မလေးမူးယစ်အမှု ထိပ်တန်း သံသယတရားခံဟာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်လို့လည်း စွပ်စွဲခံနေရ

မူးယစ်ဆေး ဒေါ်လာ ၁၈ သန်းဖိုး ဖမ်းမိတဲ့အမှုမှာ အဓိကတရားခံအဖြစ် ယူဆရသူဟာ မလေးရှားမှာ အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်သလို နာမည်ကျော် လူမှောင်ခိုဂိုဏ်းခေါင်းဆောင်လို့လည်း သံသယရှိခံနေရပါတယ်။

 

 

Published on Jun 22, 2018
မလေးရှားနိုင်ငံတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးများနှင့် ပတ်သက်သည်ဟု ရဲက ယူဆ ထားသူ မောင်မောင်ကို ဇွန် ၆ ရက်နေ့က ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ် တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)
မလေးရှားနိုင်ငံတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးများနှင့် ပတ်သက်သည်ဟု ရဲက ယူဆ ထားသူ မောင်မောင်ကို ဇွန် ၆ ရက်နေ့က ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ် တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

(ရန်ကုန်) - မြန်မာနိုင်ငံမှာ သမိုင်းဝင် ရွေးကောက်ပွဲကြီးတစ်ခုအတွက် စိတ်လှုပ်ရှား တက်ကြွနေကြချိန်၂ဝ၁၅ မေလအတွင်း နိုင်ငံတကာမှာ ကြောက်မက်ဖွယ် သတင်းတစ်ပုဒ် ပျံ့နှံ့ခဲ့ပါတယ်။ အဲဒါကတော့ မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့ မလေးရှား နယ်စပ်က ထူထပ်လှတဲ့ တောတွင်း တစ်နေရာမှာ လူကုန်ကူးဂိုဏ်းတွေ အသုံးပြုခဲ့တဲ့ လျှို့ဝှက်စခန်း ၂၈ ခုကို မလေးရှားရဲတပ်ဖွဲ့က စီးနင်းရှာဖွေ တွေ့ရှိခဲ့တယ်၊ အဲဒီမှာ လူကုန်ကူးခံရသူတွေရဲ့ ရုပ်အလောင်း ၁၃၉ လောင်းကို တူးဖော် တွေ့ရှိရတယ်ဆိုတဲ့ သတင်းပါပဲ။ မြန်မာနိုင်ငံမှာတော့ ဒီသတင်းကို သိပ်သတိမထားမိခဲ့ကြပါဘူး။

ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အစာရေစာ ပြတ်လပ်ခြင်းတို့ကြောင့် သေဆုံးခဲ့ကြတာဖြစ်တယ်လို့ ရုပ်အလောင်းတွေကို စစ်ဆေးချက်က ဆိုပါတယ်။ ထိုင်း-မလေးရှားနယ်စပ်ဟာ လှေစီးဒုက္ခသည်တွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကနေ အရှေ့တောင်အာရှကို လူမှောင်ခိုကူးတဲ့ဂိုဏ်းတွေရဲ့ ခရီးတစ်ထောက်နားတဲ့ နေရာဖြစ်တယ်၊ လူကုန်ကူးခံရသူတွေကို အဲဒီ လျှို့ဝှက်စခန်းတွေမှာ ချုပ်နှောင်ထားတယ်၊ ငွေပေးပြီး မရွေးနိုင်တဲ့သူတွေကို ရောင်းစားတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒီသတင်းပေါ်ထွက်လာပြီး မကြာခင်မှာပဲ ဒီလို လှေနဲ့ လူကုန်ကူးတဲ့ဂိုဏ်းတွေကို အဓိကဦးဆောင်နေသူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်မြောက်ပိုင်းက ‘ရိုဟင်ဂျာ’မွတ်စလင်တွေ ဖြစ်တယ်လို့ မလေးရှား နိုင်ငံပိုင်သတင်းဌာန Bernama ရဲ့ သတင်းတစ်ပုဒ်က ဆိုပါတယ်၊ လူကုန်ကူးစခန်း ၂၈ ခုရဲ့ နောက်ကွယ်မှာ အဓိကကြီးကြပ်နေသူဟာ မြန်မာနိုင်ငံက “ရိုဟင်ဂျာ” တစ်ယောက်ဖြစ်ကြောင်း၊ နာမည်က ‘Yassin (ယာစင်)’ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ (အဲဒီသတင်းကို ဒီမှာ ဖတ်ပါ။)

ရိုဟင်ဂျာကို မြန်မာပြည်မှာ ဘင်္ဂါလီလို့ အများအပြားက ခေါ်ကြပါတယ်။

အဲဒီ ယာစင်ဆိုတဲ့လူဟာ ထိုင်းတောင်ပိုင်းမှာ နေတယ်၊ ထိုင်းနဲ့မြန်မာ မှတ်ပုံတင် နှစ်မျိုးစလုံး ကိုင်ဆောင်ထားပြီး သူ့မှာ ထိုင်းနဲ့မြန်မာ နာမည်နှစ်မျိုး ရှိတယ်၊ ဘင်္ဂါလီ/ရိုဟင်ဂျာ ဆိုသူတွေကို လူကုန်ကူးနေသူ ဖြစ်တယ်၊ ဒီကိစ္စပေါ်တော့ ထိုင်းဘက် တိမ်းရှောင်သွားရာကနေ မြန်မာနိုင်ငံထဲကို ဇနီးနဲ့အတူ တိတ်တဆိတ် ပြန်ဝင်သွားကြောင်း ယုံကြည်ရတယ်လို့ လွန်ခဲ့တဲ့ သုံးနှစ်ကာလ သတင်းတစ်ပုဒ်မှာ ဖော်ပြခဲ့ပါတယ်။

