သတင်း

၄၄ လမ်း တိုက်ပေါ်မှ ပြုတ်ကျသူများ ဧရာမပုဒ်မဖြင့် တရားစွဲခံရ

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း အထပ်မြင့်တိုက်ပေါ်မှ ထွက်ပြေးစဉ် ဖမ်းဆီးခံရသူများကို ထောင်ဒဏ်တစ်သက်ချမှတ်နိုင်သည့် ပုဒ်မဖြင့် ယမန်နေ့ (စက်တင်ဘာ ၁၀) က ရုံးတင် စစ်ဆေးခဲ့ကြောင်း သိရသည်။ 

တိုက်ပေါ်မှ ခုန်ချခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ၃ ဦး၊ တိုက်ခန်းအတွင်း အဖမ်းခံရသူ ၃ ဦး၊ အငှားယာဉ်မောင်း ၁ ဦးတို့ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် စစ်ဆေးခြင်းဖြစ်သည်။ 

ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ် ရဲစခန်းများက ကိုရဲမင်းဦး၊ ကိုမင်းသစ္စာမောင်၊ ကိုဝေယံထက်၊ ကိုသီဟကောင်းဆက်၊ ကိုဖြိုးဝေအောင်တို့ကို ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေ (ပုဒ်မ ၃)၊ ဖောက်ခွဲရေးပစ္စည်းများလက်ဝယ်တွေ့ရှိမှု (ပုဒ်မ ၅) နှင့် အားပေးကူညီမှု (ပုဒ်မ ၆) တို့ဖြင့် စွဲဆိုထားကြောင်း ကိုရဲမင်းဦး၏ ဖခင် ဦးတင်ဇော်က Myanmar Now ကို ပြောသည်။ 

မပိုးကျော့ကျော့ခန့်ကို ဖောက်ခွဲရေးပစ္စည်းများလက်ဝယ်တွေ့ရှိမှု (ပုဒ်မ ၅)၊  အငှားယာဉ်မောင်းကို အားပေးကူညီမှု (ပုဒ်မ ၆) တို့ဖြင့် စွဲဆိုထားသည်ဟု ၎င်းက ဆက်ပြောသည်။

ပုဒ်မ ၃ သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၎င်းပြစ်ဒဏ်ကာလထက် လျော့နည်းသည့်ပြစ်ဒဏ်နှင့် ၁၀ နှစ်အထိ ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်ခံရနိုင်သည်။ 

ပုဒ်မ ၅ အတွက် ၁၄ နှစ်အထိ တစ်ကျွန်းပို့ပြစ်ဒဏ်ဖြစ်စေ၊ ၅ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်။ 

အထပ်မြင့်တိုက်ပေါ်မှ ကျလာပြီး နောက်ဖေးလမ်းကြားတွင် ဖမ်းဆီးခံရသော ကိုရဲမင်းဦးသည် ဒဏ်ရာပျောက်ကင်းပုံမရသေးကြောင်း ဖခင်ဖြစ်သူက ပြောသည်။

“ရဲမင်းဦးကတော့ ခြေထောက်ပဲ စိုးရိမ်တာပါ။ သူလမ်းလျှောက်တော့ ဘယ်ဘက် ခြေထောက်တစ်ချောင်းက ထော့နဲ့ထော့နဲ့ သွားနေတယ်ဗျာ။ သူပြောတာတော့ ချောင်းဆိုးရင်၊ ခါးကို လာထိရင်နာတယ် ဘာညာဆိုတော့ ဒါတော့ ကျွန်တော်တို့က စိုးရိမ်တာပေါ့” ဟု ၎င်းက ပြောသည်။

ကိုမင်းသစ္စာမောင်နှင့် ကိုဝေယံထက်တို့မှာ မင်္ဂလာဒုံ ခုတင် ၁၀၀၀ စစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေသဖြင့် အွန်လိုင်းဗီဒီယိုစနစ်ဖြင့် စစ်ဆေးခဲ့ပြီး အင်းစိန်ထောင်တွင် ရောက်နေသည့် ငါးဦး တရားခွင်သို့ ရောက်လာခဲ့ကြောင်း ကိုရဲမင်းဦး၏ ဖခင်ဖြစ်သူက ပြောသည်။

“တွေ့ခွင့်ရတယ်၊ ခဏတဖြုတ်ပေါ့၊ သူတို့( တရားရုံး) လှေကားတက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ ဘေးနားကလိုက်ပြီး အားပေးစကားပြောတာပေါ့” ဟု ၎င်းက ဆိုသည်။ 

သားဖြစ်သူ ကျန်းမာရေးအတွက် စိုးရိမ်နေရပြီး အပြည့်အဝ ပြန်လည်ကောင်းမွန်သည်အထိ ဆေးကုသခွင့်ရလိုကြောင်း ဦးတင်ဇော်က ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်စီးနင်းစဉ် တိုက်ပေါ်မှ ပြုတ်ကျ၊ ခုန်ချသူ ငါးဦးအနက် မဝေဝေမြင့် နှင့် ကိုဝေဇော်ဖြိုးတို့မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ကိုရဲမင်းဦး၊ ကိုမင်းသစ္စာမောင်နှင့် ကိုဝေယံထက်တို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မပိုးကျော့ကျော့ခန့်၊ ကိုသီဟကောင်းဆက်နှင့် ကိုဝေဖြိုးအောင်တို့ကို လက်လုပ်ဗုံး ၁၆ လုံး၊ ယမ်းပျော့နှင့် ဗြောက်အိုးများအပါအဝင် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။  

ဝင်ရောက်စီးနင်းချိန်တွင် တိုက်ခန်းအပေါ်ထပ် ခေါင်မိုး၌ ပုန်းအောင်းနေသည့် ကိုကောင်းမင်းသန့်တစ်ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button