သတင်း

ဒေါ်အောင်ဆန်းစုကြည် နေမကောင်းသဖြင့် တရားရုံးရောက်ပြီးမှ ပြန်သွားရ

ကိုဗစ်အကြောင်းပြ၍ တရားရုံးမထုတ်ဖြစ်သည့် နှစ်လတာအတွင်း မည်သူနှင့်မျှတွေ့ခွင့်မရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ယနေ့(စက်တင်ဘာ ၁၃) ပြန်စသည့် ရုံးချိန်းတွင် နေမကောင်းဖြစ်နေ၍ ထိန်းသိမ်းခံထားရသည့် နေရာသို့ ပြန်သွားရသည်ဟု ၎င်း၏ ရှေ့နေများထံမှ သိရသည်။

“ကျန်းမာရေး မကောင်းတာတော့ မဟုတ်ဘူး။ နေလို့ မကောင်းတာပေါ့ဗျာ။ နှာတွေမွှန်နေတယ်။ ကျွန်တော်တို့ ရှေ့မှာတင် နှာတွေမွှန်နေတယ်။ ပြီးတော့ ခေါင်းတော်တော်မူးတယ်လို့ ပြောပါတယ်ခင်ဗျ။ တခြားရောဂါကြောင့်တော့ မဟုတ်ဘူး”ဟု ရှေ့နေ ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

ထို့ကြောင့် နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်လှစ်ထားသည့် ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံး၌ တရားခွင်မစမီ ရှေ့နေများဖြင့် နာရီဝက်ခန့်တွေ့ ခွင့်ရချိန်တွင်​ ဒေါ်အောင်ဆန်းစုကြည်မှာ ထိုင်ပင်မနေနိုင်၍ ငါးမိနစ်ခန့် စကားရပ်ပြောပြီး ပြန်သွားရသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့နဲ့ မတွေ့တဲ့ နှစ်လ(ကိုဗစ်ကာလတရားရုံးမထုတ်ဖြစ်) အတွင်း ဘာမှမဖြစ်ဘူးတဲ့။ အခုက ကားတောက်(မူး)တာတဲ့။ သူ့ကို ပို့တဲ့ ကားက မောင်းတာပြုတာ၊ တော်တော်လေး ဟိုဟာဖြစ်(ကြမ်း) တယ်တဲ့။ လမ်းကတော့ ဒီလမ်း၊ ဒီလမ်း ပို့နေကျလမ်းပါပဲ”ဟု ဦးခင်မောင်ဇော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်၊ ထိုနေရာနှင့် အထူးတရားရုံးအကွာအဝေး မည်မျှရှိသည်တို့ကိုမူ ရှေ့နေများထံမှ တိကျစွာ မသိရပေ။

ဒေါ်အောင်ဆန်းစုကြည်မှာ ကိုဗစ်ကပ်ရောဂါကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးပြီးဖြစ်ကြောင်း ၎င်း၏ ရှေ့နေအဖွဲ့မှ ဦးခင်မောင်ဇော်နှင့် ဒေါ်မင်းမင်းစိုးတို့က အတည်ပြုသော်လည်း အသေးစိတ်ကိုမူ မသိရပေ။ 

နေပြည်တော်ကောင်စီဝင်းအတွင်း အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ကနဦးစွဲဆိုထားသည့် အမှုငါးမှုနှင့် စပ်လျဉ်း၍ ဇွန် ၇ ရက်မှစ၍ တစ်ပတ်လျှင် နှစ်ရက် ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီက ကိုဗစ်နိုင်တင်းကပ်ရောဂါအကြောင်းပြချက်ဖြင့် ဇူလိုင် ၁၃ မှစ၍ တရားရုံးထုတ်စစ်ဆေးခြင်းကို ဆိုင်းငံ့လိုက်ပြီး ယနေ့(စက်တင်ဘာ၁၃) တွင်မှ ပထမဆုံးအကြိမ် ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁ အာဏာမသိမ်းမီကတည်းက ဖမ်းဆီးထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စက်တင်ဘာမတိုင်မီ စွဲဆိုထားသည့် အမှုပေါင်း ၁၁ မှုအထိ ရှိသည်။

ယနေ့(စက်တင်ဘာ ၁၃) ငါးမိနစ်ခန့် တွေ့ခွင့်ရချိန်အတွင်း ၎င်းကို ဦးတည်စွဲဆိုထားသည့် အဂတိမှု သုံးမှု၊ ပူးတွဲစွဲဆိုခံရသည့် အဂတိမှု နှစ်မှုရှိကြောင်း မန္တလေးတိုင်းတရားလွှတ်တော်က အမှုခေါ်စာရောက်လာသည်ဟု ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းချုံးပြောသွားကြောင်း ရှေ့နေအဖွဲ့ထံမှ သိရသည်။

ပူးတွဲစွဲဆိုခံရသည့် အဂတိမှုများမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့နှင့် တစ်မှု၊ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့နှင့် တစ်မှုဖြစ်သည်ဟုသာ သိခဲ့ရပြီး အကြောင်းအရာအသေးစိတ်ကိုမူ မသိရသေးဟု ရှေ့နေဦးခင်မောင်ဇော်က ပြောသည်။

ထို့အတူ ရန်ကုန်တွင်လည်း တစ်မှုထပ်ဖွင့်ထားသေးသည်ဟု သိရကြောင်း၊ အသေးစိတ်မသိရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့မှ ဒေါ်မင်းမင်းစိုးကလည်း ပြောသည်။

“အခုကြားတာက မန္တလေးအမှုတွေကို နေပြည်တော်ကို ပြောင်းမယ်လည်း ကြားတယ်။ အထူးတရားရုံးနေရာလုပ်ပြီး တိုင်းတရားသူကြီးတွေ လာစစ်မယ် ကြားတယ်။ အတိအကျတော့ မသိသေးဘူး”ဟု ဦးခင်မောင်ဇော်က ပြောသည်။

မနက်ဖြန်(စက်တင်ဘာ ၁၄) တွင် ကနဦးစွဲဆိုထားသည့် အမှုငါးမှုအနက် မတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ခ)၊ သဘာဘေးဆိုင်ရာ ပုဒ်မနှစ်ခုဖြင့် ထပ်မံရုံးထုတ်ရန်ရှိကြောင်း၊ ယခုတစ်ပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်တစ်ကြိမ်ကျန်သေးကြောင်း၊ ထိုအခါမှသာ ကျန်းမာရေးနှင့် ထပ်တိုးသည့် အမှုများ၏ အခြေအနေအသေးစိတ်ကို သိနိုင်မည်ဟု ရှေ့နေများက ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button