အိမ်အကူ လေးထပ်တိုက်ပေါ်က ခုန်ချတာလား၊ တွန်းချခံရတာလား

အထပ်မြင့်တိုက် လေးလွှာတွင် အလုပ်လုပ်ကိုင်သော အိမ်အကူမိန်းကလေး ပြုတ်ကျသည့် နောက်ဖေးလမ်းကြား (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)
အထပ်မြင့်တိုက် လေးလွှာတွင် အလုပ်လုပ်ကိုင်သော အိမ်အကူမိန်းကလေး ပြုတ်ကျသည့် နောက်ဖေးလမ်းကြား (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)

(ရန်ကုန်) – အဓမ္မကျင့်ရန် ကြံစည်အားထုတ်ခံရပြီး တိုက်ပေါ်မှ တွန်းချခံခဲ့ရသည်ဟု ဆိုသော ရန်ကုန်၊ သာကေတ မြို့နယ်မှ အိမ်အကူ မိန်းကလေး၏ တိုင်ကြားချက်ကို ရဲစခန်းက စုံစမ်းဆဲ အဆင့်သာ ရှိသေးသဖြင့် တရားခံဟု စွပ်စွဲခံထားရသူ အမျိုးသားကို ၁၂ ရက်ကြာသည်အထိ   ဖမ်းဆီးခြင်း မပြုသေးဘဲ မိန်းကလေးကိုမူ သေကြောင်းကြံစည်မှုဖြင့် စခန်းက အမှုဖွင့်ထားဆဲဖြစ်သည်ဟု ၎င်းမြို့နယ် အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက Myanmar Now ကို   ပြောသည်။

အထပ်မြင့်တိုက် လေးလွှာမှပြုတ်ကျသည့်ဒဏ်ကြောင့် ခါးအောက်ပိုင်း လှုပ်ရှား၍ မရတော့သည့် ၁၇ နှစ်အရွယ် အိမ်အကူမိန်းကလေးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီး   ၆၈ နှစ်အရွယ် အိမ်ရှင် အမျိုးသား၏ အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုကို ငြင်းဆန်သဖြင့် ပြတင်းပေါက်မှ တွန်းချခံခဲ့ရသည်ဟု ရဲထံတွင် ထွက်ဆိုထားသည်။

ဦးမျိုးနောင်အား ရာဇသတ်ကြီးပုဒ်မများဖြစ်သည့် ပုဒ်မ ၃၀၇ (လူသတ်မှု ကျူးလွန်ရန် အားထုတ်မှု)၊ ပုဒ်မ ၃၂၈ (ပြစ်မှုကျူးလွန်ရန် ကြံရွယ်၍ အဆိပ်စသည်များဖြင့် နာကျင်စေမှု)၊ ပုဒ်မ ၃၇၆ (မုဒိမ်းမှု) တို့ဖြင့် မိန်းကလေး၏ မိခင်က တရားလိုလုပ်ကာ အမှုဖွင့်ထားသည်။

အမှုကို စုံစမ်းစစ်ဆေးဆဲ ဖြစ်သည့်အတွက် စွပ်စွဲခံထားရသူ အောင်သပြေအရှေ့ (၂) လမ်း၊ အမှတ်(၃၃/က)၊ ၄ လွှာနေ ဦးမျိုးနောင်အား ဖမ်းဆီး၍ မရသေးကြောင်း သာကေတမြို့နယ် အမှတ် (၂) ရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ် ရန်မင်းလွင်က Myanmar Now ကို ဇွန်လ ၂၉ ရက်နေ့တွင် ပြောသည်။

ထိုအိမ်အကူမိန်းကလေးကိုလည်း သေကြောင်းကြံစည်မှု (ပုဒ်မ ၃၀၉) ဖြင့် အမှုဖွင့်ထားသည်ဟု ၎င်းက ပြောသည်။

ထိုနေ့က မွန်းလွဲ ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟုဆိုသော ထိုဖြစ်စဉ်တွင် မိန်းကလေးငယ် ပြုတ်ကျသည့် အသံကို မည်သူမျှမကြားမိဘဲ ၎င်းအားတွန်းချသည်ဟုဆိုသည့် ဦးမျိုးနောင်က နောက်ဖေးလမ်းကြား ဝင်ပေါက်တံခါးသော့ကို လာတောင်းမှ သိရကြောင်း ဘေးချင်းကပ်တိုက်တွင် နေသည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

