အိမ်ပြန်ချိန်မသိနိုင်သေးသော ရခိုင်ဒေသ စစ်ဘေးရှောင်ရသူများ

ရခိုင်ဒေသ စစ်ဘေးရှောင်နေရသူတို့သည် ပိုမိုလုံခြုံသည့် ယာယီစခန်းများတွင် ခိုလှုံနေကြသည်။ မည်သည့်အချိန်တွင် နေရပ်ပြန်နိုင်မည်ကိုတော့ မည်သူမျှ မသိကြပေ။

ကျေးရွာ ၇ ခုမှ ဒေသခံ ၁,၀၀၀ ကျော် ခိုလှုံနေသည့် နေရာတွင် ဤကလေးငယ် အပါအဝင် ကလေးအများအပြားကို တွေ့နိုင်သည်။ (ဝါးတောင်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်) (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)

ဆောင်းနံနက်ခင်းတစ်ခုတွင် ရုတ်တရက် ပေါ်ထွက်လာသော သေနတ်သံများကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းကျေးရွာလေးသည် ပုရွက်ဆိတ်အုံကို တုတ်နှင့် ထိုးလိုက်သကဲ့သို ဖြစ်သွားသည်။ 

ယခင်နေ့များက ခပ်သဲ့သဲ့သာ ကြားရသည့် သေနတ်သံတို့သည် ဇန်နဝါရီ ၁၃ တွင်မူ  ကျယ်လောင်စွာ ထွက်ပေါ်လာသည့်အပြင်   စာသင်ကျောင်း အဆောက်အအုံကိုပင် ကျည်ဆံ အများအပြား လာရောက် ထိမှန်သဖြင့် ဒေသခံတို့ ဝရုန်းသုန်းကားဖြစ်သွားသည်။

ရွာသားတို့သည် ယာယီစစ်ရှောင်စခန်းဖြစ်လာမည့် ဒုံးသိမ်ရွာ ဘုန်းကြီးကျောင်းသို့ သွားရောက် ခိုလှုံကြသည်။ ထွက်ပြေးရန် အခြေအနေ မပေးသော အသက် ၈ဝ ဝန်းကျင် အမျိုးသားနှစ်ဦးကိုလည်း ၈ ရက်ခန့် အကြာတွင် သွားရောက် ခေါ်ယူနိုင်ပြီ ဖြစ်သောကြောင့် ပိုမို လုံခြုံစိတ်ချရသော နေရာသို့ တစ်ရွာလုံး ရောက်ရှိနေကြသည်။ 

နောက်မှရောက်လာသူတစ်ဦးဖြစ်သည့် အမြင်အာရုံချို့ယွင်းနေသူ  ၇၅ နှစ်အရွယ် ဦးပြိုင်သာကျော်က အခြားသူများနည်းတူ နေရာသစ်တွင် ကြာရှည် နေထိုင်လိုခြင်းမရှိဟု ပြောသည်။

“ကိုယ့်အိမ် ကိုယ့်ယာကို တမ်းတမိတာပေါ့။  ဖြစ်နိုင်ရင်တော့ ပြန်ချင်တယ်” ဟု ၎င်းက ပြောသည်။

သို့သော်လည်း မည်သည့်ကာလတွင် အလယ်ချောင်းကျေးရွာသို့ ပြန်လည် နေထိုင်နိုင်မည်ဖြစ်ကြောင်း မျက်မမြင်အဘိုးကို မည်သူကမျှ အဖြေပေးနိုင်ခြင်း မရှိပေ။

မကြာသေးခင်က လက်နက်ကိုင်တိုက်ပွဲတို့နှင့် အတူ ပေါ်ပေါက်ခဲ့သော ရခိုင်ဒေသ စစ်ရှောင်စခန်းများသည် အခြားဒေသမှ စစ်ရှောင်စခန်းများ နည်းတူ ကာလကြာရှည် တည်ရှိနေမည်ကို နေရပ်စွန့်ခွာလာရသူတို့က စိုးရိမ်နေကြသည်။

မပြေးနိုင်သော လူကြီး ၂ ဦး

ပြီးခဲ့သည့်နှစ်များအတွင်း ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ပဋိပက္ခတို့သည်  လူဦးရေ ၂၆ဝ ခန့် နေထိုင်ရာ အလယ်ချောင်းကျေးရွာသို့ ကူးစက်ခြင်း မရှိခဲ့ပေ။ ယခု ပေါ်ပေါက်နေ သော  တိုက်ပွဲတို့သည် ရွာအထိ ရောက်လာချိန်တွင် မိသားစုဝင်များ အချိန်မီ လွတ်မြောက်နိုင်ရေးကို ရှေးရှု၍  အဘိုးအိုနှစ်ဦးလုံးက ရွာတွင် ကျန်နေခဲ့ရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