သုံးနှစ်အကြာမှာ ပြန်ပေါ်လာတဲ့နာမည်

လူမှောင်ခိုရာဇာအဖြစ် စွပ်စွဲခံခဲ့ရတဲ့ အဲဒီ “ယာစင်” ဆိုတဲ့ နာမည်ဟာ မကြာမတင်က မြန်မာနိုင်ငံထဲမှာ ရုတ်တရက် ပေါ်ထွက်လာပါတယ်။ ပြီးခဲ့တဲ့လမှာ မြန်မာနိုင်ငံက တင်ပို့လိုက်ပြီး မလေးရှားမှာ စံချိန်တင် ဖမ်းဆီးရမိခဲ့တဲ့ ၁ ဒသမ ၂ တန် ရှိတဲ့ မူးယစ်ဆေးအမှုမှာ အဓိကလက်သည် တရားခံဟာ ၄၄ နှစ်အရွယ် “မောင်မောင် ခေါ် Hj Yassin” ဖြစ်တယ်လို့  ပြည်ထဲရေးဝန်ကြီးဌာနက ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မကြာခင်မှာပဲ သူ့ကို ဖမ်းမိပြီလို့ ထပ်မံသတင်းထုတ်ခဲ့ပါတယ်။

မောင်မောင် ခေါ် ဟာဂျီယာစင် (Hj Yassin) ကို ဖမ်းမိတဲ့နောက်မှာ သူဟာ မလေးရှားနယ်စပ်မှာ လူကုန်ကူးမှုတွေ၊ လူသတ်မှုတွေအတွက် သံသယရှိသူအဖြစ် ကြေညာခံထားရတဲ့ Yassin နဲ့ တစ်ယောက်တည်းလားဆိုတဲ့ မေးခွန်း ပေါ်ထွက်လာပါတယ်။ အကြောင်းရင်းကတော့ အခုဖမ်းမိထားတဲ့ မောင်မောင် ခေါ် ယာစင်ဟာ မလေးရှားနိုင်ငံမှာ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ဖူးပြီး မလေးရှားနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအကြား၊ အထူးသဖြင့် မလေးရောက် မြန်မာနိုင်ငံသား မွတ်စလင်တွေကြားမှာ အောင်မြင်တဲ့ စတိုးဆိုင်၊ ငွေလွှဲလုပ်ငန်း၊ စားသောက်ဆိုင် စတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်တဲ့ လုပ်ငန်းရှင်အဖြစ် လူသိများကျော်ကြားတဲ့သူ ဖြစ်နေလို့ပါပဲ။

အခုက စပြီး Yassin ကို ‘ယာစင်’ လို့ပဲ ရေးပါမယ်။

မြန်မာနိုင်ငံက မွတ်စလင်တွေနဲ့ မလေးရှားရောက် မြန်မာပြည်ဖွား မွတ်စလင်အသိုင်းအဝန်းမှာရှိတဲ့ Myanmar Now သတင်းရင်းမြစ်တွေကတော့ အခုဖမ်းမိထားတဲ့ မောင်မောင် ခေါ် ယာစင်ဟာ လူမှောင်ခိုရာဇာ ယာစင်နဲ့ တစ်ယောက်တည်းပဲလို့ ပြောပါတယ်။

သူတို့ဟာ မလေးရှားမှာ ကွန်ရက်ကြီးတဲ့ လူမှောင်ခိုဂိုဏ်းတွေရဲ့ရန်ကြောင့် သူတို့နာမည်ကို ထုတ်ဖော်မရေးသား စေချင်ကြပါဘူး။

မောင်မောင် ခေါ် ယာစင်ရဲ့အမှုမှာ အရေးပါတဲ့ သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ ရန်ကုန်က သူ့ရဲ့ ဇနီးကတော့ သူ့ယောက်ျားနဲ့ လူကုန်ကူးတရားခံ ယာစင်တို့ဟာ နာမည်တူတာသာဖြစ်တယ်လို့ ပြောပါတယ်။ မလေးရှား၊ ကေဒါပြည်နယ်အခြေစိုက် မလေးရိုဟင်ဂျာအသင်း (Kedah Rohingya Society in Malaysia - RSM) ရဲ့ ဒုတိယဥက္ကဋ္ဌ ယူစွပ် အလီ (Yusof Ali) ကလည်း ဒီနှစ်ယောက်ဟာ သပ်သပ်စီ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်က ခုလို ငြင်းပေမယ့်လည်း နှစ်ယောက်စလုံးဆီကနေ ရလိုက်တဲ့အချက်ကတော့ မောင်မောင် ခေါ် ယာစင်ဟာ မလေးရှားနိုင်ငံမှာတုန်းက လူကုန်ကူးဂိုဏ်းသံသယနဲ့ မလေးရှား အထူးစုံစမ်းရေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးတာကို ခံရဖူးတယ် ဆိုတာပါပဲ။

“သူဒီလို စစ်ဆေးခံရတော့ ကျွန်တော်ကိုယ်တိုင် မလေးရှားရဲတွေဆီ သွားပြီး စကားပြန် လုပ်ပေးခဲ့ရတယ်။ ‘သူဟာ စီးပွားရေးသမား သက်သက်ပဲ၊ လူကုန်ကူးတာ မလုပ်ဘူး’လို့ (မလေးရဲကို) ပြောပြီး သူလွတ်အောင် ကျွန်တော်ပဲ လုပ်ပေးခဲ့တာ”လို့ မလေးရှားမှာ ရှိတဲ့ ယူစွပ်အလီက Myanmar Now ကို ဖုန်းနဲ့ ပြောပါတယ်။

‘ယာစင်’ဆိုသူဟာ ထိုင်းတောင်ပိုင်းမှာရှိတဲ့ လူမှောင်ခို ဂိုဏ်းတစ်ဂိုဏ်းဆီကနေ ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ပုံသေဈေးနှုန်းတစ်ခု သတ်မှတ်ပြီးဝယ်ကြောင်း၊ မလေးရှားဘက်ခြမ်း ဝမ်ကေလီယန် (Wang Kelian) က တစ်ထောက်နားစခန်းတွေမှာ ခဏထားထားပြီး တခြား လူကုန်ကူးသူတွေဆီကို ပြန်ရောင်းကြောင်း ယူစွပ်အလီက သူရထားတဲ့ အချက်အလက်တွေကို အခြေခံပြီး Bernama သတင်းဌာနကို အဲဒီတုန်းက ပြောခဲ့ဖူးပါတယ်။

မောင်မောင် ခေါ် ယာစင်ရဲ့ ဇနီးဖြစ်တဲ့ ဒေါ်ဝင်းမာထွန်းကတော့ အဲဒါဟာ လူမှားပြီး အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“မလေး (အထူးစုံစမ်းရေး) ရဲတပ်ဖွဲ့က ကျွန်မအမျိုးသားကို ခေါ်စစ်ဖူးပေမယ့် နာမည်တူတာပါ။ စုံစမ်း စစ်ဆေးပြီး မဟုတ်မှန်းသိတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ တကယ်က အဲဒီလူ (လူမှောင်ခို) က နာမည်တူနဲ့ လုပ်စားတာပါ” လို့ တာမွေမြို့နယ် ဖိုးစိန်လမ်းမှာရှိတဲ့ သူတို့လင်မယားနေထိုင်ရာ ကွန်ဒိုအခန်းမှာ Myanmar Now ကို ပြောပါတယ်။

ဇိမ်ခံဆိုဖာကြီးများ၊ သိုးမွှေးကော်ဇော၊ လှပတဲ့ ကြွေထည်ပစ္စည်း အများအပြားနဲ့ တခမ်းတနား ပြင်ဆင်ထားတဲ့ အဲဒီ အဆင့်မြင့်တိုက်ခန်းအတွင်း တွေ့ဆုံမေးမြန်းရာမှာ ဒေါ်ဝင်းမာထွန်းက ခင်ပွန်းသည် လူကုန်ကူးမှု မရှိကြောင်း ငြင်းပေမယ့် ဆိုင်ဝန်ထမ်းတစ်ဦးက ‘ယာစင်’ ဆိုတဲ့ နာမည်ကိုသုံးပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းသား မွတ်စလင်တွေကို လူကုန်ကူးခဲ့တယ်လို့တော့ နောက်ပိုင်းမှာ ပြောပါတယ်။

“အဲဒီလူကုန်ကူးတဲ့သူက ကျွန်မအမျိုးသားနဲ့ ဆွေမျိုးမတော်ပေမယ့် လူယုံ။ ငွေလွှဲရင် အချိတ်အဆက်ကိစ္စ အားလုံးအတွက် ဆိုင်မှာပဲ သူလုပ်တယ်။ ဟာဂျီယာစင် ဆိုတဲ့ နာမည်ကို ကိုင်ပြီးတော့လုပ်တာ။ သူက ‘ရိုဟင်ဂျာ’ ပဲ။ သူ့နာမည်အရင်းကို လူတွေကမသိဘူး။ ‘ယာဂျီယာစင်ဆိုင်’ ဆိုပြီးတော့ပဲ လူတွေက သိကြတယ်။ ဒါကြောင့် ကျွန်မယောက်ျားက လူကုန်ကူးတယ်လို့ နာမည်ထွက်သွားလို့ ခေါ်အစစ်ခံရတာ” လို့ ပြောပါတယ်။

ဒါပေမဲ့ မလေးရှားရောက် မြန်မာပြည်ဖွား မွတ်စလင်တချို့ကတော့ မောင်မောင် ခေါ် ဟာဂျီယာစင် သူတို့ဆီမှာ ယာယီအထိန်းသိမ်းခံရစဉ်တုန်းက ပီနန်မြို့က သူ့အိမ်ကို ရဲက ဝင်စီးပြီး တွေ့တဲ့ ငွေတွေကို ငွေမည်းဆိုပြီး သိမ်းဆည်းခဲ့ကြောင်း၊ လူကုန်ကူးမှုသံသယနဲ့ စစ်ဆေးခဲ့‌ကြောင်း၊ သူက ရဲကို လာဘ်ထိုးပြီး ပြန်လွတ်လာခဲ့တာ ဖြစ်တယ်လို့ ယုံကြည်ရကြောင်း ပြောကြပါတယ်။

သံသယတရားခံရဲ့ဘဝနောက်ကြောင်း

မြန်မာနိုင်ငံမှာရော မလေးရှားမှာပါ ‘ဟာဂျီ ယာစင်’လို့ လူသိများတဲ့ မောင်မောင် ရဲ့ မိဘတွေဟာ ရခိုင်မြောက်ပိုင်းသားတွေဖြစ်ပေမယ့် မောင်မောင်ကိုတော့ ရန်ကုန်မှာပဲမွေးပြီး အင်းစိန်ဗလီလမ်းမှာ ကြီးတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ ရခိုင်မြောက်ပိုင်း သတင်းရင်းမြစ်တစ်ခုကတော့ မောင်မောင် ခေါ် ယာစင်ဟာ မောင်တောမြို့ (၅) ရပ်ကွက်မှာ နေခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ပါ ဖခင် ‘ဦးရှော်ရိတ်အာမောက်’ ဆိုတဲ့ နာမည်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းသား မွတ်စလင်တွေ မှည့်တတ်တဲ့ နာမည်မျိုးဖြစ်ကြောင်း၊ မြန်မာပြည်ရဲ့အခြားဒေသက မွတ်စလင်တွေဟာ ‘အာမက်’ဆိုတဲ့ နာမည်ကို သုံးကြပြီး ရခိုင်မြောက်ပိုင်းမှာတော့ ‘အာမောက်’လို့ သုံးတတ်ကြောင်း အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။

ဟာဂျီ ယာစင်ဟာ ၁၉၈၉ ဝန်းကျင် အသက် ၁၅ နှစ် အရွယ်လောက်မှာ မလေးရှားကို ထိုင်းကတစ်ဆင့် တရားမဝင်လမ်းကြောင်းကနေ ရောက်သွားတယ်၊ မလေးရှားမှာ ကျပန်းအလုပ်တွေလုပ်၊ ပန်းရံအလုပ်တွေ ပုတ်ပြတ် လက်ခံရာကနေ နောင်မှာ မြန်မာနိုင်ငံက တင်သွင်းတဲ့ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းတွေ ရောင်းချတဲ့ ‘အောင်ရတနာ’ဆိုတဲ့ လက်လီဆိုင်ခွဲတွေကို ဖွင့်လှစ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

http://aungyadanastore.com ဆိုတဲ့ ဝက်ဘ်ဆိုက်မှာတော့ မြို့တော် ကွာလာလမ်ပူ၊ ကေဒါပြည်နယ်က အလော်ဆေးတား (Alor Setar) နဲ့ မြန်မာအလုပ်သမား အများအပြား ရှိတဲ့ ပီနန်ပြည်နယ်က ဘူကစ် မာတာဂျမ် (Bukit Mertajam) တို့မှာ ဖွင့်လှစ်ထားတဲ့ ‘အောင်ရတနာစတိုး’ ဆိုင်ဓာတ်ပုံတွေကို ဆလိုက်ရှိုးပုံစံနဲ့ တင်ထားပြီး စတိုးဆိုင် နာမည်တွေ အောက်မှာလည်း မြန်မာပြည်အနှံ့ ငွေလွှဲငွေပို့ လုပ်ငန်းတွေ လုပ်ကိုင်ကြောင်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ရေးသားထားပါတယ်။

မလေးရှားရောက် သိန်းနဲ့ချီတဲ့ မြန်မာလုပ်သားတွေ မြန်မာနိုင်ငံကို ငွေလွှဲပို့ပေးတဲ့ အဓိကဝန်ဆောင်မှု ပေးနေတာဟာ မောင်မောင် ခေါ် ဟာဂျီ ယာစင် ဖြစ်တယ်လို့ မလေးရှားမှာနေထိုင်တဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ မြန်မာဘက်ကနေ မလေးကို သင်္ဘောနဲ့ ကုန်ပစ္စည်းတင်ပို့တဲ့ လုပ်ငန်းမှာလည်း မလေးအာဏာပိုင်တွေထဲအထိ ပေါက်ရောက်တယ်လို့ သူက ဆိုပါတယ်။

မောင်မောင် ခေါ် ယာစင်ရဲ့ ရန်ကုန်မြို့က ဇနီးကလည်း မလေးရှားနိုင်ငံက အောင်ရတနာစတိုးဆိုင်တွေ၊ ငွေလွှဲလုပ်ငန်းတွေကို သူ့ယောက်ျားဖြစ်သူ ပိုင်ဆိုင်ပြီး ငွေလွှဲလုပ်ငန်းကနေ တစ်နေ့ကို ဒေါ်လာသောင်း၊ သိန်းချီ ဝင်ငွေရတယ်လို့ ပြောပါတယ်။ သူဟာ ဒုတိယဇနီးဖြစ်ပြီး မလေးရှားနိုင်ငံမှာ ယာစင်ရဲ့ ပထမဇနီး ရှိတယ်လို့ ပြောပါတယ်။

ပြည်တော်ပြန်ခြင်း

၂ဝ၁၅ ခုနှစ် မေလ လူကုန်ကူးခံရသူတွေရဲ့ ရုပ်အလောင်း ၁ဝဝ ကျော်နဲ့ ပတ်သက်ပြီး မောင်မောင် ခေါ် ယာစင်ဟာ မလေးရှားရဲရဲ့ ဖမ်းဆီးစစ်ဆေးခြင်းကို ခံရပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး အခြေချပါတယ်။ ဒုတိယဇနီးဖြစ်တဲ့ ဒေါ်ဝင်းမာထွန်းကတော့ သူတို့ပြန်လာတာဟာ လူကုန်ကူးမှုကိစ္စကြောင့် မဟုတ်ဘဲ “အသက်အရွယ်ရလာတာကြောင့်” ကိုယ့်ဇာတိရပ်ရွာမှာ ပြန်အခြေချဖို့အတွက် မလေးရှားမှာ စီးပွားရေး အဆင်ပြေတဲ့ကြားကနေ ၂ဝ၁၆ ခုနှစ်နှောင်းပိုင်းမှာ ပြန်လာခဲ့ရတာလို့ ပြောပါတယ်။

အသက်အရွယ်ကို အကြောင်းပြချက်ပေးပေမယ့် သူ့ရဲ့ခင်ပွန်းဟာ အသက် ၄၄ နှစ်ပဲ ရှိသေးသလို ဒေါ်ဝင်းမာထွန်းဟာလည်း ခင်ပွန်းထက် ငယ်ရွယ်ဦးမယ့်ပုံ ပေါက်ပါတယ်။ ဒါ့ပြင် သူတို့ပြန်လာချိန်ဟာ မြန်မာနိုင်ငံမှာ မွတ်စလင်မုန်းတီးရေး ဟောပြောမှုတွေ မြင့်တက်နေလို့ မွတ်စလင် တချို့တောင် ပြည်ပထွက်အခြေချဖို့ ကြိုးစားကြချိန်လည်း ဖြစ်ပါတယ်။

“ဟိုမှာက နေရထိုင်ရ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကအစ အဆင်ပြေပေမယ့် ကိုယ့်ရဲ့ နောက်ဆုံးထွက်သက်ကတော့ အဆင်မပြေဘူး။ အဲဒါလေးတစ်ခုပါပဲ။ ပိုက်ဆံ ဘယ်လိုရှာရမလဲ ကောင်းကောင်း သိနေပါပြီ” လို့ ဒေါ်ဝင်းမာထွန်းက ပြောပါတယ်။

မောင်မောင် ခေါ် ဟာဂျီယာစင်ဟာ မလေးရှားကို လွန်ခဲ့တဲ့ နှစ် ၂ဝ နီးပါးက တရားမဝင် ထွက်ခွာသွားခဲ့ပေမဲ့ ပြန်လာတဲ့အချိန်မှာတော့ မြန်မာနိုင်ငံကူးလက်မှတ်နဲ့ ပြန်လာခဲ့တယ်လို့ ယူဆရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့သတင်းမှာ ပူးတွဲပါတဲ့ သူ့ရဲ့ နိုင်ငံကူးလက်မှတ် အထောက်အထားမှာတော့ ကွာလာလမ်ပူ မြန်မာသံရုံးက ၂ဝ၁၇ အောက်တိုဘာ ၂၃ ရက် နေ့စွဲနဲ့ ထုတ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံပြန်မလာခင် မလေးရှားက သူ့လုပ်ငန်းအချို့ကို ပိတ်သိမ်းခဲ့တယ်၊ ပီနန်က BM Plaza မှာ ဖွင့်ထားတဲ့ အောင်ရတနာစတိုးတစ်ဆိုင်ကို လူယုံတွေလက်ထဲ အပ်တယ်၊ ပြီးတော့ မိသားစုလိုက် မြန်မာနိုင်ငံ ပြန်လာတယ်လို့ သူ့ဇနီးက ပြောပါတယ်။ ပို့ကုန်လုပ်ငန်း ဆက်လုပ်ကိုင်သလို မလေးရှားက သူတို့ပိုင် စတိုးဆိုင်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သင်္ဘောနဲ့ ဆက်ပို့ပေးနေခဲ့တယ်လို့ ဆက်ပြောပါတယ်။

ပြန်ရောက်ခါစမှာ တာမွေမြို့နယ် ၁၆၆ လမ်းမှာ နေထိုင်ခဲ့ပြီး ဖိုးစိန်လမ်း အိမ်အမှတ် ၅ဝ ဖြစ်တဲ့ လက်ရှိ ကွန်ဒိုတိုက်ခန်းကို ပြောင်းလာခဲ့တာပါ။ အဲဒီ ကွန်ဒိုရဲ့မြေညီထပ်နဲ့ ပထမထပ်ကို သူတို့ပိုင်ဆိုင်ပြီး ပထမထပ်မှာ သူတို့နေထိုင်တယ်၊ မြေညီထပ်ကို ပုဂ္ဂလိကသင်တန်းကျောင်းတစ်ကျောင်းကို ငှားထားတယ်လို့ စုံစမ်း သိရပါတယ်။ အဲဒီအခန်းမှာ သူတို့နဲ့အတူ မလေးရှားက ပထမဇနီးနဲ့ရတဲ့ ၁၅ နှစ် အရွယ် သမီး၊ ၁ဝ နှစ် အရွယ် သားတို့လည်း နေထိုင်ကြတာကို တွေ့ခဲ့ရပါတယ်။

သူတို့မိသားစု ဒီတိုက်ခန်းကို ပြောင်းလာကြတာ လေးလလောက်ပဲ ရှိသေးတယ်လို့ နတ်မောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းက ပြောပါတယ်။

ကွန်ဒို ကြီးကြပ်ရေးမှူး ဦးအောင်မြင့်ကလည်း မောင်မောင် ခေါ် ယာစင်ဟာ ဘာသာရေး ကိုင်းရှိုင်းပြီး ယဉ်ကျေး သိမ်မွေ့သူဖြစ်တယ်လို့ သိထားတာကြောင့် မူးယစ်မှုနဲ့ အဖမ်းခံရတဲ့အခါ အံ့ဩမိတယ်လို့ ပြောပါတယ်။ မောင်မောင်ကို မနက်နဲ့ ညနေ ဗလီသွားတဲ့အခါမှ တွေ့ရတတ်တယ်လို့လည်း ဆက်ပြောပါတယ်။

မောင်မောင် ခေါ် ယာစင်နဲ့ နီးစပ်တဲ့ ရန်ကုန်က မွတ်စလင်အသိုင်းအဝိုင်းကတော့ သူဟာ အလှူအတန်း ရက်ရောပြီး ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ပုဇွန်တောင်မြို့နယ်က ရုံးကလေးဗလီကို သွားတတ်ပြီး သူ့အိမ်နားက ဗလီကိုလည်း တစ်ခါတရံ သွားတတ်တယ်လို့ သူတို့က ပြောပါတယ်။

မောင်မောင် ခေါ် ယာစင်ရဲ့ လုပ်ငန်းများ

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဇွန် ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ မောင်မောင် ခေါ် ယာစင်ထံကနေ ငွေသားအပြင် အခြား အခြေပစ္စည်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၇ဝ,ဝဝဝ ကျော် သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။ ဆက်စပ် သံသယ တရားခံတွေ ပြည်တွင်းဘဏ်နှစ်ခုမှာ အပ်ထားတဲ့ ငွေသား စုစုပေါင်း ကျပ် သိန်း ၂၈,ဝဝဝ ရှိတယ် လို့ ဆိုထားပေမယ့် ဘယ်ဘဏ်တွေဖြစ်တယ်ဆိုတာ မဖော်ပြထားပါဘူး။

Myanmar Now ရဲ့ စုံစမ်းချက်အရ အဲဒီဘဏ်နှစ်ဘဏ်ဟာ ဧရာဝတီဘဏ် (AYA Bank)၊ ရွှေ (ကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး) ဘဏ် (Shwe Bank) တို့ ဖြစ်တယ်လို့ သိရပါတယ်။ မောင်မောင် ခေါ် ဟာဂျီ ယာစင်ဟာ ‘မောင်မောင်’ဆိုတဲ့ နာမည်နဲ့ပဲ ဧရာဝတီဘဏ်မှာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကစပြီး ငွေစုဘဏ်စာရင်း တစ်ခုကို ငွေကြေးပမာဏ အမြောက်အမြားနဲ့ စတင်ဖွင့်လှစ်ခဲ့တယ်၊ အဲဒီလို ဖွင့်ရာမှာ အရောင်းအဝယ် ကုမ္ပဏီတစ်ခုရဲ့ နာမည်နဲ့ စာရွက်စာတမ်းတွေကို အသုံးပြုခဲ့တယ်လို့ ဧရာဝတီဘဏ်ရဲ့ Enterprise Risk Management ဌာန တာဝန်ခံ ဦးအောင်ကိုကိုဦးက Myanmar Now ကို ပြောပါတယ်။

မောင်မောင် ခေါ် ယာစင်ဟာ ယခုနှစ် နှစ်ဆန်းမှာလည်း စာရင်းသေအပ်ငွေစာရင်းတစ်ခု ထပ်မံဖွင့်လှစ်ခဲ့တဲ့အတွက် ဧရာဝတီဘဏ်မှာ ကျပ်ငွေနဲ့ဖွင့်ထားတဲ့ ငွေစာရင်းနှစ်ခုအထိ ရှိလာပါတယ်၊ ဒါပေမဲ့ နိုင်ငံခြားငွေနဲ့ ဖွင့်တဲ့ စာရင်းတော့ ဧရာဝတီဘဏ်မှာ မရှိဘူးလို့ ဦးအောင်ကိုကိုဦးက ဆိုပါတယ်။ မောင်မောင် ခေါ် ယာစင်ရဲ့ အပ်နှံလွှဲပြောင်းတဲ့ ငွေကြေးပမာဏကို ထုတ်ပြောဖို့ ငြင်းဆန်ပေမယ့် မောင်မောင်ရဲ့ အပ်ငွေတွေဟာ စအပ်စဉ်ကတည်းက ပမာဏများတာဖြစ်တဲ့အတွက် ဖောက်သည်ကြီး (Big customer) စာရင်းမှာ ပါတယ်လို့ သူက ပြောပါတယ်။

