သတင်း

ပေါက်မြို့နယ်တောင်ပိုင်းရွာများ စစ်ကောင်စီရန်ကြောင့် တိမ်းရှောင်

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် မကွေးတိုင်း ပေါက်မြို့နယ် ကင်းမရွာအပါအဝင် ကျေးရွာ ၁၅ ရွာမှ လူဦးရေ ၅၀၀၀ ခန့်သည် စစ်ကောင်စီတပ်၏ ရန်ကို စိုးရိမ်ပြီး နေရပ်စွန့်ခွာသွားပြီဟု သိရသည်။ 

စစ်ကောင်စီတပ်နှင့် ပေါက်မြို့နယ်ပြောက်ကျားအဖွဲ့တို့အကြား စစ်ရေးတင်းမာနေသည့် အခြေအနေမရှိသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာလိုက်သည့် စက်တင်ဘာ ၇ မှ  ရက်နေ့မှစ၍ တိမ်းရှောင်ကြခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာများသည် စစ်ကောင်စီတပ်၏ မကြာခဏ မွှေနှောက်ဖျက်ဆီးခြင်းခံရသည့် ကင်းမ၊ ဝန်ခြုံးရွာဖြစ်စဉ်များကို နမူနာယူ၍ ထိုကဲ့သို့ လုယက်မှု မခံရစေရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ပေါက်မြို့နယ်ပြောက်ကျားအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

“တောထဲမှာ ပစ္စည်းတွေ ပို့ပြီး စောင့်အိပ်တဲ့လူတွေရှိတယ်။ ရွာတွေက အလွတ်ပဲကျန်တာ။ စစ်တပ်လာရင် အဆင်သင့်ပြေးလို့ရအောင် ပြင်ထားကြတာ။ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ပေါ့။ ဗြုန်းစားကြီးဆိုရင် ပစ္စည်းတွေ အလုခံရတယ်လေ။ တန်ကြေးရှိတဲ့ပစ္စည်းတွေ၊ အဝတ်တွေကို တောထဲ ပို့ထားကြပြီ”ဟု အထက်ပါ အမျိုးသားက ပြောသည်။

ကင်းမ၊ ဝန်ခြုံးနှင့် တောင်ဘက်ကျေးရွာတို့မှာ စစ်ကောင်စီတပ်များက စက်တင်ဘာ ၂ရက်နေ့အထိ တပ်စွဲ၍ မွှေနှောက်ခဲ့သော ရွာများ ဖြစ်သည်။

NUG ၏ တိုက်ပွဲခေါ်သံကြောင့် လူဦးရေ တစ်သောင်းခွဲကျော်ရှိသည့် ကျေးရွာ  ၁၅ ခုမှ လူ ၅၀၀၀ ကျော်သည် တောတွင်းမှာ တိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

လူဦးရေ ၁၀၀၀ ကျော် ရှိသည့် တောင်ဘက်ရွာတွင်လည်း လူဦးရေ ၂၀၀ ခန့်သည် တောထဲသို့ အပြီးပြောင်းရွှေ့သွားကာ ကျန်ရွာသားများမှာ စစ်တပ်ဝင်လာလျှင် ထွက်ပြေးနိုင်ရန် အဆင်သင့်ပြင်ဆင်ထားပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်မ အပါအဝင် ရွာကလူတွေ စိုးရိမ်တာက အပေါ်ကနေ ဗုံးကြဲမှာကို စိုးရိမ်တာ။ သူတို့ (စစ်တပ်) ဘာတွေပြောနေနေ ကျွန်မတို့ ယုံလို့မရဘူး။ သူတို့က ဘယ်လောက်အထိ ဆိုးရွားမလဲ မသိနိုင်ဘူး။ မသိနိုင်တဲ့အတွက် ရှောင်ဖို့ ကြိုတင်ပြင်ဆင်ထားတာ။ ဖြစ်လာသမျှကို ရင်ဆိုင်မယ်။ အဆုံးထိသွားမယ်”ဟု တောင်ဘက်ရွာသူတစ်ဦးက ပြောသည်။

ကင်းမ၊ တောတဲ၊ သဖန်ပြင်၊ ဒိန်းကွင်း၊ ကင်းဆုတ်၊ တောင်ဘက်၊ ဇီးတော၊ ဝန်ခြုံး၊ လယ်ယာနှင့် သက်ကယ်ကျင်းရွာတို့မှ  အများစုသည် တောထဲ တိမ်းရှောင်နေပြီး ကျန်ရွာများမှာလည်း ရိက္ခာထုပ်ပိုးနေကြသည်ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် အသက်သေသည်အထိ ပစ်ခတ်ဖြိုခွင်းနေသော စစ်တပ်ကို ရရာလက်နက်ဖြင့် ခုခံနေသည့် မကွေးတိုင်းအတွင်းရှိ မြို့ရွာများတွင် ပေါက်မြို့နယ်မှ ရွာများမှာ ထင်ရှားသည်။

မေလအတွင်း ပေါက်မြို့နယ်၊ ကင်းဆုပ်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင် အသတ်ခံရသည့် ဖြစ်စဉ်၊ ကင်းမရွာအနီးရှိ ကြည့်ငိုတောင်ကြားတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်များအပြီး စစ်တပ်က ထိုဒေသအတွင်း နယ်မြေရှင်းလင်းရေး ဆက်တိုက်လုပ်ဆောင်နေသည်။

ဇွန်၁၅က ပေါက်မြို့နယ်တောင်ဘက်ရှိ လူဦးရေ ၁၀၀၀ ကျော်နေထိုင်သည့် ကင်းမရွာမှာ စစ်ကောင်စီလက်ချက်ဖြင့် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရကာ အသက် ၈၀ ကျော် ဇနီးမောင်နှံနှစ်ဦးပင် မီးထဲပါ၍ သေဆုံးခဲ့ရသည်။

စစ်တပ်က မီးရှို့မှုကြောင့် ကင်းမရွာမှ အိမ်ခြေ ၂၄၀ အနက် အလုံး ၃၀ သာ ကျန်သည်။ ရွာသား ၁၀၀၀ ဝန်းကျင်မှာလည်း လက်ရှိအချိန်ထိ ထွက်ပြေးနေရဆဲဖြစ်သည်။

ထို့အပြင် ဇူလိုင် ၃၁ က  ပေါက်မြို့နယ်တောင်ပိုင်းရှိ ပင်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ပြောက်ကျားအဖွဲ့က ပစ်လိုက်အပြီး ပင်တောင်ရွာနှင့် ကပ်လျက်ရှိ ဝန်ခြုံးရွာကို စစ်ကောင်စီတပ်က မကြာခဏဝင်ရောက် မွှေနှောက် ရန်ရှာနေသဖြင့် ရွာသားများ ထွက်ပြေးနေရဆဲဖြစ်သည်။

အလားတူ စက်တင်ဘာ ၂တွင်လည်း တောင်ဘက်ရွာကို စစ်တပ်က လာရောက်တပ်စွဲကာ အိမ် ၁၀၀ ကျော်ကို မွှေနှောက်ခဲ့သေးသည်။ 

ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာများ၏ အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အသက် ၈၀ ကျော် ဇနီးမောင်နှံ သေဆုံးသည့်ဖြစ်စဉ်တွင် ကင်းမရွာကို မီးရှို့သူတို့မှာ အကြမ်းဖက်သမားများသာဖြစ်ကြောင်း၊ အလှူငွေရလိုသဖြင့် ရှို့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဇွန် ၁၉ တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍  “သတင်းမှား” ထုတ်ပြန်သော ပြည်တွင်း/ပြည်ပ မီဒီယာများနှင့် အဖွဲ့အစည်းများ၏ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button