“(ဦးမျိုးအောင်)က လောလော လောလော နဲ့ အောက်ဆင်းလာပြီး ပစ္စည်းပြုတ်ကျသွားလို့ ဆိုပြီး သော့လာတောင်းတာ။ သော့ရတော့ အောက်ထပ်ကို ဝင်သွားတယ်။ တစ်အောင့်ကြာမှ ကျွန်တော့်သားကို ‘သားရေ အဘကို ကူပါဦး’ ဆိုပြီး လှမ်းခေါ်တော့မှ ပစ္စည်းမဟုတ်ဘဲ လူဖြစ်နေတာကို ကျွန်တော်တို့ သိရတာ” ဟု ၎င်းက ပြောသည်။

အိမ်အကူမိန်းကလေးသည် နောက်ဖေးလမ်းကြားရှိ ရေပြည့်နေသော မြောင်းအတွင်း ခေါင်းနှင့်ကျခြင်းဖြစ်သဖြင့် အသက်ချမ်းသာရာရသွားခြင်းဖြစ်နိုင်သည်ဟု ထိုအိမ်နီးချင်းက ပြောသည်။

“နည်းတဲ့အမြင့်မှ မဟုတ်တာ၊ မသေတာ ကံကြီးပေလို့ပဲ” ဟု ၎င်းက ပြောသည်။

အိမ်နီးချင်းတချို့၏ အဆိုအရ သင်္ဘောသားအရာရှိဟောင်း ဦးမျိုးနောင်မှာ အဆိုပါရပ်ကွက်အတွင်း နေထိုင်သည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ဇနီးဖြစ်သူမှာ ဆရာဝန်တစ်ဦး ဖြစ်ကြောင်း သိရသည်။  သမီးဖြစ်သူလည်း ထိုအိမ်တွင် နေကြောင်း သိရသည်။

အိမ်အကူ

မွန်ပြည်နယ် မုဒုံမြို့နယ် ကော့ကဒွတ်ကျေးရွာဇာတိ ထိုမိန်းကလေးက လွန်ခဲ့သည့်တစ်လခန့်က ရန်ကုန်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

သင်တန်းတက်ရမည့် စက်ချုပ်ဆိုင်တွင် လူပြည့်သွားသဖြင့် ထိုအိမ်တွင် အိမ်အကူအလုပ်ကို လစာ ကျပ် ၇၀,၀၀၀ ဖြင့် ဝင်ရောက် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်ရှင် ဦးမျိုးအောင်သည် ၎င်းကို ယခင်ရက်များကတည်းက မရိုးသားသည့်အမူအရာများ ပြသကြောင်း ၎င်းက ဆိုသည်။

“ပုတီးစိပ်နေရင် ပုတီးကိုမကြည့်ဘူး သမီးကို စိုက်စိုက်ကြည့်တယ်။ အဝတ်ချိတ် လှမ်းယူတဲ့အခါလည်း သမီးလက်ကိုဆွဲပြီး သူ့ရင်ဘတ်ကို ကိုင်ခိုင်းတယ်။ အခန်းအပြင် (ဧည့်ခန်း) မှာ ဘယ်သူမှ မရှိတဲ့အခါကျရင် ‘လာ…လာ’ ဆိုပြီး တိုးတိုးလေး လှမ်းလှမ်းခေါ်တယ်။ သမီးကနောက်ဖေးကို ပြေးပြေးဝင်တယ်။ သူ့မျက်နှာကြီးကို ကြောက်တယ်” ဟု ၎င်းက Myanmar Now ကို ဆေးရုံတွင် ပြောသည်။

