သတင်း

လှည်းကူးတွင် လူမှုကယ်ဆယ်ရေးအသင်းတစ်ခု ထပ်မံစီးနင်းခံရ၊ ဖမ်းခံရသူငါးဦးရှိ 

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် လူမှုကယ်ဆယ်ရေးအသင်းတစ်ခုကို စစ်ကောင်စီက ထပ်မံစီးနင်းခဲ့ပြီး အသင်းဝင်သုံးဦးနှင့် အခြားသူနှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း အသင်းတာဝန်ရှိသူက ပြောသည်။

လှည်းကူးအခြေစိုက် မြို့မမေတ္တာလူမှုကယ်ဆယ်ရေးအသင်းရုံးကို စက်တင်ဘာ ၈ ရက်တွင် စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဇရပ်ကွင်းလမ်းဆုံရှိ လူငယ့်မေတ္တာလူမှုကယ်ဆယ်ရေးအသင်းရုံးကိုလည်း စက်တင်ဘာ ၁၀ နှင့် ၁၁ တွင် နှစ်ညဆက်တိုက် စီးနင်းခဲ့သည်။

လူငယ့်မေတ္တာအသင်းရုံးကို စက်တင်ဘာ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲတွင် အင်အား ၅၀ ခန့်ရှိ စစ်သားများနှင့် အရပ်ဝတ်များက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အသင်းဝင်သုံးဦးကို ၎င်းတို့နေအိမ်များသို့ လိုက်လံဖမ်းဆီးခဲ့ကြောင်း အသင်းတာဝန်ရှိသူ ဦးကျော်မင်းသူက Myanmar Now ကို ပြောသည်။

ထိုနေ့ညပိုင်းက ဖမ်းဆီးခံရသူများမှာ အသင်းယာဉ်မောင်းဖြစ်သူ ကိုအောင်ကြီး(ခ) အောင်ဇေယျာမိုး၊ အသင်းတွင် ဝင်ရောက်လုပ်အားပေးနေသူများဖြစ်သည့် ဦးဇော်ဇော်နှင့် ၎င်း၏ ဇနီးဖြစ်သူ မနောဖြူတို့ သုံးဦးဖြစ်သည်ဟု ၎င်းက ပြောသည်။

“သူတို့က အသင်းမှာ လုပ်အားပေး။ သူတို့အိမ်မှာပဲ အဖမ်းခံရတာ။ ရုံးကို ဝင်စီးပြီးတော့မှ သူတို့ တည်နေရာတွေနဲ့ လိုက်တယ်လို့ ကျွန်တော်က ထင်တာ” ဟု ဦးကျော်မင်းသူက ပြောသည်။ 

ဖမ်းဆီးခံရသည့် အကြောင်းရင်းကို တိတိကျကျမသိရှိရသော်လည်း စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက လှည်းကူးမြို့နယ် ဇရပ်ကွင်း၌ သတင်းပေး(ဒလန်) ဟု ယူဆရသူ ပစ်ခတ်ခံရမှုနှင့် သက်ဆိုင်မည်ဟု ထင်မြင်ကြောင်းလည်း ၎င်းက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၁၁) ည ၉ နာရီခွဲတွင်လည်း လူငယ့်မေတ္တာအသင်းရုံးကို စစ်ကောင်စီက ထပ်မံစီးနင်းခဲ့ကာ အုပ်ချုပ်ရေးမှူးနှင့် သက်သေနှစ်ဦးကို ခေါ်ဆောင်လာပြီးနောက် ကျည်ဆန် ၁၂ တောင့် တွေ့ရှိ သည်ဟု သက်သေခံခိုင်းခဲ့ကြောင်း ဦးကျော်မင်းသူက ဆိုသည်။

“PDF နဲ့ ပတ်သက်မှုရှိတယ်လို့ ပြောတယ်တဲ့။ ကျည်ဆန် ၁၂ တောင့်တွေ့တယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်နေတယ်” ဟု အသင်းရုံးထပ်မံစီးနင်းခံရမှုအပေါ် ၎င်းက ပြောသည်။ 

ထို့ပြင် ယမန်နေ့ညပိုင်းက အသင်းဝင်တစ်ဦးဖြစ်သူ ကိုအေးမင်းအောင်ကို ၎င်း၏ နေအိမ်တွင် စစ်ကောင်စီတပ်များက သွားရောက်ဖမ်းဆီးရာ မတွေ့ရှိသဖြင့် ဖခင်ဖြစ်သူနှင့် ညီဖြစ်သူကို ဖမ်းဆီးသွားကြောင်း ဦးကျော်မင်းသူက ဆက်ပြောသည်။

အသင်းသက်တမ်း ခြောက်နှစ်ရှိ လူငယ့်မေတ္တာလူမှုကယ်ဆယ်ရေးအသင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေးမကောင်းသူများကို ဆေးရုံပို့ဆောင်ပေးခြင်း၊ လှည်းကူးမြို့နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့်အပြင် ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့်ဆိုင်သော လူမှုရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ပေးနေသည်ဟု သိရသည်။ 

လှည်းကူးအခြေစိုက် မြို့မမေတ္တာလူမှုကယ်ဆယ်ရေးအသင်းရုံးကို စစ်ကောင်စီက စက်တင်ဘာ ၈ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အသင်းရုံးတွင်ရှိနေသူ လေးဦးကို ဖမ်းဆီးခဲ့သည့်အပြင် အရေးပေါ်လူတင်ယာဉ်နှစ်စီးကိုလည်း သိမ်းဆည်းခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button