သတင်း

ကျပ်ဘီလျံချီ နစ်နာနေသော အငှားချမြေအတွက် တိုင်းအစိုးရက ပြန်စိစစ်ရန် စီးပွားရေးကော်မတီ အကြံပြု

ရန်ကုန် – ရွှေတိဂုံဘုရားအနီးရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုထံ နှစ်ရှည်ငှားရမ်းထားသော မြေဧက ၇၆ ဧကကျော်ကိစ္စ တိုင်းအစိုးရအနေဖြင့် ပြန်လည်စိစစ် သုံးသပ်သင့်ကြောင်းဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်က တိုင်းလွှတ်တော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များထံ အစီရင်ခံစာပေးပို့ခဲ့သည်။

Natural World (သဘာဝကမ္ဘာကုမ္ပဏီလီမိတက်)ထံမှ ပြန်လည်ငှားရမ်းထားသော Myanmar Culture Valley အဆောက်အအုံရှိ ဆိုင်ခန်းပိုင်ရှင်များ၏ တိုင်ကြားစာလက်ခံရရှိခဲ့ခြင်းကြောင့်လည်းကောင်း၊ ၂၀၁၅၂၀၁၆ နှင့် ၂၀၁၆၂၀၁၇ ဘဏ္ဍာနှစ် နှစ်နှစ်စာ ရန်ကုန်တိုင်းဒေသကြီး၏ စာရင်းစစ်ချုပ်အစီရင်ခံစာအရလည်းကောင်း၊ ကော်မတီမှ တာဝန်ရှိသူများက စစ်ဆေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ တွေ့ရှိချက်များကို အစီရင်ခံစာတင်သွင်းခြင်းဖြစ်သည်ဟု ယင်းကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျက Myanmar Now ကို ပြောသည်။

နှစ်နှစ်စာ စာရင်းစစ်ချုပ်အစီရင်ခံစာ အရလည်း Natural World အပေါ် အစီရင်ခံခြင်းက မကောင်းဘူး။ လက်ခံနိုင်ဖွယ်ရာ မရှိဘူး။ အခုတော့ ဆိုင်သမားတွေကလည်း တိုင်တဲ့အတွက် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အပြင် ပြည်သူ့ငွေစာရင်းကော်မတီတောင်ပါတယ်။ ကော်မတီနှစ်ခု ပူးပေါင်းစစ်ဆေးခဲ့တာပါ။ အဲဒီဟာအတွက် အစီရင်ခံစာထပ်တင်တာပါဟု ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ၎င်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ မြေဧက ၇၆ ဒသမ ၃၆ ဧကကို ၂၀၀၉ ခုနှစ်မှ စတင်၍ Natural World ကုမ္ပဏီအား ၂၅ နှစ် သက်တမ်းဖြင့် ၂၀၀၉ ခုနှစ်မှ ၂၀၃၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး၊ တင်ဒါစနစ်၊ လေလံစနစ်များဖြင့် ရွေးချယ်ခြင်း မပြုဘဲ ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်သာ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အလွန်နည်းပါးသည့် ဈေးများ

၂၀၀၉ ခုနှစ်က မှတ်ပုံတင် ခဲ့သည့် အဆိုပါကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ နေရာတွင် ‘ဦးအောင်နိုင်’ ဟု ဖော်ပြထားပြီး လက်ရှိတွင် Natural World ၏ စီမံကိန်းဒါရိုက်တာရာထူးကို ယူထားသည်။

၂၀၁၁ ခုနှစ် မြေငှားစာချုပ် စတင်ချုပ်ဆိုချိန်တွင် ပြင်ပပေါက်ဈေး တစ်စတုရန်းပေလျှင် ငှားရမ်းခ ကျပ် ၁၀၀၀ ရှိချိန်တွင် Natural World ထံမှ ၇၆ ဒသမ ၃၆ ဧကအတွက် တစ်စတုရန်းပေလျှင် ၆၃ ပြားနှုန်းသာ ရရှိပြီး ပထမငါးနှစ်ကာလအတွက် နှစ်စဉ် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်သို့ ရောက်သည့်အခါ ၈၈ ပြား၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၃၂ ကျပ်၊ စစ်ဆေးချိန်တွင် ၁၇၇ ကျပ် ၆၅ ပြားရရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး စာရင်းစာချုပ်အစီရင်ခံစာ (၂၀၁၆-၂၀၁၇) တွင် ဖော်ပြထားသည်။

စုစုပေါင်းငှားရမ်းမြေ ၇၆ ဧကအနက်မှ ၄၉ ဧကမှာ အများပြည်သူဆိုင်ရာနေရာဖြစ်သဖြင့် ဝင်ငွေရ လုပ်ငန်း လုပ်ကိုင်သည့်မြေ ၂၇ ဧက အပေါ် တွက်ချက်ပါက ငှားရမ်းခ တစ်စတုရန်းပေ ၁၇ ကျပ် ၄၆ ပြားသာ ရရှိသဖြင့် ကာလပေါက်ဈေးထက် တစ်လလျှင် ကျပ် ၁ ဒသမ ၁ ဘီလျံကျော်၊ တစ်နှစ် ကျပ် ၁၄ ဘီလျံကျော် နစ်နာနေသည်ဟု အစီရင်ခံထားသည်။

ထို့ပြင် စာချုပ်ပါအချက်များအရ ကုမ္ပဏီက အကောင်အထည်ဖော်ရမည့် လုပ်ငန်း ၁၃ ခုအနက် ကလေးကစားနည်းများ နှင့် နားနေဆောင်/ကော်ဖီဆိုင်တစ်ခုတို့ကိုသာ တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ပြီးစီးသေးကြောင်း၊ Natural World သည် ၎င်းဝင်ငွေရမည့် လုပ်ငန်းများကိုသာ အဓိကထားဆောင်ရွက်ပြီး ငွေကုန်မည့်လုပ်ငန်းများကို မဆောင်ရွက်သေးကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆိုင်ခန်းရှင်များ ပေးရသည့်ဈေး

ယင်းကုမ္ပဏီထံမှ တစ်ဆင့်ပြန်လည်ငှားရမ်းထားသော ရွှေတိဂုံဘုရားနောက်ဘက်မုခ်ရှိ Myanmar Culture Valley အဆောက်အအုံရှိ ဆိုင်ခန်း ၂၅ ခန်း၏ ပိုင်ရှင်များကလည်း နစ်နာမှုများရှိနေသည်ဟုဆိုကာ ကုမ္ပဏီနှင့်ပတ်သက်၍ ယမန်နှစ် သြဂုတ်လက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီသို့ တိုင်ကြားခဲ့သည်။

ကုမ္ပဏီသည် Myanmar Cultural Valley ရှိ ၎င်းတို့အငှားချထားသည့် တစ်ခန်းလျှင် ၉ ပေပတ်လည်ရှိ ဆိုင်ခန်းများအတွက် မူလက တစ်စတုရန်းပေလျှင် ကျပ် ၁၂၀၀-၁၅၀၀ ကျပ် ကောက်ခံခဲ့ရာမှ ဆိုင်ခန်းများကို မြေအောက်ထပ်မှ မြေညီထပ်သို့ ပြောင်းရွှေ့စေပြီးနောက် တစ်စတုရန်းပေလျှင် ကျပ် ၁၉၀၀ သို့ တိုးမြှင့်ကောက်ခံကာ၊ စပေါ်ငွေများပါ တောင်းခံကြောင်း၊ ဆိုင်ခန်းငှားစာချုပ်တစ်နှစ်ပြည့်ပါက တစ်စတုရန်းပေလျှင် ၃,၆၇၅ ကျပ် ပေးသွားရန် တောင်းခံကြောင်း အဆိုပါ ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

Myanmar Culture Valley မြေအောက်ထပ်တွင် ငှားရမ်းထားသော ဆိုင်ခန်းများကို ဆိုင်ရှင်များ၏ သဘောဆန္ဒမပါဘဲ ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစ၍ မြေညီထပ်သို့ ပြောင်းရွှေ့စေခြင်း၊ ဆိုင်ခန်းခများတိုးပေးရခြင်း၊ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ စပေါ်ငွေ သုံးလစာကြိုတောင်းကာ စာချုပ်အသစ်ချုပ်စေခြင်း၊ မြန်မာငွေမှတဆင့် အမေရိကန်ဒေါ်လာဖြင့် ပြောင်းလဲကောက်ခံခြင်းတို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စိစစ်ပေးပါရန် တိုင်ကြားရခြင်းဖြစ်သည်ဟု တိုင်ကြားခဲ့သူအချို့က Myanmar Now ကို ပြောသည်။

 “ကျွန်မတို့က တိုင်ထားမှန်းသိတော့လွှတ်တော်က (ကျွန်မ)တို့ကို မကူညီနိုင်ဘူး။ စည်ပင်က သဘောတူထားလို့ ဘာမှလုပ်မပေးနိုင်တာကြောင့် တောင်းခံတဲ့အတိုင်း ဆိုင်ခန်းငှားခတိုးပေးဖို့၊ အပေါ်ထပ်(မြေညီထပ်)ကို ပြောင်းပေးဖို့ ဆက်ငှားမငှား အကြောင်းပြန်ပေးဖို့ ကုမ္ပဏီဘက်က ဖုန်းဆက်ပြီး ဖိအားပေးခဲ့တယ်။ ဒါကြောင့်မရတဲ့အဆုံး အပေါ်ကို ပြောင်းခဲ့ရတယ်။ ပြောင်းပြန်တော့လည်း အရင်လူဟောင်းတွေကို မထွက်ထွက်အောင် ညှစ်ပြီးတော့ ရောင်းလို့ဝယ်လို့ မရအောင် ခွဲခြားလုပ်ဆောင်တာတွေရှိနေတယ်။ ကျွန်မတို့ နစ်နာမှုတွေများတော့ တောင့်ခံနိုင်ဖို့ မလွယ်တော့ဘူးဟု တိုင်ကြားရာတွင် ပါဝင်ခဲ့သူ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

တိုင်ကြားသည့်ဆိုင်ခန်းငှားရမ်းသူ ၁၁ ဦးအနက် Myanmar Now က ငါးဦးနှင့်တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းတို့က တိုင်ကြားစာ၊ ဓာတ်ပုံအထောက်အထား၊ လက်မှတ်၊ ဆိုင်အမည် စသည်အားလုံးတို့ကို ပြသကာ မှတ်တမ်းယူခွင့် ပြုခဲ့သော်လည်း လောလောဆယ်တွင် လွှတ်တော်ဘက်က စတင်မကိုင်တွယ်ရသေးခြင်း၊ ကုမ္ပဏီနှင့် အဆင်မပြေခြင်းတို့ကြောင့် အမည်ကိုထုတ်ဖော်မရေးသားရန် မေတ္တာရပ်ခံခဲ့သည်။

Natural World ကုမ္ပဏီ၏ စီမံကိန်းဒါရိုက်တာ ဦးအောင်နိုင်ကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ၎င်းထံမှ မှတ်ချက်တစ်စုံတစ်ရာ မရရှိခဲ့ပါ။

အဆိုပါပြဿနာများကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် လေ့လာတွေ့ရှိချက် ၁၆ ချက်နှင့် သုံးသပ်အကြံပြုချက် ကိုးချက်ကို အကြံပြုတင်ပြထားသည်။

ဝင်ငွေနှင့် နိုင်ငံခြားသားမေးခွန်းများ

ကော်မတီ၏တွေ့ရှိချက်အချို့မှာ Natural World ကုမ္ပဏီအနေဖြင့် တစ်နှစ်ဝင်ငွေ ကျပ်သိန်းပေါင်း ၅၀,၀၀၀ ကျော်သာ ရှိသည်ဟု ပြထားသဖြင့် အမှန်တကယ်ရရှိနေသည့် ငွေထက်များစွာ လျော့နည်းလျက်ရှိရာ အနီးစပ်ဆုံး အမှန်တကယ် ဝင်ငွေကို လေ့လာစုံစမ်းသင့်ကြောင်း၊ စာချုပ်ပါ အချို့သောအချက်အလက်များကို ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသောကြောင့် စိစစ်ကြပ်မတ်သင့်ကြောင်း စသည်ဖြင့် ပါရှိသည်။

အကြံပြုချက်များထဲတွင် “မြေအောက်ထပ်ဆိုင်ခန်းများကို ပြည်ပနိုင်ငံခြားသားများသို့သာ ငှားရမ်းမည့်အစီအစဉ်ကို ပြန်လည်စိစစ်သင့်” ဟု ပါရှိသည်။ ဒဂုံမြို့နယ်အမတ် ဦးကျော်ဇေယျကမူ ပြည်သူ့ရင်ပြင်ဆိုင်ခန်းများတွင် မြန်မာစကား လုံးဝမတတ်သည့် တရုတ်နိုင်ငံသားများ အလုပ်လုပ်နေသည်ဆိုသော တိုင်တန်းချက်များ အမြဲရကြောင်း၊ ၎င်းကိုယ်တိုင်လည်း မြန်မာစကားလုံးဝမတတ်သည့် စားပွဲထိုးတွေ့ဖူးကြောင်း Myanmar Now ကို ပြောသည်။

“သက်ဆိုင်ရာတာဝန်ရှိသူတွေက ရှောင်တခင်အနေနဲ့ ရင်ပြင်မှာ အမြဲလိုလိုစစ်ဆေးနေသင့်တယ်။ အခုက တစ်ခါမှ မစစ်ဖူးဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ရွှေတိဂုံဘုရားနယ်မြေ ပြည်သူ့ရင်ပြင်က လွတ်မြောက်နယ်မြေဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ကော်မတီအစီရင်ခံစာပါ အကြံပြုချက်တွင်လည်း နိုင်ငံခြားသားများအပါအဝင် ဝန်ထမ်း လုပ်သား ၄ဝဝ ခန့် အလုပ်လုပ်ကိုင်နေခြင်းကြောင့် ရွှေတိဂုံ စေတီတော်မြတ်ကြီးအနီးနှင့် ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံး၊ လွှတ်တော်တို့နှင့် နီးစပ်နေရာ လုံခြုံရေးကို လိုအပ်သလို စစ်ဆေးကြပ်မတ်သင့်ကြောင်း အကြံပြုထားသည်။

ဖေဖော်ဝါရီလ ၅ ရက်တွင် ပြန်စမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကာလအတွင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက ပြည်သူ့ရင်ပြင်နှင့် သဘာဝဥယျာဉ်ကမ္ဘာကုမ္ပဏီကိစ္စ တွေ့ရှိချက်များကို ဖတ်ကြားမည်ဖြစ်သဖြင့် အစိုးရပိုင်းက ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စဖြစ်လာမည်ဖြစ်ရာ အစိုးရက ကိုင်တွယ်မှုရှိမရှိကို ကော်မတီက စောင့်ကြည့်မည်ဟု ၎င်းကော်မတီ အတွင်းရေးမှူး ဒဂုံမြို့နယ်အမတ် ဦးကျော်ဇေယျက ပြောသည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း Natural World က မြေဧကအများဆုံးငှားရမ်းထားခြင်း ဖြစ်ပြီး Happy ခေတ်မီအားကစားကွင်း၊ Western Park စားသောက်ဆိုင်၊ ရွှေတိုင်းရွှေပြည်ကုမ္ပဏီတို့မှာလည်း ကာလရှည်ငှားရမ်း ထားကြသည်။

Show More

Related Articles

Back to top button