“သူက အပ်တဲ့ ပမာဏလည်းများတယ်။ ငွေလွှဲ ငွေသွင်းလည်း ခဏခဏလုပ်တဲ့သူဖြစ်တာကြောင့် သူ့ရဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ပိုစောင့်ကြည့်ပါတယ်။ သူက တစ်လကို ငွေလွှဲ၊ ငွေသွင်း သုံးခါကနေ ခြောက်ခါအထိ လုပ်လေ့ရှိတယ်။ ပြည်တွင်းပါပဲ။ နိုင်ငံခြားကို လွှဲတာ၊ သွားတာမဟုတ်ပါဘူး။ သူ့ငွေတွေက ပြည်တွင်းမှာပဲ လှည့်ပတ်နေတာပါ” လို့ ဦးအောင်ကိုကိုဦးက ပြောပါတယ်။ ဘဏ်စာရင်းနှစ်ခုစလုံးကို မောင်မောင် (ခေါ်) Hj Yassin နာမည်နဲ့ပဲ ဖွင့်ထားတာလို့ ဆိုပါတယ်။

အပ်နှံငွေတွေကို သူတို့က ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အညီပဲ လက်ခံခဲ့တာဖြစ်ကြောင်း၊ ၂ဝ၁၇ ခုနှစ် စုငွေဘဏ်စာရင်း စဖွင့်လှစ်ချိန်မှာ မောင်မောင်ဟာ သုံးခေါက်ချိုး မှတ်ပုံတင်ကို အသုံးပြုခဲ့ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလမှာ စာရင်းသေအပ်ငွေစာရင်း ဖွင့်ပြီး နောက်ပိုင်းမှာ ပန်းရောင် နိုင်ငံသားစိစစ်ရေးကတ် ရထားပြီ ဆိုပြီး ဘဏ်ကို အသိပေးခဲ့ကြောင်း ဦးအောင်ကိုကိုဦးက ပြောပါတယ်။

ရွှေသံလွင်ကုမ္ပဏီပိုင် ‘ရွှေ ဘဏ်’မှာလည်း မောင်မောင် ခေါ် ဟာဂျီ ယာစင်ရဲ့ ဘဏ်စာရင်းရှိတယ်လို့ Myanmar Now က စုံစမ်းသိရှိထားရပေမယ့် ‘ရွှေဘဏ်’ဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ဘက်က အချက်အလက်တွေ မပေးနိုင်ပါဘူးလို့ ပြောပြီး ငြင်းဆန်ခဲ့ပါတယ်။ မလေးမူးယစ်မှုနဲ့ ပတ်သက်သူတို့ရဲ့ ဘဏ်စာရင်းတွေကို ပိတ်သိမ်းဖို့ ဇွန်လ ၅ ရက်နေ့မှာ ဘဏ်များအားလုံးကို ဗဟိုဘဏ်က လျှို့ဝှက်ညွှန်ကြားချက် ပေးပို့ခဲ့ပါတယ်။

မလေးမူးယစ်မှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ ဆိပ်ကမ်း အကောက်ခွန်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီ Nice Guy Clearance ပိုင်ရှင် ကိုမင်းနိုင်ရဲ့ဇနီးဖြစ်သူ ဒေါ်သီတာမိုး ဖွင့်ထားတဲ့ ဘဏ်စာရင်းတစ်ခုလည်း ပိတ်သိမ်းခံရထားရတဲ့ထဲမှာ ပါဝင်ကြောင်း စုံစမ်းသိရှိရပါတယ်။

Nice Guy Clearance ဟာ မောင်မောင်တင်ပို့လိုက်တဲ့ မူးယစ်ဆေးပါ ကုန်သေတ္တာကို ဆိပ်ကမ်းမှာ အကောက်ခွန် ရှင်းလင်းရေး စာရွက်စာတမ်းတွေ လုပ်ပေးခဲ့တယ်ဆိုတဲ့ ကုမ္ပဏီဖြစ်ပြီး ပိုင်ရှင် ဦးမင်းနိုင်ကိုလည်း ဖမ်းထားကြောင်း အစိုးရက သတင်းထုတ်ထားပြီး ဖြစ်ပါတယ်။ မူးယစ်ဆေးပါ ကုန်သေတ္တာကို ရန်ကုန်ကနေ တာဝန်ယူပြီးပို့ပေးခဲ့တာဟာ U Kaung Trading Co Ltd (ဦးကောင်းထရေးဒင်းကုမ္ပဏီ လိမိတက်) ဖြစ်တယ်လို့ ပြည်ထဲရေးရဲ့ ဇွန်လ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။ ဦးကောင်းထရေးဒင်းဟာ ကျောက်တံတားမြို့နယ် ၃၅ လမ်း အောက်ဘလောက်မှာ ရှိပြီး ဒါရိုက်တာနေရာမှာ ဒေါ်သီတာမိုးလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မူးယစ်မှုမှာ ဆက်စပ်နေတယ်လို့ ယူဆရသူများရဲ့ ဘဏ်အပ်ငွေတွေကို လုပ်ထုံးလုပ်နည်းအရ အမှုမပြီးမပြတ်မချင်း ဘဏ်က ထိန်းသိမ်းထားရမှာဖြစ်တယ်၊ အမှုပြီးပြတ်တဲ့အခါ (စွပ်စွဲခံရသူတွေ ပြစ်မှုကျူးလွန်တယ်လို့ စီရင်ချက် ချခံရတယ်ဆိုရင်) ဒီငွေတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် လွှဲပေးရမှာဖြစ်တယ်လို့ ဦးအောင်ကိုကိုဦးက ဆိုပါတယ်။

ဒေါ်ဝင်းမာထွန်းကတော့ ဘဏ်တွေမှာ ပိတ်မိနေတဲ့ ပိုက်ဆံတွေဟာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေက မိသားစုဆီ ပြန်လွှဲပို့ထားတဲ့ ငွေတွေသာဖြစ်ပြီး ဒုစရိုက်လုပ်ငန်းတွေကနေ ရထားတာ မဟုတ်ကြောင်း၊ အခုဆိုရင် မ ပို့ထားတဲ့ ဟွန်ဒီငွေတွေအရေး အခက်တွေ့နေကြောင်း ပြောပါတယ်။

“အောင်ရတနာပိုင်ရှင် အဖမ်းခံရတယ်ဆိုတဲ့ သတင်းကြားတော့ တောင်းကုန်ပြီ၊ အထူးသဖြင့် ပီနန်က လူတွေပေါ့။ အခု အစ်မတို့က နည်းနည်းနောနော ပိုက်ဆံတွေ မဟုတ်ဘူး။ ရှင်းထုတ်ရမှာက အများကြီးပဲ။ အခု ဘာမှ လုပ်လို့ မရတော့ မရှင်းနိုင်သေးဘူး” လို့ သူက ပြောပါတယ်။

နိုင်ငံခြားငွေလဲလုပ်ငန်း

၂ဝ၁၇ ခုနှစ်အတွင်း ဧရာဝတီဘဏ်မှာ မောင်မောင် ခေါ် ဟာဂျီ ယာစင် ဘဏ်စာရင်းဖွင့်စဉ်တုန်းက အရောင်းအဝယ်ကုမ္ပဏီတစ်ခုရဲ့ နာမည်နဲ့ ဖွင့်လွှစ်ခဲ့တယ်လို့ ဧရာဝတီဘဏ်က ပြောပေမယ့် ကုမ္ပဏီနာမည်ကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။ Myanmar Now ရဲ့ စုံစမ်းချက်အရ အဲဒီကုမ္ပဏီဟာ ဗဟန်းမြို့နယ် သံလွင်လမ်း အမှတ် ၈ဝ လိပ်စာနဲ့ ၁၉၉၂ ခုနှစ်ကတည်းက မှတ်ပုံတင်ထားတဲ့ Mya Thiri Trading Co, Ltd (မြသီရိထရေးဒင်းကုမ္ပဏီလိမိတက်) ဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ ဒေါ်ခင်စောကတော့ လုပ်ငန်းအဆင်မပြေတဲ့အတွက် လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က မွတ်စလင်တချို့ကို လက်လွှဲရောင်းချခဲ့တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာတော့ အဲဒီကုမ္ပဏီရဲ့ လိပ်စာကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်း (ကုန်သည်လမ်းနှင့်မဟာဗန္ဓုလလမ်း ကြား) အမှတ် ၁၅ဝ မြေညီထပ်လို့ ဖော်ပြထားပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် ၁၂/တမန (နိုင်) ၁၃၃၂၈၁ ကို ကိုင်ဆောင်ထားတဲ့ ‘မောင်မောင်’ဟာ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ ဆိပ်ကမ်းသာလမ်းလိပ်စာမှာတော့ “Mya Thiri Trading Co Ltd” နဲ့ “Money Changer” လို့ ဆိုင်းဘုတ် နှစ်ခုတင်ထားတဲ့ ဆိုင်ကို အခုအချိန်အထိ ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။ မောင်မောင်ရဲ့ဇနီး ဒေါ်ဝင်းမာထွန်းကတော့ အဲဒီဆိုင်ကို သူတို့မိသားစု ပိုင်တာ ဟုတ်တယ်လို့ ပြောပါတယ်။

ဆက်စပ်တရားခံများ

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တစ်ခုမှာတော့ ဒီအမှုနဲ့ပတ်သက်တဲ့ နောက်ထပ် ကွင်းဆက်တရားခံတွေကို ထပ်မံဖမ်းဆီးရမိနေသလို တရားခံပြေးတွေလည်း ရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။ ဇွန် ၁၉ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ မလေးရှားမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် တာချီလိတ်မြို့နေ ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင် ဆိုတဲ့ အမျိုးသမီးက မလေးရှားမှာရှိတဲ့ ၎င်းရဲ့ အမျိုးသား အစ်ကိုကြီး ခေါ် ကတုံးထံ “ကြားခံလူ” တွေနဲ့ ပို့ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေး သယ်ယူရေးအတွက် မြန်မာနိုင်ငံဘက်မှာ မောင်မောင် ခေါ် ယာစင်က အဓိကပါဝင်ပြီး၊ မလေးရှားဘက်မှာတော့ ပထမဇနီးရဲ့မောင်ဖြစ်သူ ဇေယျာဟိန်းက သင်္ဘောကွန်တိန်နာကို လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေကို တာချီလိတ်ကနေ လှည်းကူးမြို့နယ် Nice Guy ရေသန့်စက်ရုံကို ပို့တယ်၊ အဲဒီစက်ရုံကမှတစ်ဆင့် မောင်မောင် ခေါ် ယာစင် ပိုင်တဲ့ ပုဇွန်တောင်မြို့နယ်က သိုလှောင်ရုံတစ်ရုံကို ပို့တယ်၊ ဦးမင်းနိုင်ရဲ့ Nice Guy Clearance Services Agency က အကောက်ခွန်ကိစ္စတွေ လုပ်ပေးပြီး U Kaung Trading ကုမ္ပဏီက သင်္ဘောကိစ္စ တာဝန်ယူခဲ့တယ်လို့ ပြည်ထဲရေးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Nice Guy ရေသန့်စက်ရုံဟာ ဦးမင်းနိုင်ရဲ့ဇနီး ဒေါ်သီတာမိုးနာမည်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး ဒေါ်သီတာမိုးဟာ ဦးကောင်းထရေးဒင်းကုမ္ပဏီရဲ့ ဒါရိုက်တာအဖြစ်လည်း မှတ်ပုံတင်ထားပါတယ်။ ဦးမင်းနိုင်နဲ့ မောင်မောင် ခေါ် ယာစင်တို့ဟာ လွန်စွာရင်းနှီးကြောင်း၊ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုအကြောင်းကို Myanmar Now ရဲ့ သတင်းတစ်ပုဒ်မှာ တင်ပြခဲ့ပြီးပါပြီ။

ဦးမင်းနိုင်ကို ဇွန်လ ၂ ရက်နေ့၊ မောင်မောင် ခေါ် ဟာဂျီ ယာစင်ကို ဇွန်လ ၅ ရက်နေ့၊ ဇေယျာဟိန်းကို ဇွန်လ ၉ ရက်နေ့တို့မှာ အသီးသီးဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်က ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ မကြာသေးမီက ချုပ်ရမန် ယူခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မလေးရှားမှာ မူးယစ်မှုနဲ့ ထောင်ကျခဲ့ဖူးတဲ့ ထားဝယ်ကြီး ခေါ် အောင်လွင်ကို ထားဝယ်မြို့မှာ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ပါတယ်။

မောင်မောင် ခေါ် ယာစင်ရဲ့ မူးယစ်ဆေးဝါးအမှု စွပ်စွဲချက်တွေ၊ လူကုန်ကူးမှုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က မလေးရှားသံရုံးကိုရော၊ ကွာလာလမ်ပူက မြန်မာသံရုံးကိုပါ မေးမြန်းဖို့ ဆက်သွယ်ခဲ့ပါတယ်။ မြန်မာသံအမတ်ကြီးက တယ်လီဖုန်းနဲ့ဆိုရင် မဖြေကြားပေးနိုင်ကြောင်း အကြောင်းပြန်ပြီး မလေးရှားသံရုံးကတော့ သူတို့သံအမတ်ကြီး နေရပ်ကို ခွင့်နဲ့ခဏ ပြန်နေတယ်လို့ အကြောင်းပြန်ပါတယ်။

စွပ်စွဲမှုများကို ငြင်းဆန်

ဒေါ်ဝင်းမာထွန်းကတော့ ဒီမူးယစ်ဆေးဝါးအမှုမှာ သူ့ယောက်ျား မပါဘူးလို့ ဆိုပါတယ်။ ဒီမူးယစ်ဆေးတွေ ထည့်ထားတဲ့ လက်ဖက်ခြောက်ထုပ်တွေကို ကွန်တိန်နာထဲထည့်ပြီး ရန်ကုန် မြန်မာ့စက်မှုဆိပ်ကမ်း (Myanmar Industrial Port –MIP) ကနေ တင်ပို့ခဲ့တာဟာ ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလကဖြစ်ပြီး သူတို့လင်မယားဟာ အဲဒီအချိန်မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံ မက္ကာကို ဘုရားဖူး ထွက်နေတယ်လို့ ပြောပါတယ်။

ရဲရဲ့စုံစမ်းစစ်ဆေးမှုတွေပြီးတဲ့နောက်၊ တရားရုံးကို စွဲဆို တင်ပို့တဲ့အချိန်မှာ မီဒီယာတွေကို ခေါ်ပြီး မူးယစ်ဆေးဝါးအမှုမှာ သူ့ရဲ့ခင်ပွန်း မပါကြောင်း အသေးစိတ် ရှင်းပြမယ်လို့ ပြောပါတယ်။

“ပြောစရာတွေ အများကြီးရှိပေမယ့် အစ်မက သတင်းထောက်တွေကို အခု ပြောပြမယ်ဆိုရင် အစ်မယောက်ျားအပေါ် ပုံနေတဲ့အပြစ်တွေ ထပ်ပုံကျသွားမှာ စိုးတယ်” လို့ ဒေါ်ဝင်းမာထွန်းက ပြောပါတယ်။

သူ့ယောက်ျားဟာ မလေးရှားရဲက ဖမ်းဆီးစစ်ဆေးတာကို ခံခဲ့ရဖူးပေမယ့် နာမည်ထွက်နေတဲ့ လူမှောင်ခိုရာဇာ ‘ယာစင်’ မဟုတ်ဘူးလို့ ငြင်းဆန်သွားပါတယ်။

လူကုန်ကူးတရားခံဖြစ်ခဲ့မယ်ဆိုရင် မလေးရှားမှာရှိတဲ့ သူတို့လုပ်ငန်းတွေကို ပိတ်သိမ်းခံလိုက်ရမှာပေါ့လို့ ပြောပါတယ်။

“လူကုန်ကူးတာတွေမှာ ဘာမှမပါခဲ့ဖူးဘူး။ သူများတွေလူကုန်ကူးတာမှာ ရှယ်ယာပါတာမျိုးလည်း မရှိဘူး။ ရခိုင်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို အခမဲ့ကူညီပေးတာမျိုးလည်း မရှိခဲ့ဘူး။ ပီနန်မှာရှိတဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့လည်း မပတ်သက်ဘူး။ ရိုဟင်ဂျာစကားတော့ သူတတ်တယ်။ သူတို့ အမျိုးအရင်းတွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးတာ။ မလေးဘက်ကို ရောက်မလာဘူး။ တချို့လည်း သေကုန်တယ်” လို့ ဒေါ်ဝင်းမာထွန်းက ပြောပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေအရတော့ မလေးရှားမှာ စံချိန်တင်မူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့ မေလ ၂၂ ရက် နောက်ပိုင်း မလေးရှားအစိုးရက မြန်မာနိုင်ငံကလာတဲ့ ဆေးဝါးနဲ့အစားအစာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။ ဒါ့ပြင် မြန်မာတွေအများစုရှိတဲ့ ကွာလာလမ်ပူက ဘလက်ကောင်းမြို့ သမာဂျာရာ ရပ်ကွက်မှာ ဖွင့်ထားတဲ့ ‘အောင်ရတနာ’နာမည်နဲ့ စတိုးဆိုင်ကို ချိပ်ပိတ်ထားပြီး ဆိုင်ဝန်ထမ်းနှစ်ယောက်ကို ဖမ်းထားကြောင်း၊ အဲဒီဆိုင်ခန်းကို ငှားစားထားတဲ့ မလေးရှားနိုင်ငံသား တရုတ်လူမျိုးကိုလည်း ခေါ်စစ်ဆေး နေကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ သတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ဇွန် ၂ဝ ရက်နေ့မှာ ပြောပါတယ်။ ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading