ကျပ်ဘီလျံချီ နစ်နာနေသော အငှားချမြေအတွက် တိုင်းအစိုးရကပြန်စိစစ်ရန် စီးပွားရေးကော်မတီ အကြံပြု

ပြည်သူ့ဥယျာဉ်ရှိ မြေ ၇၆ ဧကကို ယခင်အစိုးရလက်ထက်က အလွန်နည်းပါးသော ဈေးများဖြင့် စာချုပ်ချုပ်ယူခဲ့သည့် သဘာဝကမ္ဘာကုမ္ပဏီကို ၎င်းထံမှ ပြန်ငှားရမ်းထားသည့် ဆိုင်ခန်းငယ်ပိုင်ရှင်များကလည်း မကျေနပ်သဖြင့် တိုင်ကြားထားသည်။

ရန်ကုန်မြို့ပြည်သူ့ဥယျာဉ်ဝင်းအတွင်းရှိ Myanmar Culture Valley အဆောက်အဦးကို ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ထိုက်နန္ဒာဝင်း / Myanmar Now)

ရန်ကုန် - ရွှေတိဂုံဘုရားအနီးရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုထံ နှစ်ရှည်ငှားရမ်း ထားသော မြေဧက ၇၆ ဧကကျော်ကိစ္စ တိုင်းအစိုးရအနေဖြင့် ပြန်လည်စိစစ် သုံးသပ်သင့်ကြောင်းဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်က တိုင်းလွှတ်တော်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များထံ အစီရင်ခံစာပေးပို့ခဲ့သည်။

Natural World (သဘာဝကမ္ဘာကုမ္ပဏီလီမိတက်)ထံမှ ပြန်လည်ငှားရမ်းထားသော Myanmar Culture Valley အဆောက်အဦးရှိ ဆိုင်ခန်းပိုင်ရှင်များ၏ တိုင်ကြားစာလက်ခံရရှိ ခဲ့ခြင်းကြောင့် လည်းကောင်း၊ ၂၀၁၅-၂၀၁၆ နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နှစ်နှစ်စာ ရန်ကုန်တိုင်းဒေသကြီး၏ စာရင်းစစ်ချုပ်အစီရင်ခံစာ အရ လည်း ကောင်း၊ ကော်မတီမှ တာဝန်ရှိသူများက စစ်ဆေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ တွေ့ရှိချက်များကို အစီရင်ခံစာ တင်သွင်းခြင်း ဖြစ်သည်ဟု ယင်းကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက Myanmar Now ကိုပြောသည်။

နှစ်နှစ်စာ စာရင်းစစ်ချုပ်အစီရင်ခံစာ အရလည်း Natural World အပေါ် အစီရင်ခံခြင်းက မကောင်းဘူး။ လက်ခံနိုင်ဖွယ်ရာ မရှိဘူး။ အခုတော့ ဆိုင်သမားတွေကလည်း တိုင်တဲ့အတွက် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွား ရေး ကော်မတီ အပြင် ပြည်သူ့ငွေစာရင်းကော်မတီတောင်ပါတယ်။ ကော်မတီနှစ်ခု ပူးပေါင်း စစ်ဆေးခဲ့ တာပါ။ အဲဒီဟာ အတွက် အစီရင်ခံစာထပ်တင်တာပါဟု ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ၎င်းကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ မြေဧက ၇၆ ဒသမ ၃၆ ဧကကို ၂၀၀၉ ခုနှစ်မှ စတင်၍ Natural World ကုမ္ပဏီအား ၂၅ နှစ် သက်တမ်းဖြင့် ၂၀၀၉ ခုနှစ်မှ ၂၀၃၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး၊ တင်ဒါစနစ်၊ လေလံစနစ်များဖြင့် ရွေးချယ်ခြင်း မပြုဘဲ ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်သာ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အလွန်နည်းပါးသည်ဈေးများ

၂၀၀၉ ခုနှစ်က မှတ်ပုံတင် ခဲ့သည့် အဆိုပါကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ နေရာတွင် ‘ဦးအောင်နိုင်’ ဟု ဖော်ပြထားပြီး လက်ရှိတွင် Natural World ၏ စီမံကိန်းဒါရိုက်တာရာထူးကို ယူထားသည်။

၂၀၁၁ ခုနှစ် မြေငှားစာချုပ် စတင်ချုပ်ဆိုချိန်တွင် ပြင်ပပေါက်ဈေး တစ်စတုရန်းပေလျှင် ငှားရမ်းခ ကျပ် ၁၀၀၀ ရှိချိန်တွင် Natural World ထံမှ ၇၆ ဒသမ ၃၆ ဧကအတွက် တစ်စတုရန်းပေလျှင် ၆၃ ပြားနှုန်းသာ ရရှိပြီး ပထမငါးနှစ်ကာလအတွက် နှစ်စဉ် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်သို့ ရောက်သည့်အခါ ၈၈ ပြား၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၃၂ ကျပ်၊ စစ်ဆေးချိန်တွင် ၁၇၇ ကျပ် ၆၅ ပြားရရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး စာရင်းစာချုပ်အစီရင်ခံစာ (၂၀၁၆-၂၀၁၇) တွင် ဖော်ပြထားသည်။

စုစုပေါင်းငှားရမ်းမြေ ၇၆ ဧကအနက်မှ ၄၉ ဧကမှာ အများပြည်သူဆိုင်ရာနေရာဖြစ်သဖြင့် ဝင်ငွေရ လုပ်ငန်း လုပ်ကိုင်သည့်မြေ ၂၇ ဧက အပေါ် တွက်ချက်ပါက ငှားရမ်းခ တစ်စတုရန်းပေ ၁၇ ကျပ် ၄၆ ပြားသာ ရရှိသဖြင့် ကာလပေါက်ဈေးထက် တစ်လလျှင် ကျပ် ၁ ဒသမ ၁ ဘီလျံကျော်၊ တစ်နှစ် ကျပ် ၁၄ ဘီလျံကျော် နစ်နာနေသည်ဟု အစီရင်ခံထားသည်။

ထို့ပြင် စာချုပ်ပါအချက်များအရ ကုမ္ပဏီက အကောင်အထည်ဖော်ရမည့် လုပ်ငန်း ၁၃ ခုအနက် ကလေးကစားနည်းများ နှင့် နားနေဆောင်/ကော်ဖီဆိုင်တစ်ခုတို့ကိုသာ တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ပြီးစီးသေးကြောင်း၊ Natural World သည် ၎င်းဝင်ငွေရမည့် လုပ်ငန်းများကိုသာ အဓိကထားဆောင်ရွက်ပြီး ငွေကုန်မည့်လုပ်ငန်းများကို မဆောင်ရွက်သေးကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆိုင်ခန်းရှင်များ ပေးရသည့်ဈေး

ယင်းကုမ္ပဏီထံမှ တစ်ဆင့်ပြန်လည်ငှားရမ်းထားသော ရွှေတိဂုံဘုရားနောက်ဘက်မုခ်ရှိ Myanmar Culture Valley အဆောက်အဦးရှိ ဆိုင်ခန်း ၂၅ ခန်း၏ ပိုင်ရှင်များကလည်း နစ်နာမှုများရှိနေသည်ဟုဆိုကာ ကုမ္ပဏီနှင့်ပတ်သက်၍ ယမန်နှစ် သြဂုတ်လက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီသို့ တိုင်ကြားခဲ့သည်။

ကုမ္ပဏီသည် Myanmar Cultural Valley ရှိ ၎င်းတို့အငှားချထားသည့် တစ်ခန်းလျှင် ၉ ပေပတ်လည်ရှိ ဆိုင်ခန်းများအတွက် မူလက တစ်စတုရန်းပေလျှင် ကျပ် ၁၂၀၀-၁၅၀၀ ကျပ် ကောက်ခံခဲ့ရာမှ ဆိုင်ခန်းများကို မြေအောက်ထပ်မှ မြေညီထပ်သို့ ပြောင်းရွှေ့စေပြီးနောက် တစ်စတုရန်းပေလျှင် ကျပ် ၁၉၀၀ သို့ တိုးမြှင့်ကောက်ခံကာ၊ စပေါ်ငွေများပါ တောင်းခံကြောင်း၊ ဆိုင်ခန်းငှားစာချုပ်တစ်နှစ်ပြည့်ပါက တစ်စတုရန်းပေလျှင် ၃,၆၇၅ ကျပ် ပေးသွားရန် တောင်းခံကြောင်း အဆိုပါ ဆိုင်ခန်း ပိုင်ရှင်များက ပြောသည်။