အမှုဖြစ်ပွားသည့်နေ့က ဦးမျိုးအောင်သည် ၎င်းကို မတရားပြုကျင့်ရန် ကြံစည်စဉ် ရုန်းကန်သည့်အတွက် ဆံပင်ကိုဆွဲကာ ပါးစပ်အတွင်းသို့ အဆိပ်ဟု ၎င်းထင်သည့် အဝါရောင်ဆေးရည်များ လောင်းထည့်ကာ ပြတင်းပေါက်မှ တွန်းချခဲ့သည်ဟု ပြောသည်။

ပြုတ်ကျပြီး ရရှိသည့်ဒဏ်ကြောင့် ရင်ဘတ်နှင့် ခါးအောက်ပိုင်း နာကျင်နေသည်ဟု ပြောသည်။

“ပစ္စည်းပျောက်တိုင်း သမီးစွပ်စွဲခံရတယ်။ ပြီးရင်ပြန်ရှာတွေ့တယ်။ သူတို့ တအားနှိမ်ပြီး ပြောတယ်။ ဘယ်နှကြိမ်ပြောလဲ သမီးမမှတ်မိပေမယ့် အပြောခံရတဲ့အကြိမ်တိုင်းက နာတယ်” ဟု ၎င်းက ဆိုသည်။

မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုဖြင့် အမှုပြန်ဖွင့်ခံထားရသည့် အတွက်  တရားဥပဒေအရ တတ်နိုင်သမျှ ရင်ဆိုင်သွားမည် ဟု ကာယကံရှင်မိန်းကလေး၏မိခင်က ပြောသည်။

“တိရစ္ဆာန်တွေတောင် သူ့တို့အသက်မသေအောင် သူတို့ ကာကွယ်တယ်။ သူ့ကိုယ်သူ သေကြောင်း ကြံစည်တယ် ဆိုတာ ဖြစ်နိုင်လား။ အန်တီ အဲ့ဒီတိုက်ကို လိုက်ကြည့်ပြီးကတည်းက သမီး ဘယ်လိုမှ အကောင်းအတိုင်း ပြန်မြင်ရမှာမဟုတ်ဘူးလို့ တွေးပြီးသား” ဟု ၎င်းက ဆိုသည်။

ဆေးကုသမှုခံယူနေသည်မှာ ရက်သတ္တနှစ်ပတ် ပြည့်တော့မည်ဖြစ်ပြီး   ခွဲစိတ်ကုသမှု ခံယူရမည်ဆိုပါက စရိတ်အတွက် အခက်အခဲဖြစ်မည်ကို မိခင်ဖြစ်သူက စိုးရိမ်နေသည်။

စွပ်စွဲခံရသူ ဖြေဆိုရန် ငြင်းဆို

ဆေးရုံတက်ပြီးရက်အနည်းငယ်အတွင်း ဦးမျိုးနောင်က သမီးဖြစ်သူနှင့်အတူ  ရောက်လာပြီး ဆေးစရိတ် ကျပ် ၈၅,၀၀၀ ထောက်ပံ့သွားခဲ့သည်ဟု ၎င်းကပြောသည်။

စွပ်စွဲခံထားရမှုနှင့် ပတ်သက်ပြီး Myanmar Now က ဇူလိုင်လ ၂ ရက်နေ့တွင် ဦးမျိုးနောင်၏ နေအိမ်သို့ သွားရောက် မေးမြန်းခဲ့သည်။

ယခုအချိန်တွင် အမှုစုံစမ်းစစ်ဆေးဆဲဖြစ်ပြီး မည်သည့်အကြောင်းအရာမျှ ဖြေကြားမပေးနိုင်သေးကြောင်း ၎င်း၏ သမီးဖြစ်သူက ပြောသည်။

“ဒီအချိန်မှာ ရဲတပ်ဖွဲ့ကလည်း အမှုတည်ဆောက်ဆဲကာလ ဖြစ်နေတယ်။ ကျွန်မတို့ ဖြေလည်း ဘာမှ ခြေခြေမြစ်မြစ် မရှိတဲ့အတွက် ဘောင်ဝင်မှာ မဟုတ်ပါဘူး။ အမှန်တရား ပေါ်ပေါက်လာမှာပါ။ အဲ့ဒီအချိန်ကျ ဖြေကြားပေးမှာပါ” ဟု ပြောသည်။

ဝင်းနန္ဒာသည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading