သတင်း

သန်လျင်မှလူငယ်တစ်ဦး ဖမ်းဆီးရိုက်နှက်ခံရပြီး နာရီပိုင်းအတွင်း သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်တပ်က ယမန်နေ့ (စက်တင်ဘာ ၈) ညပိုင်းတွင် ဖမ်းခေါ်သွားသည့် အသက် ၁၉နှစ် အရွယ် ကိုသက်ကိုကိုအောင်သည် ယနေ့နံနက်ပိုင်းတွင် သေဆုံးသွားပြီး နေ့တွင်းချင်း သင်္ဂြိုဟ်လိုက်ရကြောင်း  မိခင်ဖြစ်သူက အတည်ပြုသည်။

မြို့ဟောင်းအရှေ့ရပ်ကွက်တွင် နေထိုင်သည့် ၎င်းထံ ယနေ့ နံနက် ၈နာရီခွဲခန့်တွင် နယ်ထိန်းရဲတစ်ဦး လာရောက်ကာ သားဖြစ်သူ သေဆုံးပြီဟု အကြောင်းကြားခဲ့ကြောင်း၊ အုတ်တံတိုင်းပေါ်မှ ကျသဖြင့် ခါးတွင် ဒဏ်ရာရပြီး သေဆုံးသည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြောကြောင်း ဒေါ်စန်းစန်းမော်ထံမှ သိရသည်။

“ကလေးမှာ ဘာအပြစ်မှ မရှိပါဘူးပေါ့နော်။ သူခိုးလည်းမဟုတ်ပါဘူး။ ခိုးမှုမရှိတဲ့အတွက် ကျွန်တော်တို့က လက်ဖျားနဲ့တောင် မထိပါဘူးလို့ (ရပ်ကွက်) ရုံးက ပြောတယ်။ ကလေးဗိုက်ဆာလို့ မုန့်ဝယ်ကျွေးမယ်လုပ်တာ မုန့်ဝယ်ပြီးပြန်လာတော့ သတိလစ်နေတယ်လို့ သူတို့ကပြောတယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၈) ည ၁၁ နာရီခန့်တွင် ကင်းလှည့်နေသည့် စစ်သားများက မြို့ဟောင်းအနောက်ရပ်ကွက် ရှိုင်းစားသောက်ဆိုင်အနီး ထိုလူငယ်ကို ဖမ်းဆီးကာ ရပ်ကွက်ရုံးသို့ ပို့ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။

ထိုနေ့ည ၁၂ နာရီခန့်မှစ၍ ယနေ့ (စက်တင်ဘာ၉) နံနက် ၅ နာရီခန့်အထိ ရိုက်နှက်စစ်ဆေးနေသည့် အသံများ ရုံးအတွင်းမှ ထွက်ပေါ်နေသည်ကို တစ်ရပ်ကွက်လုံး ကြားရကြောင်း ၎င်းက ဆက်ပြောသည်။

“တစ်ညလုံးပဲ ရိုက်နှက်ထုရိုက်နေတာ။ အသံကြားရတာပေါ့ အကျယ်ကြီးဟာကို။ ကောင်လေးက အော်တာ အောင်မယ်လေး၊ သေပါပြီဗျာ၊ သေပါပြီဗျာ၊ ကိုကြီးရေ ကယ်ပါဦး။ အမေရေ ကယ်ပါဦးလို့ အော်တယ်” ဟု ထိုသူက ပြောသည်။

သို့သော် ကိုသက်ကိုကိုအောင်မှာ လှည့်ကင်းအဖွဲ့နှင့် တိုးစဉ် ထွက်ပြေးရာ စားသောက်ဆိုင်အနီးရှိ ခြံစည်းရိုးအုတ်တံတိုင်းပေါ်မှ ပြုတ်ကျသည့် ဒဏ်ရာဖြင့် သေဆုံးသည်၊ မူးယစ်ဆေးဝါးသုံးစွဲထားခြင်းကြောင့် သေဆုံးသည် စသဖြင့် မြို့ဟောင်းအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့်အဖွဲ့က သတင်းလွှင့်နေကြောင်း ထိုရပ်ကွက်တွင် နေထိုင်သည့် သတင်းရင်းမြစ်နောက်ထပ်တစ်ဦးက ပြောသည်။

နံနက် ၇ နာရီခန့်တွင် မြို့ဟောင်းအနောက်ရပ်ကွက် ကရုဏာရောင်ခြည်နာရေးကူညီမှုအဖွဲ့၏ ကားဖြင့် ရုပ်အလောင်းကို သယ်ဆောင်သွားသည်ကို တွေ့ရပြီး ၁၀ နာရီကျော်တွင် ရဲများရောက်လာသည်ဟု ၎င်းက ပြောသည်။

မိခင်ဖြစ်သူ၏ အဆိုအရ သန်လျင်မြို့နယ်ဆေးရုံက ထုတ်ပေးသည့် သေဆုံးကြောင်းလက်မှတ်တွင် သေဆုံးရသည့် အကြောင်းရင်းကို ဖော်ပြမထားဟု သိရသည်။ ဆေးရုံရင်ခွဲရုံသို့ ကျပ်တစ်သောင်းခွဲပေး၍ ရုပ်အလောင်းကို ထုတ်ယူပြီး ကြည့်ရှုချိန်တွင် ကိုသက်ကိုကိုအောင်၏ ညာဘက်ပါးတွင် ပွန်းပဲ့ဒဏ်ရာ၊ ညာဘက်လက်ကောက်ဝတ်တွင် ကြိုးချည်ခံရသည့် ဒဏ်ရာများတွေ့ရကြောင်း၊ ရင်ခွဲရုံဝန်ထမ်း၏ ပြောပြချက်အရ ကျောပြင်တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများရှိသည်ဟု သိရကြောင်း ဒေါ်စန်းစန်းမော်က ပြောသည်။

ဆေးရုံက ကိုဗစ်ကပ်ရောဂါကာလ သတ်မှတ်ချက်များကို အကြောင်းပြ၍ နေ့တွင်းချင်း သင်္ဂြိုဟ်ခိုင်းသဖြင့် ကိုသက်ကိုကိုအောင်၏ ရုပ်အလောင်းကို ယနေ့(စက်တင်ဘာ ၉) မွန်းလွဲပိုင်းတွင် သန်လျင်မြို့နယ် အမိုးနီသုသာန်၌ မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကွယ်လွန်သူတွင် မိခင်ဖြစ်သူနှင့် အသက် ၁၁ နှစ်အရွယ် ညီငယ်တစ်ဦး ကျန်ရစ်သည်။

ရပ်ကွက်ရုံး၌ ကိုသက်ကိုကိုအောင်ကို ဝိုင်းဝန်းရိုက်နှက်သူများမှာ စစ်တပ်သတင်းပေးဟု နာမည်ကျော်သည့် ရဲဝန်ထမ်းဟောင်းတစ်ဦးနှင့် ထိုရုံးရှိ ရပ်ကျေးအုပ်ချုပ်ရေးဝန်ထမ်းများဖြစ်သည်ဟု စွပ်စွဲမှုများရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရဲစခန်းနှင့် စစ်ကောင်စီတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button