Myanmar Culture Valley မြေအောက်ထပ်တွင် ငှားရမ်းထားသော ဆိုင်ခန်းများကို ဆိုင်ရှင်များ၏ သဘောဆန္ဒမပါဘဲ ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစပြီး မြေညီထပ်သို့ ပြောင်းရွေ့စေခြင်း၊ ဆိုင်ခန်းခများတိုးပေးရခြင်း၊ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ စပေါ်ငွေ သုံးလစာကြိုတောင်းကာ စာချုပ်အသစ်ချုပ်စေခြင်း၊ မြန်မာငွေမှတဆင့် အမေရိကန်ဒေါ်လာဖြင့် ပြောင်းလဲကောက်ခံခြင်းတို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စိစစ် ပေးပါရန် တိုင်ကြားရခြင်းဖြစ်သည်ဟု တိုင်ကြားခဲ့သူအချို့က Myanmar Now ကိုပြောသည်။

 “ကျွန်မတို့က တိုင်ထားမှန်းသိတော့လွှတ်တော်က (ကျွန်မ)တို့ကို မကူညီနိုင်ဘူး။ စည်ပင်က သဘောတူထားလို့ ဘာမှလုပ်မပေးနိုင်တာကြောင့် တောင်းခံတဲ့ အတိုင်းဆိုင်ခန်းငှားခတိုးပေးဖို့၊ အပေါ်ထပ်(မြေညီထပ်)ကို ပြောင်းပေး ဖို့ ဆက်ငှားမငှား အကြောင်းပြန်ပေးဖို့ ကုမ္ပဏီဘက်က ဖုန်းဆက်ပြီး ဖိအားပေးခဲ့တယ်။ ဒါကြောင့်မရတဲ့ အဆုံး အပေါ်ကို ပြောင်းခဲ့ရတယ်။ ပြောင်းပြန်တော့လည်း အရင် လူဟောင်းတွေကို မထွက်ထွက် အောင် ညှစ်ပြီးတော့ ရောင်းလို့ဝယ်လို့ မရအောင် ခွဲခြားလုပ်ဆောင်တာတွေရှိနေတယ်။ ကျွန်မတို့ နစ်နာမှုတွေများတော့ တောင့်ခံနိုင်ဖို့ မလွယ်တော့ဘူးဟု တိုင်ကြားရာတွင် ပါဝင်ခဲ့သူ ဆိုင်ခန်းပိုင်ရှင် တစ်ဦးက ပြောသည်။

တိုင်ကြားသည့်ဆိုင်ခန်းငှားရမ်းသူ ၁၁ ဦးအနက် Myanmar Now က ငါးဦးနှင့်တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းတို့က တိုင်ကြားစာ၊ ဓာတ်ပုံအထောက်အထား၊ လက်မှတ်၊ ဆိုင်အမည် စသည်အားလုံးတို့ကို ပြသကာ မှတ်တမ်းယူခွင့် ပြုခဲ့သော်လည်း လောလောဆယ်တွင် လွှတ်တော်ဘက်က စတင်မကိုင်တွယ်ရသေးခြင်း၊ ကုမ္ပဏီနှင့် အဆင်မပြေ ခြင်း တို့ကြောင့် အမည်ကိုထုတ်ဖော်မရေးသားရန် မေတ္တာရပ်ခံခဲ့သည်။

Natural World ကုမ္ပဏီ၏ စီမံကိန်းဒါရိုက်တာ ဦးအောင်နိုင်ကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ၎င်းထံမှ မှတ်ချက်တစ်စုံတစ်ရာ မရရှိခဲ့ပါ။

အဆိုပါပြဿနာများကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် လေ့လာတွေ့ရှိချက် ၁၆ ချက်နှင့် သုံးသပ်အကြံပြုချက် ကိုးချက်ကို အကြံပြုတင်ပြထားသည်။

