျေးရွာ၊ မျောက်တောင်ကျေးရွာ၊ မိကျောက်တက်ကျေးရွာတို့တွင် လက်နက်ကြီးကျရောက် ပေါက်ကွဲ၍ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ 

အလားတူ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၊ ရသေ့တောင်မြို့နယ် ငတောက်တူကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာတို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး သွားရောက်မီးရှို့သဖြင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရသည်။  

ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေသည်မှာ ၉ လခန့် ကြာမြင့်ပြီဖြစ်သော်လည်း စစ်ဘေးဒုက္ခသည်တစ်သိန်းကျော်ခန့်မှာ နေအိမ်များပျက်စီးခြင်းနှင့် မပေါက်ကွဲသေးသော စစ်ကျန်လက်နက်ကြီးအန္တရာယ်များကြောင့် နေရပ်သို့ မပြန်နိုင်သေးပေ။

တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးကိစ္စများကို ဆောင်ရွက်ရန် စီစဉ်ထားပြီးဖြစ်ကာ လတ်တလော ဆောက်လုပ်နေသည့် လက္ကာနှင့် ဖားပြိုကျေးရွာများမှ နေအိမ်များ ပြီးစီးပါက တင်းမကျေးရွာအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ်ကောင်စီက သတင်းသမားများကို ပြောထားသည်။ 

တင်းမကျေးရွာသားများ နေရပ်ပြန်ပါက အိမ်ထောင်စုတစ်စုလျှင် ငွေ ၅ သိန်း၊ ဆန်ရိက္ခာ တစ်လစာ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျေးရွာသို့ ရောက်ရှိပါကလည်း နေအိမ်များဆောက်လုပ်ပေးမည်၊ အလုပ်အကိုင်များကို အဆင့်ဆင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်စစ်ကောင်စီဘက်က သဘောတူထားသည်။

တင်းမကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးမောင်အေးလှက ထောက်ပံ့ငွေမှာ နည်းပါးလွန်းကြောင်း၊ ရွာသားတချို့က ပျက်နေသောရွာ ပြုပြင်ရှင်းလင်းရေးအတွက် ရွာသို့ သွားကြမည်ဖြစ်ကြောင်း ပြောသည်။

“(လတ်တလောမှာ ဒေသခံ)အားလုံး ပြန်မှာတော့ မဟုတ်သေးဘူး။ ချုံနွယ်တွေကို ရှင်းလင်းဖို့ သွားကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အိမ်တွေ မီးလောင်ဆုံးရှုံးသွားပြီ။ ဒါကြောင့် ငွေ ၅ သိန်းပေးလို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ နောက်တစ်ချက်က ရွာကို ပြန်ရင် ဒီအတိုင်းနေလို့ရတာမှ မဟုတ်တာ။ တောတောင်တွေကို သစ်ဝါးခုတ်ဖို့ သွားရတော့မယ်။ ဒီအတွက် မိုင်းရှင်းလင်းရေးတွေ လုပ်ပေးဖို့ တောင်းဆိုထားတယ်။ မိုင်းရှင်းလင်းရေးတွေ လုပ်ပေးပြီးမှ ရွာကို အပြီးပြန်နိုင်မယ်”ဟု  ဥက္ကဋ္ဌက ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button