သတင်း

မန္တလေးတောင်ခြေရှိ တပ်ရင်းတစ်ခု ဗုံးပစ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေ 

မန္တလေးမြို့၊  မန္တလေးတောင်ခြေရှိ တပ်ရင်းတစ်ခုကို ယနေ့ (စက်တင်ဘာ ၇) ညနေပိုင်းတွင် မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်‌ရေး (PDF) တပ်ဖွဲ့ဝင်တချို့က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး သေဆုံးခဲ့ပြီး PDF တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

ယနေ့ ညနေ ၆ နာရီကျော်ခန့်တွင် မန္တလေးတောင်အရှေ့ဘက်ရှိ စစ်ကောင်စီတပ်ရင်းကို PDF များက ဆိုင်ကယ်ဖြင့် လမ်းပေါ်မှနေ၍ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“တပ်ရင်းထဲကို ဘေးကနေ လက်ပစ်ဗုံးနဲ့ ပစ်သွားတာ။ နှစ်ယောက် သေသွားတယ်။ ဟိုဘက်ကလည်း ပြန်ပစ်တဲ့အချိန်မှာ ဗုံးနဲ့ပစ်သွားတဲ့အဖွဲ့ထဲက တစ်ယောက်ကို မှန်သွားတယ်၊ ဒဏ်ရာက ပြင်းတယ်လို့ သိရတယ်။ ဘယ်ကို မှန်သွားလဲတော့ မသိရဘူး။ စစ်သားနှစ်ယောက်သေသွားတာ။ အဲ့ဒီနားမှာ ဆိုင်ကယ်နဲ့ ဖြတ်သွားတုန်း ဖြစ်သွားတာ”ဟု အထက်ပါအမျိုးသမီးက ပြောသည်။ 

လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် တပ်ရင်းရှိ စစ်သားများက ပြန်လှန်ပစ်ခတ်ခဲ့သောကြောင့် PDF အဖွဲ့ဝင်တစ်ဦး သေနတ်ထိမှန်ခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုမှာ အမှတ် ၉၅ ခြေလျင်တပ်ရင်းတွင် မဟုတ်ဘဲ ပင်မစစ်လက်နက်ပစ္စည်းတပ်ရင်း၌  ဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်း အခြေစိုက်တပ်ရင်းတစ်ခုတွင် တာဝန်ကျနေသော စစ်တပ်အရာရှိတစ်ဦးက ပြောသည်။ 

ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုမူ မသိရကြောင်း ၎င်းက Myanmar Now ကို ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ကြေညာပြီးနောက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ​​သင်ပန်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲကင်းတစ်ခု ဗုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် ယခုကဲ့သို့ ထပ်မံတိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 

မန္တလေးတောင်ခြေအနီးတွင် ပင်မစစ်လက်နက်ပစ္စည်းတပ်ရင်းနှင့် အမှတ် ၉၅ ခြေလျင်တပ်ရင်းအပါအဝင် ခြေမြန်တပ်ရင်း တပ်မ ၁၀၁၊ ယန္တရားတပ် အစရှိသည့် စစ်ကောင်စီတပ်တချို့ အခြေစိုက်ထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button