ဤတွင် အမြင်အာရုံ ချို့ယွင်းနေသူ ဦးပြိုင်သာကျော် နေထိုင်စားသောက်ရေးအတွက် ကူညီမည့်သူမှာ ငယ်သူငယ်ချင်းလည်းဖြစ် ခမည်းခမက်လည်း ဖြစ်သော ၇၈ နှစ် အရွယ် ဦးစိန်ဘန်း ဖြစ်လာသည်။ ဦးစိန်ဘန်းသည် ရင်ကျပ်ဝေဒနာ ဖြစ်ပွားနေသဖြင့် ရွာသားများနှင့်အတူ လိုက်ပါ ပြေးလွှားနိုင်ခြင်းမရှိပေ။ 

“မျက်စိမမြင်တဲ့သူငယ်ချင်းလည်း ရှိနေတယ်။ သူ့ကို တစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချဘူး” ဟု ဦးစိန်ဘန်းက ဆိုသည်။

ပစ်ခတ်သံများ ရပ်မသွားသဖြင့်  မိသားစုနှင့် ရွာသားတို့ စစ်ရှောင်စခန်းသို့ရောက်ပြီး ရက်အနည်းငယ်ကြာသည်အထိ သူတို့နှစ်ဦးကို သွားရောက်ခေါ်ယူရန် အခြေအနေ မပေးခဲ့ပေ။

ပစ်ခတ်မှုများ တန့်သွားသည့် ဇန်နဝါရီ ၂၀ တွင်  ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့က မီးစိမ်းပြမှ သွားရောက်ခေါ်ဆောင်နိုင်ခဲ့သည်ဟု မိသားစုတို့က ဆိုသည်။

ရွာထဲတွင် ရက်အတန်ကြာ နှစ်ဦးတည်း ရှိနေကြစဉ် မျက်နှာချင်းဆိုင်အိမ်မှ ငယ်သူငယ်ချင်းက လိုအပ်တာမှန်သမျှ ကူညီပေးသည်ဟု အမြင်မသန်စွမ်းသည့် ဦးပြိုင်သာကျော်က ပြောသည်။

“အသေးအမွှားကအစပေါ့ အိမ်သာ သွားတာ၊ ကွမ်းစားတာ၊ ရေခပ်တာက အစ သူပဲလုပ်ပေးတာ။ သူငယ်ချင်း ရှိနေလို့သာပဲလေ။ သူသာမရှိရင် ဘယ်လိုလုပ်ရမလဲတောင်မသိဘူး” ဟု ၎င်းက ပြောသည်။

စားရေးသောက်ရေးအတွက် စီစဉ် ချက်ပြုတ်ရန်မှာ ဦးစိန်ဘန်း၏ တာဝန် ဖြစ်လာသည်။  အိမ်တွင် ရှိနေသည့်ဆန်၊ အသီးအနှံတို့က ၎င်းတို့နှစ်ဦး ရပ်တည်နိုင်ရေးအတွက် အကြီးမားဆုံး အထောက်အကူ ပြုခဲ့သည်။

တိုက်ပွဲ အတွေ့အကြုံကို တစ်ခါမှ မကြုံဖူးသည့် သူတို့နှစ်ဦးသည် အသက်ကြီးမှ စစ်ဘေးရှောင်ဘဝကို ရောက်ရသည့်အတွက် ဝမ်းပန်းတနည်း ရှိနေကြသည်။ ရက်အတန်ကြာ ခက်ခဲသည့် အချိန်ကာလများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြပြီးနောက် သူတို့ မွေးဖွားကြီးပြင်းနေထိုင်လာကြသည့် နေရပ်ကို အခြေအနေရ စွန့်ခွာခဲ့ရသည့်အတွက်လည်း  ကြေကွဲနေကြသည်။ 

ရခိုင်၊ ကချင်၊ ရှမ်း စသည့် ပြည်နယ်များတွင် မကြာသေးမီနှစ်များအတွင်း ပေါ်ပေါက်လာသည့် ပဋိပက္ခတို့ကြောင့် ဒေသခံတို့ နေရပ်စွန့်ခွာ ထွက်ပြေးကြရာ ၎င်းတို့အထဲမှ အများအပြားသည် ဦးစိန်ဘန်းတို့နှစ်ဦးကဲ့သို့ စခန်းအသီးသီးတွင် သောင်တင်နေကြဆဲဖြစ်သည်။

ပစ်ခတ်မှုများ အစပြုခြင်း

ပြီးခဲ့သည့်လအနည်းငယ်အတွင်း ရခိုင်ဒေသ တိုက်ပွဲများသည် တပ်မတော်နှင့် AA ခေါ် ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ် KIA လက်နက်ကိုင်အဖွဲ့ နယ်မြေတွင် စတင် တည်ထောင်ခဲ့သည့် AA သည် ခြောက်နှစ်ခန့် ကြာသောအခါ ရခိုင်မြောက်ပိုင်းတွင်လည်း သိသိသာသာ လှုပ်ရှားလာသည်။ ကနဦးတွင် တပ်မတော်နှင့် တိုက်ပွဲ အနည်းငယ်သာဖြစ်ပွားခဲ့သော်လည်း ၂၀၁၈ နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာသည်။

တပ်မတော်က ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် တည်ရှိသည့် စစ်တိုင်းဌာနချုပ် ၅ ခု နယ်မြေတွင် စစ်ရေးလှုပ်ရှားမှုများ ၄ လကြာ ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ တွင် ကြေညာခဲ့သည်။

ကြေညာချက်ထဲတွင် ရခိုင်ပြည်နယ် ပါဝင်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေကို ထည့်သွင်းခြင်း မပြုရသည့် အကြောင်းရင်းမှာ ARSA အကြမ်းဖက်အဖွဲ့ လှုပ်ရှားခဲ့သည့် ဒေသဟူသော အချက်ကြောင့် ဖြစ်သည်ဟု တပ်မတော် အရာရှိတို့က ဆိုသည်။

ထိုသို့ ကြေညာပြီးနောက်ပိုင်းတွင် ရခိုင်ဒေသအတွင်း AA နှင့် တိုက်ပွဲ ခပ်စိတ်စိတ် ဖြစ်ပွားခဲ့သည်။ ဇန်နဝါရီ ၄ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်း ၄ ခု တိုက်ခိုက်ခံရမှု အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က AA အဖွဲ့ကို ချေမှုန်းရန် ညွှန်ကြားထားကြောင်း တပ်မတော်က သတင်းထောက်များကို ပြောသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ပြောခွင့်ရ ခိုင်သုခက ရခိုင်ဒေသ လတ်တလော ပဋိပက္ခ ဖြစ်စဉ်အတွက် ဦးဆောင် တိုက်သည့် ဗိုလ်ချုပ်များနှင့် ညွှန်ကြားသည့် အတိုင်ပင်ခံပုဂ္ဂိုလ်တွင် တာဝန်ရှိကြောင်း Myanmar Now ကို ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲ ၄၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ပဋိပက္ခဖြစ်စဉ်များကို လေ့လာစောင့်ကြည့်နေသည့် ပြည်တွင်းအခြေစိုက် Burma Monitor အဖွဲ့က မှတ်တမ်းတင်ထားသည်။ 

အာဏာပိုင်တို့က တိုက်ပွဲနယ်မြေဝန်းကျင်တွင် အရပ်သားအများအပြားကို ယခု လအတွင်း စစ်ဆေးမေးမြန်းခဲ့သည်၊ စစ်ရှောင်စခန်းသို့ရောက်ရှိနေသည့် အလယ်ချောင်းရွာသား ဆယ်အိမ်မှူးဖြစ်သူ ဦးအောင်ထွန်းစိန်ကို  AA နှင့် ဆက်သွယ်သည်ဟု  စွပ်စွဲကာ အရေးယူ ထိန်းသိမ်းထားသည်။ ဒေသတွင်း အလားတူ  အရေးယူခံနေရသူ ၆ ဦး ရှိပြီ ဖြစ်ပြီး ထိုအထဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးလည်း ပါဝင်သည်။ 

ဇန်နဝါရီ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအနီး တိုက်ပွဲဖြစ်ပွားစဉ် နေအိမ်တွင်ရှိနေသော ၇ နှစ်အရွယ် မောင်နိုင်စိုး၏ ဦးခေါင်း ကျည်ဆံ ရှပ်ပြီးထိမှန်ခဲ့ရာ ၂ ရက်အကြာတွင် ထိုကလေး သေဆုံးသွားသည်။ 