ဝင်ငွေနှင့် နိုင်ငံခြားသားမေးခွန်းများ

ကော်မတီ၏တွေ့ရှိချက်အချို့မှာ Natural World ကုမ္ပဏီအနေဖြင့် တစ်နှစ်ဝင်ငွေ ကျပ်သိန်းပေါင်း ၅၀,၀၀၀ ကျော်သာ ရှိသည်ဟု ပြထားသဖြင့် အမှန်တကယ်ရရှိနေသည့် ငွေထက်များစွာ လျော့နည်းလျက်ရှိရာ အနီးစပ်ဆုံး အမှန်တကယ် ဝင်ငွေကို လေ့လာစုံစမ်းသင့်ကြောင်း၊ စာချုပ်ပါအချို့သောအချက်အလက်များကို ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသောကြောင့် စိစစ်ကြပ်မတ်သင့်ကြောင်း စသည်ဖြင့် ပါရှိသည်။

အကြံပြုချက်များထဲတွင် “မြေအောက်ထပ်ဆိုင်ခန်းများကို ပြည်ပနိုင်ငံခြားသားများသို့သာ ငှားရမ်းမည့်အစီအစည်ကို ပြန်လည်စိစစ်သင့်” ဟု ပါရှိသည်။ ဒဂုံမြို့နယ် အမတ် ဦးကျော်ဇေယျကမူ ပြည်သူ့ရင်ပြင်ဆိုင်ခန်းများတွင် မြန်မာ စကား လုံးဝမတတ်သည့် တရုတ်နိုင်ငံသားများ အလုပ်လုပ်နေသည်ဆိုသော တိုင်တန်းချက်များ အမြဲရကြောင်း၊ ၎င်းကိုယ်တိုင်လည်း မြန်မာစကားလုံးဝမတတ်သည့် စားပွဲထိုးတွေ့ဖူးကြောင်း Myanmar Now ကိုပြောသည်။

“သက်ဆိုင်ရာတာဝန်ရှိသူတွေက ရှောင်တခင်အနေနဲ့ ရင်ပြင်မှာ အမြဲလိုလိုစစ်ဆေးနေသင့်တယ်။ အခုက တခါမှ မစစ်ဖူးဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ ရွှေတိဂုံဘုရားနယ်မြေ ပြည်သူ့ရင်ပြင်က လွတ်မြောက် နယ်မြေဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ကော်မတီအစီရင်ခံစာပါ အကြံပြုချက်တွင်လည်း နိုင်ငံခြားသားများအပါအဝင် ဝန်ထမ်း လုပ်သား ၄ဝဝ ခန့် အလုပ်လုပ်ကိုင် နေခြင်းကြောင့် ရွှေတိဂုံ စေတီတော်မြတ်ကြီးအနီးနှင့် ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံး၊ လွှတ်တော်တို့နှင့် နီးစပ်နေရာ လုံခြုံရေးကို လိုအပ်သလို စစ်ဆေးကြပ်မတ်သင့်ကြောင်း အကြံပြုထားသည်။

ဖေဖော်ဝါရီလ ၅ ရက်တွင် ပြန်စမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကာလအတွင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီက ပြည်သူ့ရင်ပြင်နှင့် သဘာဝဥယျာဉ်ကမ္ဘာကုမ္ပဏီကိစ္စ တွေ့ရှိချက်များကို ဖတ်ကြားမည်ဖြစ်သဖြင့် အစိုးရပိုင်းက ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စဖြစ်လာမည်ဖြစ်ရာ အစိုးရက ကိုင်တွယ်မှုရှိမရှိကို ကော်မတီက စောင့်ကြည့်မည်ဟု ၎င်းကော်မတီ အတွင်းရေးမှူး ဒဂုံမြို့နယ် အမတ် ဦးကျော်ဇေယျက ပြောသည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း Natural World က မြေဧကအများဆုံးငှားရမ်းထားခြင်း ဖြစ်ပြီး Happy ခေတ်မီအားကစားကွင်း၊ Western Park စားသောက်ဆိုင်၊ ရွှေတိုင်းရွှေပြည်ကုမ္ပဏီတို့မှာလည်း ကာလရှည်ငှားရမ်း ထားကြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading