မုဒိမ်းမှုဖြင့် ရဲအလိုရှိနေသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာခြင်း

 မုဒိမ်းမှုဖြင့် ရဲအလိုရှိနေသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကရင်
မုဒိမ်းမှုဖြင့် ရဲအလိုရှိနေသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကရင်

အမေ့အိမ်ကို ပြန်ရောက်နေတဲ့ မလဲလဲ့ အိမ်ရှေ့လမ်းမဘက်ကို ကြည့်နေတုန်း ဆိုင်ကယ် မောင်းသွားတဲ့ လူတစ်ယောက်ကို လှမ်းမြင်လိုက်ရတဲ့ခဏမှာ ထိတ်လန့် တုန်လှုပ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲလို့ ဆိုတော့ အဲဒီလူဟာ သူ ၁၄ နှစ်သမီးအရွယ်မှာ သူ့ကို အတင်းကားတင်ပြေး၊ မုဒိမ်းကျင့်အပြီး ထွက်ပြေး လွတ်မြောက်နေသူ ဖြစ်နေလို့ပါပဲ။

ပိုပြီး ထိတ်လန့်စရာကောင်းတာက အဲဒီ တရားခံပြေးဟာ သူအလည်ရောက်နေတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၁၄ဝ ရပ်ကွက်ရဲ့ တန်ခိုးထက်လှတဲ့ အုပ်ချုပ်ရေးမှူးဖြစ်နေတယ် ဆိုတာပါပဲ။ ရဲက တရားခံပြေး ကြေညာခံထားရသူဟာ ဘယ်လိုလုပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်နေရတာလဲဆိုတာကို မလဲ့လဲ့ နားမလည်နိုင်အောင် ဖြစ်ရသလို စိတ်ဒဏ်ရာဟောင်းကလည်း တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့ပါတော့တယ်။

“ကျွန်မ တော်တော် ကြောက်သွားတယ်၊ သူမှ သူအစစ်ပဲ။ ကျွန်မက သားကို အမေနဲ့ထားပြီး အပြင်ထွက် အလုပ် လုပ်နေတာ။ အိမ်မှာ မနေတော့ ဒီရပ်ကွက်မှာ သူနေတာ မသိခဲ့ဘူး။ အမေ့ကို ပြောပြလိုက်တယ်၊ ကျွန်မကို မုဒိန်းကျင့်ပြီး တရားခံပြေးဖြစ်နေသူက သူဆိုတာ။ သူ့အိမ်က အမေ့အိမ်နဲ့ မလှမ်းမကမ်းမှာပဲ။ သူလည်း သူ့အိမ်ထောင်နဲ့သူ”လို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) စက်မှုဇုန်မှာ အလုပ်လုပ်နေတဲ့ မလဲလဲ့က ဆိုပါတယ်။

လဲ့လဲ့ ဆိုတာ သူ့နာမည်ရင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဆောင်းပါးမှာ ဒီနာမည်ကိုပဲ အသုံးပြုပါမယ်။ အခု အသက် ၂၁ နှစ် ရှိပြီဖြစ်တဲ့ မလဲ့လဲ့အတွက်တော့ ၂ဝ၁၁ နိုဝင်ဘာ ၃ ရက်နေ့က အမေ့ကို စိတ်ဆိုးပြီး အိမ်ကဆင်းသွားခဲ့မိတဲ့ အဖြစ်ဟာ တစ်သက် မမေ့နိုင်စရာပါပဲ။ ကြမ္မာဆိုးငင်ခဲ့တဲ့ အဲဒီည ၁ဝ နာရီကျော်ကျော် လောက်မှာတော့ သင်္ဃန်းကျွန်းမှာနေတဲ့ သူ့ ရည်းစားဆီ ဆိုက်ကားနဲ့အသွား သံသုမာလမ်းမ၊ ‘ရွှေရည်’မှတ်တိုင်နားရောက်ချိန်မှာ လူငါးယောက်က ဆိုက်ကားနင်းသူကို ခြိမ်းခြောက်ပြီး မလဲ့လဲ့ကို ကားတစ်စီးပေါ် အတင်းဆွဲခေါ်သွားပါတယ်။

အဲဒီ ယောက်ျားသားအုပ်စုဟာ မလဲ့လဲ့ကို နောက်ကနေ ဓားလို့ထင်ရတဲ့ အရာတစ်ခုနဲ့ထောက်၊ တောင်ဥက္ကလာပ မြို့နယ်ထဲက ‘အေး’တည်းခိုခန်းကို ခေါ်သွားကြပါတယ်။ အဲဒီမှာ မလဲ့လဲ့ မုဒိမ်း ကျင့်ခံရတာပါ။ နောက်တစ်ရက်မှာ မလဲ့လဲ့ဟာ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှု သွားဖွင့်ခဲ့ပါတယ်။ ရဲက လေးဦးကိုပဲ တရားခွင်ကို ပို့နိုင်ခဲ့တာပါ။ လေးဦးမှာ တစ်ဦးက ပြစ်မှု မထင်ရှားလို့ လွတ်မြောက်၊ သုံးဦးကတော့ မုဒိမ်းကျင့်သူကို အားပေးကူညီမှုနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံရပါတယ်။ တိမ်းရှောင်ခဲ့သူကတော့ ယနေ့အချိန်အထိ လွတ်မြောက်နေဆဲပါ။

တိမ်းရှောင်သူနဲ့ အဖမ်းခံရသူများ

အဲဒီအဖြစ်အပျက် ဖြစ်ပြီးတဲ့နောက် တစ်နှစ်ကျော်လောက်မှာ မလဲ့လဲ့ အိမ်ထောင်ကျသွားပြီး ယောက်ျားဖြစ်သူ နေထိုင်တဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ်မှာ လိုက်နေခဲ့ပါတယ်။ သူက သူ့ရဲ့အဖြစ်အပျက်ကို အိမ်ထောင်ဘက်ကို မပြောပြခဲ့ပါဘူး။ ခင်ပွန်းသည်က အဲဒီဖြစ်ရပ်ကို သားဦးလေးမွေးပြီးချိန်မှာ သိသွားပြီး သားအမိ နှစ်ယောက်စလုံးကို ပစ်သွားခဲ့ပါတယ်။ အတန်းပညာလည်း နည်းပါးတဲ့ မလဲ့လဲ့ဟာ ကလေးတစ်ဖက်နဲ့ ရုန်းကန်ရင်း မိခင်ဖြစ်သူဆီကို ပြန်ရောက်လာတာပါ။

မိခင်အိမ်မှာ နေထိုင်ရင်း အိမ်ထဲကနေ လှမ်းတွေ့လိုက်ရတဲ့ ကရင်ကို ချက်ချင်း မှတ်မိလို့ မိခင်ဖြစ်သူကို ပြောပြရာမှာ ကရင် ဆိုတဲ့သူဟာ လက်ရဲဇက်ရဲနိုင်လှပြီး ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးလည်း ဖြစ်နေတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ သားအမိနှစ်ယောက် ဘယ်သူ့ကိုမှ မပြောပြရဲဘဲ ကြိတ်မှိတ်နေခဲ့ကြပါတယ်။

ကျွန်မတို့ အသက်အန္တရာယ်ကိုတောင် စိုးရိမ်မိတယ်” လို့ မလဲ့လဲ့က ပြောပါတယ်။

လူကိုယ်တိုင်ကို အခုမှ မြင်ရပေမယ့် ကရင် တိမ်းရှောင်နေတဲ့ အစောပိုင်း ကာလတွေမှာ သူ့ကို လေးကြိမ်လောက် ဖုန်းဆက်လာတယ်၊ သူ့ကို လက်ထပ်မယ်၊ ပြီးရင် ကွာရှင်းစာချုပ် ချုပ်မယ် စသဖြင့် အမျိုးမျိုး ပြောဆိုခဲ့တယ်လို့ လဲ့လဲ့က ဆိုပါတယ်။

မလဲ့လဲ့က မိခင်ရဲ့အိမ်ဟာ ကရင်ရဲ့တပည့်တွေ အချိန်မရွေး ဝင်ရောက်လာပြီး ရန်ပြုနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် လုံခြုံမှု မရှိသလို ခံစားနေရပါတယ်။

Myanmar Now က မလဲ့လဲ့ကို တွေ့ဆုံမေးမြန်းဖို့အတွက် အဲဒီနေရာကနေ ပိုမို လုံခြုံစိတ်ချရတဲ့တစ်နေရာကို ကားနဲ့ ခေါ်ထုတ်သွားချိန်မှာ နံပါတ်အနက်တပ် ယာဉ်တစ်စီးက နောက်ကနေ နာရီဝက်နီးပါး လိုက်ပါလာခဲ့ပါသေးတယ်။

မလဲ့လဲ့ကို မတရားပြုကျင့်ခဲ့တယ်ဆိုတဲ့ ကရင်ဟာ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းအရ အခုဆိုရင် အသက် ၃၈ နှစ် ရှိပါပြီ။ အိမ်အမှတ် မ-၆၂၆၊ ၇ လမ်း၊ ငမိုးရိပ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်ခဲ့သူဖြစ်တယ်လို့ ရဲမှတ်တမ်းက ဆိုပါတယ်။ သူ့ကို အများက ကရင်လို့ ခေါ်ကြတာပါ။ ဆရာကရင်လို့ ခေါ်သူလည်း ရှိပါတယ်။

Myanmar Now က ဖတ်ရှုခွင့်ရခဲ့တဲ့ တရားရုံးမှတ်တမ်းတစ်ခုမှာတော့ ကရင်ရဲ့ တခြားအမည်နှစ်ခုက ရန်နိုင်စိုး၊ FRC တို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မုဒိန်းမှုကျူးလွန်ရေးမှာ ပူးပေါင်းကြံစည်မှုနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ကျခံသွားရတဲ့ သုံးဦးကတော့ ဇော်ဇော်ထွန်း (ခ) ဇော်ဇော်၊ ထွန်းလင်းအောင် (ခ) ကုလားကြီး၊ ဇင်ကိုကိုနိုင် (ခ) တင်ဘုန်းကိုတို့ ဖြစ်ပါတယ်။ နိုင်ထွန်းအောင် (ခ) ဂတုံး (ခ) ဗိုလ်ထူး ဆိုသူကတော့ တရားသေ လွတ်မြောက်ခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးဖြစ်လာ

တရားခံပြေးဖြစ်နေသူဟာ ၂ဝ၁၇ ခုနှစ်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း) ရဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးအဖြစ် ရွေးချယ်ခံရပြီး အဲဒီတာဝန်ကို ဇွန်လ ၄ ရက်နေ့အထိ ထမ်းဆောင်ခဲ့ပါတယ်။

ကရင်ဟာ ၂ဝ၁၃ နှစ်ကုန်ပိုင်းလောက်မှာ မိသားစုနဲ့အတူ ပြောင်းရွှေ့လာတာလို့ ၁၄ဝ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးတိုးက ဆိုပါတယ်။

တစ်လမ်းတည်းမှာ ရာအိမ်မှူးတာဝန် စတင်ယူချိန်မှာ သူ့ကို သတိထားမိတယ်၊ အနေအေးသူ၊ ရပ်ကွက်ကိစ္စမှာလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သူ ဖြစ်တယ်၊ ဆိုးသွမ်းသူတွေကို ဖမ်းဆီးရာမှာတော့ ကရင်ဟာ လက်ရဲဇက်ရဲနိုင်လှတယ်လို့ ဦးတိုးက ပြောပါတယ်။

“သောင်းကျန်းတဲ့သူတွေကို ကျွန်တော်တို့ တားဆီးတယ်၊ ပြောစကား နားမထောင်ရင် ကျွန်တော်တောင် ဘာမှ မခိုင်းရဘူး၊ သူက ထိုးကြိတ် ကန်ကျောက်တာတွေ လုပ်ရော။ တစ်ခါတလေ ကျွန်တော်ကတောင် ပြန်တားယူရတယ်။ အဲ့ဒီလိုလူတွေက အုပ်ချုပ်ရေးပိုင်းအတွက်ကျတော့ အသုံးဝင်တယ်ဗျ။ သူ့လက်စွမ်းကို သိလာကြတော့ သူ့ကိုမြင်တာနဲ့ သောင်းကျန်းချင်တဲ့သူတွေ ငြိမ်သွားတာပဲ” လို့ ဦးတိုးက ဆိုပါတယ်။

၁၄ဝ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကလည်း ခပ်မိုက်မိုက်လူ အုပ်ချုပ်ရေးမှူး ဖြစ်လာတဲ့အတွက် ရပ်ကွက်ထဲက လူဆိုးလူသွမ်းတွေ ငြိမ်ကျသွားခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်း အင်တာနက်မှာ ရုတ်တရက် ပေါ်လာတဲ့ သူ့သတင်း လူသိများသွားပြီးနောက်မှာတော့ သူ့ကို ရပ်ကွက်ထဲ မတွေ့ကြတော့ပါဘူး။

သို့သော်လည်း ရပ်ကွက်ထဲမှာ သူ့နောက်လိုက် လူမိုက်တွေ ရှိသေးတာမို့ ရပ်ကွက်နေ ပြည်သူ အတော်များများဟာ သူ့အကြောင်းကို ပြောပြဖို့၊ မှတ်ချက်ပြုဖို့ ငြင်းကြပါတယ်။ တချို့ကတော့ အုပ်ချုပ်ရေးတာဝန်တွေ အဆင့်ဆင့် ရခဲ့စဉ်မှာ ရပ်ကွက်ထဲ နာမည်ပျက်မရှိတဲ့ ကရင်ဟာ သက်ငယ်မုဒိမ်းတရားခံပြေး တစ်ဦးဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် အံအားသင့်မိတယ်လို့ ပြောပါတယ်။ ကရင်နဲ့ လဲ့လဲ့တို့ တစ်လမ်းတည်း နေကြတယ်ဆိုတာလည်း သူတို့ သိကြပါတယ်။ သတင်းထွက်လာချိန်မှာ ကရင်ကလည်း ရှောင်နေတဲ့အတွက် အဲဒါဟာ ယုံကြည်ရတဲ့ သတင်းဖြစ်လာတယ်လို့ သူတို့က ယူဆပါတယ်။

“သူ့နောက်ကြောင်းတော့ မသိဘူး။ စကားပြောလည်း ရိုင်းစိုင်းတတ်သူ မဟုတ်ဘူး။ သာရေးနာရေးမှာလည်း သူက တက်တက်ကြွကြွပဲ” လို့ အမည်မဖော်လိုတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

ကရင်ရဲ့ အိမ်မှာတော့ ကိုယ်ဝန်ဆောင် ဇနီးသည်က ကလေးတစ်ယောက်နဲ့ ဆက်လက် နေထိုင်နေပါတယ်။

ကရင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်သိန်းသိန်းထိုက်ကတော့ သူ့တူဟာ ဘုန်းကြီးသွားဝတ်နေတယ်၊ ဒီကိစ္စတွေကို ပြန်လာရှင်းမယ်လို့ အခိုင်အမာ ပြောပါတယ်။

ဇွန်လ ၉ ရက်နေ့မှာတော့ ဒေါ်သိန်းသိန်းထိုက်က သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ပြီး သူ့တူဟာ အပြစ်ကင်းတယ်၊ မုဒိမ်းမှုကျူးလွန်တဲ့သူတွေဟာ တူတော်မောင်ရဲ့သူငယ်ချင်းတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက သူ့တူက သူနဲ့ တစ်အိမ်တည်းနေကြောင်း၊ ဒီနေ့အထိ အိမ်ကို ဘယ်ရဲမှ ရောက်မလာကြသလို တရားရုံးကနေ ဆင့်ခေါ်စာပို့တာမျိုးလည်း မရှိခဲ့ကြောင်း ပြောပါတယ်။

“သူဟာ ဒီအရှုပ်အရှင်းမှာ ဘာမှမပါဘူး။ ဒီမုဒိန်းမှုမှာလည်း သူဘာမှလုပ်ခဲ့တာ မရှိဘူး။ သူ့ကို သက်သက် စွပ်စွဲတာ။ ကျွန်မတို့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်။ သူက အခုထွက်ပြေးနေတာလည်း မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နေရင် ဘုန်းကြီးဝတ်ဖို့ မြို့နယ်မှာပါ ခွင့်တင်ပြီးသွားခဲ့တာ” လို့ ဒေါ်သိန်းသိန်းထိုက်က ပြောပါတယ်။

ရဲတပ်ဖွဲ့အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံထဲကလူဟာ သူ့တူဖြစ်တယ် ဆိုတာကိုတော့ သူက အတည်ပြုပါတယ်။

နောက်ကြောင်းလိုက်ရန် ပျက်ကွက်ခြင်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တရားဝင် အင်တာနက်စာမျက်နှာမှာတော့ ကရင်ဟာ မုဒိမ်းမှု ကျူးလွန်ပြီး တိမ်းရှောင်နေသူဖြစ်ကြောင်း ‘တရားခံပြေး’စာရင်းမှာ အမှုဖြစ်စဉ်၊ ဓာတ်ပုံတို့နဲ့တကွ ဖော်ပြထားပါတယ်။

ရာအိမ်မှူးဟောင်းတစ်ယောက်ကတော့ ရဲက သူ့ကို ကရင်နဲ့ ပတ်သက်တဲ့ တရားခံပြေးကြေညာချက်စာရွက် လာပြဖူးတယ်၊ အဲဒီအချိန်ကတည်းက ကရင်ဟာ တရားခံပြေးဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့အနေနဲ့ သိပြီးသားဖြစ်မယ်လို့ ဆိုပါတယ်။

အမျိုးသားတစ်ဦးကလည်း အခုနှစ်ဆန်းပိုင်းမှာ ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းရဲ့ ကြိုးဖုန်းကို သုံးကြိမ်တိုင်တိုင် လှမ်းဆက်ပြီး တရားခံပြေးသတင်း ပေးဖူးတယ်လို့ ဆိုပါတယ်။ သို့သော်လည်း နောက်ဆက်တွဲ ဘာမှ ဖြစ်မလာဘူးလို့ သူ့ရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေကို ပြသပြီး Myanmar Now ကို ပြောပါတယ်။

“သူဟာ မုဒိန်းမှုထဲ ပါ၊ မပါ အရေးမကြီးဘူး။ သူ တရားရင်ဆိုင်။ သူမပါရင် သူလွတ်မှာပဲ။ အခုက တရားခံပြေးတစ်ဦးဖြစ်တယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအထိ ဖြစ်လာရအောင် ရဲတပ်ဖွဲ့မှာ တာဝန်ကို ရှိတာ” လို့ အဲဒီ အမျိုးသားက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်မှူး ရဲမှူးကိုကိုဦးက သူ့ကို တရားခံပြေးတစ်ဦးလို့ သတ်မှတ်လိုက်တဲ့ အချိန်ကစပြီး ခရိုင်ရဲတပ်ဖွဲ့ရုံးက တစ်နိုင်ငံလုံးက ရဲစခန်းတွေကို ဓာတ်ပုံနဲ့တကွ ဖြန့်ဝေထားပြီး နှစ်စဉ်နှစ်တိုင်း ရဲစခန်းတွေကိုပို့တဲ့ နှစ်ချုပ်အစီရင်ခံစာ စာအုပ်မှာလည်း တရားခံပြေးများစာရင်းကို ထည့်သွင်းဖြန့်ဝေထားပါတယ်လို့ ပြောပါတယ်။

“ကျွန်တော့်ကို တိုင်းရဲတပ်ဖွဲ့က မိတ်ဆွေတဦးက Facebook မှာ ဒီသတင်းတက်နေတယ်။ အဲ့ဒါ မင်းတို့စခန်းက အမှုဖွင့်ထားတဲ့ တရားခံပြေးလို့ ပြောတယ်။ စစ်ကြည့်ပါ ဆိုတော့ ကျွန်တော်စစ်ကြည့်တာ မှန်ကန်ကြောင်း တွေ့ရတယ်။ အဲ့ဒါနဲ့ ဒီလူ အဲဒီရပ်ကွက်မှာနေတာ မှန်လား သွားကြည့်ခိုင်းတယ်။ ဒါပေမယ့် သူက မရှိတော့ဘူး။ Facebook မှာ ပျံ့နေတာက ရှေ့နှစ်ရက်လောက်က ဆိုတော့ ဟိုလူ ရှောင်ပြေးချိန် ရသွားတာပေါ့” လို့ ရဲမှူးကိုကိုဦးက မေလကုန်ပိုင်းလောက်က ပြောပါတယ်။

ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့အဆင့်ဆင့်ကို အကြောင်းကြားထားပြီး လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

၂ဝ၁၇ ခုနှစ် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံမယ့်သူတွေရဲ့ နောက်ကြောင်းရာဇဝင်ကို ပြန်လိုက်ခဲ့တာ မရှိခဲ့ကြောင်း၊ အရင်အချိန်တွေတုန်းကတော့ ရှိခဲ့ကြောင်း သူက ဆိုပါတယ်။

ယခုဖြစ်စဉ်ကို သင်ခန်းစာယူစရာလို့ မှတ်ယူကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် မိမိတို့ရဲတပ်ဖွဲ့ တစ်ခုတည်းကသာ ဆောင်ရွက်ရမှာ မဟုတ်ဘဲ ပြည်သူများအနေနဲ့လည်း ပူးပေါင်းပါဝင် စေချင်ကြောင်း၊ မိမိတို့က မဆောင်ရွက်ရင် အပြစ်တင်နိုင်၊ အထက်အဆင့်ဆင့်ကို တိုင်ကြားနိုင်ပါကြောင်း ရဲမှူးကိုကိုဦးက ပြောပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကလည်း နယ်မြေခံ ရဲစခန်းက တရားခံပြေး ဖမ်းဆီးရမိရေး ဆောင်ရွက်နေတဲ့ကြောင်း သူ့ကို အသိပေးထားတယ်လို့ ပြောပါတယ်။

အသက် ၁၄ နှစ်အရွယ်တုန်းက မုဒိမ်းကျင့်ခံရတဲ့ မလဲ့လဲ့ကတော့ အခုအချိန်မှာ ၁၄ဝ ရပ်ကွက်ထဲ မနေရဲတော့ဘဲ တခြား တစ်နေရာကို ပြောင်းရွှေ့နေနေရပါတယ်။ နှစ်အတန်ကြာ ပြေးနေသူ အမြန်ဆုံး ဖမ်းမိဖို့ သက်ဆိုင်ရာကို တိုက်တွန်းပါတယ်လို့ မလဲ့လဲ့က ဆိုပါတယ်။

“သူ့ကိုမိမှပဲ ကျွန်မတို့ အေးအေးဆေးဆေး ကိုယ့်အလုပ် ကိုယ်လုပ်နိုင်တော့မယ်။ အခုက သူ့ကိုကြောက်လို့ အဲ့ဒီရပ်ကွက်ထဲက ပြောင်းပြေးလာတယ်။ ပြောင်းလာတဲ့နေရာနောက်ကိုပါ သူတို့က လိုက်လာတာ။ ဘယ်အချိန် ကျွန်မတို့ အိမ်ထဲကို ဝင်လာပြီး တစ်ခုခု လုပ်သွားမလဲကို အချိန်ပြည့်စိုးရိမ်စရာ” လို့ မလဲ့လဲ့က ပြောပါတယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading