သတင်း

တောင်တွင်းကြီးတွင် ညီအစ်ကိုနှစ်ဦးကို စစ်တပ်က ပစ်သတ်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် တောင်လျှောင်းရွာကို ယမန်နေ့(စက်တင်ဘာ ၁၂)တွင် စစ်တပ်က ဝင်စီးခဲ့ပြီး ညီအစ်ကိုနှစ်ဦးကို ပစ်သတ်ကာ လေးဦးကို ဖမ်းသွားသည်။

ယမန်နေ့ နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ကုက္ကိုလ်ကုန်းရွာရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် မွန်းလွဲပိုင်းတွင် ၇ မိုင်ခန့်အကွာရှိ တောင်လျှောင်းရွာကို စစ်တပ်ရောက်လာခြင်းဖြစ်ကြောင်း မျက်မြင်များကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲက ဒလန်ရဲ့သတင်းပေးမှုကြောင့် သူတို့က အတိအကျနဲ့လာတာ။ လာတော့လည်း စစ်ကားတွေနဲ့ လာတာမဟုတ်ဘူး။ ခြံ(တစ်ခြံ)ထဲမှာ လူငယ်တွေစုပြီးနေတဲ့နေရာကို နေ့ခင်း ၁ နာရီထိုးလောက်လာတာ။ ကလေးတွေအကုန်လုံးကို ဝိုင်းမိသွားတာ။ တစ်ယောက်ကို မပြေးနိုင်အောင် ပေါင်ကို ဟိုဘက်ဒီဘက် နှစ်ချက်ပစ်ပြီး အဲဒီကလေးကို ဖမ်းပြီး ကြိုးနဲ့တုပ်ပြီး နှိပ်စက်တယ်” ဟု  အထက်ပါဒေသခံ အမျိုးသားက ပြောသည်။

အဆိုပါ စီးနင်းမှုအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးရသူနှစ်ဦးမှာ အသက် ၃၆ နှစ်အရွယ် ကိုမြတ်စိုးလွင်နှင့် ၎င်း၏ ညီဖြစ်သူ အသက် ၂၀ အရွယ် ကိုပြည့်ကြီးတို့ဖြစ်ပြီး အခြား လူငယ်လေးဦးကို ဖမ်းခေါ်သွားကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်ဖမ်းဆီးစဉ် ခြံအတွင်းရှိနေသည့် လူငယ်ဦးရေ၊ သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို စစ်တပ်က ယူဆောင်သွားခြင်းရှိမရှိ၊ ဖမ်းခံရသူတို့၏ အခြေအနေ စသည့် အသေးစိတ်ကိုမူ စုံစမ်း၍ မရသေးသလို စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။

အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး လူဦးရေ နှစ်ထောင်နီးပါးရှိသည့် တောင်လျှောင်းတွင် စစ်တပ်၏ ရန်ကို ကြောက်၍ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရသည်ဟု အထက်ပါ ဒေသခံက ပြောသည်။ 

Myanmar Now က စုဆောင်းထားသည့် အချက်အလက်များအရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ဇွန်လမှ စက်တင်ဘာ ၁၁ အထိ ဖျက်ဆီးခံရသည့် Mytel ဆက်သွယ်ရေးတာဝါတိုင် ၇၀ ကျော်ရှိသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ရက်စက်စွာ နှိမ်နင်း၊ ဖမ်းဆီးသည့် စစ်ကောင်စီ၏ အန္တရာယ်ကို ခုခံရန် လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် တိုက်ပွဲဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စက်တင်ဘာ ၇ တွင် ကြေညာထားသည်။

ထို့နောက်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာသည့်အပြင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mytel ဆက်သွယ်ရေးကုမ္ပဏီပိုင် ဆက်သွယ်ရေးတာဝါတိုင်များလည်း နေ့စဉ်နီးပါး ဖျက်ဆီးခံနေရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button