သတင်း

ရန်ကုန်တွင် ပစ်ခတ်၊ ဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံစစ်ကြေညာပြီး ၂ ရက်အတွင်း ရန်ကုန်ရှိ စမ်းချောင်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များအတွင်း ပစ်ခတ်၊ ပေါက်ကွဲမှုများဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရာအများအပြားကို ပိတ်ဆို့ရှာဖွေနေကြောင်း ဒေသခံတို့က ပြောသည်။

ယနေ့ စက်တင်ဘာ ၉ ညနေပိုင်းက စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၊ ဂွစျေးအနီး စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် မော်တော်ယာဉ်တိုက်ခိုက်ခံရကြောင်း စျေးနှင့် မနီးမဝေးတွင် နေထိုင်သည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“၄နာရီ ၁၀ မိနစ်ဝန်းကျင်မှာ စစ်သားတွေ သေတဲ့ ဗုံးပေါက်သံကို ကြားရတာ။ လမ်းပေါ်မှာလည်း မှန်ကွဲတွေ ဘာတွေ ကျနေတယ်လို့ ပြောတယ်။ ကျွန်မကတော့ အခင်းဖြစ်တဲ့နေရာထိ မရောက်ခဲ့ဘူး။ စျေးတွေလည်း ပိတ်ခိုင်းတယ်။ လူတွေလည်း ဝရုန်းသုန်းကားနဲ့ ပြေးလွှားနေကြတယ်” ဟု ၎င်းက ပြောသည်။

စစ်ကားများ ထိုနေရာသို့ ထပ်မံရောက်ရှိလာပြီး လမ်းတစ်လျှောက်တွင် ပစ်ခတ်ခြောက်လှန့်ခဲ့ကြောင်း၊ ညနေ ၅ နာရီခွဲခန့်တွင် ပေါက်ကွဲသံများ ထပ်မံကြားရကြောင်း ၎င်းက ဆက်ပြောသည်။ 

“ ၅ နာရီခွဲလောက်မှာ ဗဟိုလမ်း ဇေယျဝတီလမ်းထောင့်မှာ ထပ်ပြီးပေါက်သေးတယ်။ တော်တော်ကျယ်တယ်။ အဲဒါကတော့ PDF က ဖောက်တာကတော့ မဖြစ်နိုင်ဘူး။ အဲ့ဒီနားမှာ စစ်သားတွေက နေရာပိတ်ထားတယ်။ ဗုံးမပေါက်ခင်မှာ စစ်သားတွေ လက်နက်သေတ္တာလို သံသေတ္တာကြီးယူပြီးသွားတာ။ အဲ့ဒီနားမှာ PDF လည်း မရှိဘူး၊ လမ်းတွေပိတ်ထားတယ်ဆိုတော့။ သူတို့ကပဲ လူတွေကို  အထိတ်တလန့်ဖြစ်အောင် ဖောက်တာလားတော့ မသိဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။

ဂွစျေးအနီးရှိ  မိုးမခလမ်းဘက်မှလည်း ပစ်ခတ်သံများထွက်ပေါ်လာသည်ဟု ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီတပ်သားတို့ ပစ်မှတ်ဖြစ်ခဲ့ကြောင်း တိုက်ခိုက်မှုဖြစ်ပွားစဉ် ထိုအနီး ရောက်ခဲ့သူတစ်ဦးကို ကိုးကား၍ စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ဂွစျေးမှာ ကားရပ်ပြီး မုန့်ဝယ်ဖို့အဆင်း သူက အဲဒီကားနားအရောက်မှာ အသံတစ်ခုကြားပြီး သူ့ရှေ့မှာ ကားထဲမှာ သွေးတွေ ဖြာခနဲထွက်သွားတာတဲ့” ဟု ထိုအမျိုးသားက ပြောသည်။

ပစ်ခတ်ဖောက်ခွဲမှုများအပြီးတွင် ရောက်ရှိလာသည့် စစ်ကောင်စီလက်နက်ကိုင်များက စမ်းချောင်းမြို့နယ်အတွင်းရှိ လမ်းများတွင် ပိတ်ဆို့ပြီး အလုပ်သွား၊ အလုပ်ပြန် လူငယ်များကို ဖမ်းဆီးစစ်ဆေးနေသည်ဟု စမ်းချောင်းဒေသခံများက ဆိုသည်။ 

“အောင်ချမ်းသာလမ်းနဲ့ ဗဟိုလမ်းပေါ်မှာ ကားမောင်းရင်းနဲ့ စစ်ကားပေါ်က ရမ်းပစ်သွားတာ။ ဂွစျေးနားမှာ စစ်ကားကို အတိုက်အခိုက်ခံရလို့ အဲ့ဒီလိုလုပ်တာလားတော့မသိဘူး” ဟု ၎င်းက ပြောသည်။ 

စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်ဖောက်ခွဲမှုတွင် စစ်ကောင်စီလက်နက်ကိုင် ၂ ဦး သေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်နေသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။ 

ရန်ကုန်မြို့လယ်ရှိ လမ်းမများဖြစ်သည့် အနော်ရထာလမ်း၊ အောက်ကမ်းနားလမ်းနှင့် ဗိုလ်ချုပ်လမ်းကို ယနေ့ (စက်တင်ဘာ ၉) ညနေပိုင်းတွင် စစ်ကောင်စီတပ်များက ပိတ်ဆို့ထားသည်ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဒဂုံမြို့သစ်မြို့နယ်များ တိုက်ခိုက်မှု

ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်အိမ်ရာအနီး ရွှေလီလမ်းရှိ စည်ပင်သာယာရုံး ယနေ့ (စက်တင်ဘာ ၉) နေ့ခင်း ၁၂ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ပစ်ခတ်သံများကြားရသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိုခိုက်ဒဏ်ရာရမှုများရှိသည်ဟု ကြားရသော်လည်း အတည်မပြုနိုင်သေးပေ။

နေ့လယ်ပိုင်းတွင်  ဒဂုံဆိပ်ကမ်းမြို့နယ်မှ သာကေတသို့ ပြန်လာသည့် ကာသမားတချို့က ဧရာဝဏ်လမ်းနှင့် ရတနာလမ်းတို့ကို ဆက်သွယ်ထားသည့် လမ်းသွယ်အတွင်း စစ်ကားအများအပြား ရောက်ရှိနေသည်ကို တွေ့ခဲ့ရသည်ဟု ပြောသည်။

ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များကို စုစည်းထားသည့် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (AAF) အဖွဲ့ဝင်တစ်ဦးက ဧရာဝဏ်အိမ်ရာအနီးရှိ စည်ပင်ရုံးနှင့် မြောက်ဒဂုံရှိ စစ်ကား ၂ စီးကို ယနေ့ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု Myanmar Now ကို ပြောသည်။  

ထိုတိုက်ခိုက်မှုများတွင် ၎င်းတို့အဖွဲ့ဝင်များ ထိခိုက်မှု၊ ဖမ်းဆီးခံရမှု မရှိကြောင်း၊ ပြည်သူတို့က သတင်းအချက်အလက်၊ ဓာတ်ပုံ၊ ရုပ်သံတို့ကို အွန်လိုင်းတွင် ချက်ချင်းမတင်သည့် နည်းဖြင့် ပူးပေါင်းစေလိုကြောင်း ပြောသည်။ 

“ပြည်သူလူထုအနေနဲ့ တတ်နိုင်သမျှ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ သတင်းတွေကို လွယ်လင့်တကူ လူမှုကွန်ရက်ကို မတင်ဖို့။ ကျွန်တော်တို့တွေက Safe Side (လုံခြုံတဲ့နေရာ) ကို ရောက်ဖို့အတွက် အချိန်က လိုသေးတယ်။ အဲဒီအချိန်မှာ ပစ်ခတ်မှုဖြစ်တဲ့ ဝန်းကျင်နဲ့ ဗုံးပေါက်ကွဲမှုဖြစ်တဲ့ ဝန်းကျင်က ပြည်သူလူထုတွေက သူတို့သိထားတဲ့ information (အချက်အလက်) မြန်မြန်ဆန်ဆန်မတင်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ပြောသည်။

NUG က ခုခံစစ်ကြေညာပြီးနောက်တွင် သူတို့အဖွဲ့က စစ်ကောင်စီတပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှု အများအပြားလုပ်ခဲ့သည်ဟု ဆိုသည်။  

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button