သတင်း

ကချင်ပြည်နယ် နန်းမားမြို့မှ လျှပ်စစ်ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ လျှပ်စစ်ဝန်ထမ်းလူငယ်နှစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၈) ၌ စစ်သားများက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ညနေ ၅ နာရီခန့်တွင် နန်းမားမြို့၊ ရှမ်းစုရပ်ကွက်ရှိ လျှပ်စစ်ရုံးသို့ စစ်ကားများရောက်ရှိလာပြီး အသက် ၂၅ နှစ် အရွယ် ကိုအောင်ဆန်းဝင်းနှင့် အသက် ၂၆ နှစ်အရွယ် ကိုကျော်ကျော်တို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူ   ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မနေ့က လျှပ်စစ်ရုံးရှေ့မှာ ခြင်းခတ်နေတုန်း ညနေပေါ့ဗျာ၊ လာဖမ်းသွားတာ။ ဘာကြောင့်ဖမ်းတာလဲတော့ မသိဘူး” ဟု ၎င်းက မြင်တွေ့ရပုံကို ပြောပြသည်။ 

အဆိုပါလူငယ်နှစ်ဦးမှာ နန်းမားနှင့် ၅ မိုင်ခန့်ဝေးသည့် ကန့်ကုန်းကြီးနှင့် မော်လူးမြို့မှ ဖြစ်ပြီး လျှပ်စစ်ရုံးတွင် တာဝန်ထမ်းဆောင်စဉ် နန်းမားမြို့ ညောင်ကုန်းရပ်ကွက်တွင် နေထိုင်ကြသူများ ဖြစ်ကြသည်။ 

၎င်းတို့နှစ်ဦးကို နန်းမားမြို့၊ အမြောက်တပ် (၃၈၆) တွင် ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဒေသခံနောက်တစ်ဦးက ထိုလူငယ် ၂ ဦးမှာ အနေအေးပြီး ကူညီတတ်သူများဖြစ်သည်ဟု ပြောသည်။

“လျှပ်စစ်ကိစ္စတွေလုပ်စရာရှိရင် ပိုက်ဆံပေးတာတောင် မယူဘူး၊ လာလုပ်ပေးတာ။ ကောင်လေးတွေက အေးတယ်ဗျ” ဟု ၎င်းက ပြောသည်။

ထိုလူငယ်နှစ်ဦးကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇွန် ၁ တွင် နန်းမားမြို့အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမင်း ပစ်သတ်ခံခဲ့ရပြီး နန်းမားမြို့ ရှမ်းစုရပ်ကွက်မှ ဦးမြင့်ဝေဆိုသူကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

နန်းမားမြို့တွင် ရှမ်းစုရပ်ကွက်၊ မြို့မရန်အောင်ရပ်ကွက်၊ နန်းသာယာရပ်ကွက်၊ ချောင်းတာရပ်ကွက်နှင့် ညောင်ကုန်းရပ်ကွက်ဟူ၍ ရပ်ကွက် ၅ ခု ရှိရာ ဇွန် ၄ တွင် မြို့မရန်အောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုမျိုးရာဇာဆိုသူ နုတ်ထွက်စာတင်ခဲ့သည်။ 

ကချင်ပြည်နယ်အတွင်း KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများအပြင် သက်ဆိုင်ရာ မြို့နယ် PDF များက စစ်ကောင်စီသတင်းပေးများနှင့် အုပ်ချုပ်ရေးမှူးများအား လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်နေသလို စစ်ကောင်စီကလည်း ၎င်းတို့သံသယရှိသူများကို အဆက်မပြတ် ဖမ်းဆီးနေသည်။

စက်တင်ဘာ ၈ ရက် ညနေက မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်များက လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးပြီး လူငယ် ၇ ဦးထက်မနည်းကို ဖမ်းဆီးသွားသည်ဟု မြစ်ကြီးနားမြို့ခံတချို့က ပြောသည်။

စက်တင်ဘာ ၆ တွင် ချောင်းဇာရပ်ကွက်ရှိ နန်းမားမြို့ပြည်သူ့စစ်အဖွဲ့ဝင် ကိုထွန်းထွန်း၏ နေအိမ်တွင် ပြည်သူ့စစ်များ အရက်စုသောက်နေစဉ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိသွားရာ အပြန်အလှန်ပစ်ခတ်ကြသည်။

ပြည်သူ့စစ်အဖွဲ့ဝင် ကိုထွန်းထွန်း၊ ကိုချစ်ကိုကိုနှင့် PDF တစ်ဦး သေဆုံးသွားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button