တိုက်ပွဲများ ရွာအနီး ဖြစ်ပွားပါက မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်ရန် လိုအပ်ကြောင်း ဤဖြစ်ရပ်က ညွှန်ပြနေသည်။

စခန်းများ

တိုက်ပွဲများကြောင့် ဒေသခံ အများအပြား နေရပ် စွန့်ခွာ တိမ်းရှောင်ကြရာ  ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်မြို့နယ်များတွင် စစ်ရှောင်စခန်း ၁၅ ခုထက်မနည်း ပေါ်ပေါက်လာသည်။ တိမ်းရှောင်ရသူတို့ကို လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC )၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) တို့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတချို့က ကူညီခဲ့သည်။

စစ်တွေအခြေစိုက် ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံက စစ်ရှောင်များ နေထိုင်နေကြရသည့် အခြေအနေမှာ ဆိုးဝါးနိမ့်ကျနေပြီး ထောက်ပံ့မှုများကလည်း ထိရောက်မှု မရှိသေးကြောင်း သုံးသပ်သည်။ 

စစ်ရှောင်ရွာသားတို့ အထောက်အပံ့ လုံလုံလောက်လောက် ရရန်အတွက် နိုင်ငံတကာ ကူညီရေး အဖွဲ့အစည်းများကို အစိုးရက တွန်းအား ပေးသင့်ကြောင်း၊ ထိုအဖွဲ့များကလည်း ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်သင့်ကြောင်းကိုလည်း ၎င်းက အကြံပြုသည်။

မကြာသေးမီကာလ တိုက်ပွဲများကြောင့်  လူဦးရေ ၅,၀၀၀ ခန့် နေရပ်စွန့်ခွာရကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကူညီရေးအဖွဲ့ ၁၈ ခုက ဇန်နဝါရီ ၂၂ တွင် ကြေညာချက် ထုတ်ထားသည်။   

ရခိုင်စစ်ဘေးရှောင်များကို သိန်း ၈၀၀ ကျော်ခန့် ကူညီပြီးဖြစ်ကြောင်း၊ ဆန်နှင့် အိမ်အသုံးအဆောင် ပစ္စည်းများကို အဓိကထားကူညီသွားမည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။

“အကူအညီတွေက အခုလည်း ပေးနေတုန်းပဲ။ ရပ်မသွားဘူး။ နောက်ထပ်အစီအစဉ်တွေလည်းရှိနေတယ်” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောသည်။ 

ဒုံးသိမ် စစ်ရှောင်စခန်းတွင် အကူအညီပေးသည့် အဖွဲ့ ၁၀ ဖွဲ့ခန့် ရောက်ရှိခဲ့သော်လည်း လိုအပ်မှုများ ရှိနေဆဲဖြစ်သည်။

လူနေတဲများ တည်ဆောက်ရန် ကုန်ကြမ်းများ၊ အခြေခံအိမ်သုံးပစ္စည်းများ လိုအပ်နေကြောင်း စခန်းတာဝန်ခံ  ၂၄ နှစ် အရွယ် ကိုကျော်ကျော်နိုင်က ပြောသည်။

ကျောက်တော်မြို့နယ် ဝါးတောင်စခန်းသည် လူပေါင်း ၁,၀၀၀ ကျော် ခိုလှုံလျက်ရှိရာ လူဦးရေ အများဆုံး စစ်ရှောင်အများဆုံးစခန်းဖြစ်နေသည်။ မကြာသေးမီ ရက်များအတွင်း Myanmar Now က ထိုစခန်းသို့ သွားရောက် လေ့လာခဲ့ရာ စခန်းတွင် ခိုလှုံနေသူ ငဇရိုင်းရွာသား ကိုစန်းထွန်းက ဒေသတွင်း တိုက်ပွဲများ ငြိမ်သက်သွားမည်ကို မျှော်လင့်နေသည်ဟု ပြောသည်။

“နေရပ်ကိုပြန်နိုင်ဖို့ ဆိုတာကတော့ အေးချမ်းတဲ့အချိန်မှပဲ ပြန်နိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ယူဆတယ် ” ဟု ၎င်းက ဆိုသည်။

ကိုစန်းထွန်းသည် သူမျှော်လင့်နေသည့် အေးချမ်းသည့်အချိန်ကာလ ရောက်ရန် မည်မျှ စောင့်စားရမည် ဆိုသည်ကို မည်သူမျှ မပေးနိုင်သေးသည့် အဖြေ ဖြစ်နေလေသည်။     ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading