သတင်း

NUG က စစ်ကောင်စီတပ်ကို ပြည်သူ့တော်လှန်ရေးစတင်ကြောင်းကြေညာ

​အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတော်လှန်ရေးတိုက်ပွဲ ယနေ့ (စက်တင်ဘာ ၇) စတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာလိုက်သည်။

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ရက်စက်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ၏ ထောက်တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း NUG အစိုးရအဖွဲ့၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလက ယနေ့ နံနက်ပိုင်းတွင် အရေးပေါ်မိန့်ခွန်းပြောကြားသည်။

စစ်ကောင်စီအောက်တွင် အလုပ်လုပ်နေသော အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းအားလုံး ယနေ့မှစ၍ တာဝန်ထမ်းဆောင်ခြင်း မပြုတော့ရန်၊ ပြည်သူများ ခရီးသွားလာခြင်းကို ရှောင်ကြဉ်ရန်နှင့် အစွမ်းကုန် ပူးပေါင်းကူညီရန် ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ထို့ပြင် ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မဟာမိတ်တပ်များကို စောင့်ရှောက်ကြရန်၊ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုကို အချိန်မီသတင်းပေးပို့ကြရန်လည်း NUG အစိုးရက တိုက်တွန်းထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ နယ်မြေများကို အပြည့်အဝထိန်းချုပ်ကြရန်နှင့် မင်းအောင်လှိုင်စစ်အုပ်စုကို နည်းမျိုးစုံဖြင့် ချက်ချင်းတိုက်ခိုက်ကြရန်လည်း ဒူဝါလရှီးလက တိုက်တွန်းသည်။ 

“စစ်အုပ်စုယန္တရားကို ပြည်သူ့မအပ်ခင် တွန်းလှန်တိုက်ဖျက်ကြပါ။ တစ်ဆက်တည်းမှာ ပြည်သူ့အုပ်ချုပ်ရေးပြောင်းလဲနိုင်ရန် ပြည်သူလူထုနှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်ကြပါ” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် ယခုတော်လှန်ရေးသည် တရားမျှတသော တော်လှန်ရေးဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် မရှိမဖြစ်လိုအပ်သည်ဖြစ်ရာ အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက နားလည်ပေးမည်ဟု ယုံကြည်ကြောင်းလည်း NUG ၏ အရေးပေါ်မိန့်ခွန်းက ဆိုသည်။ 

စစ်အုပ်စု၏ လှည့်ဖြားမှုတွင် နားယောင်ခဲ့သည့် နယ်ခြားစောင့်တပ်များနှင့် ပြည်သူ့စစ်များအားလုံး ယနေ့မှစ၍ ပြည်သူများနှင့် ပူးပေါင်း၍ ပြည်သူ့ရန်သူကို တွန်းလှန်တိုက်ခိုက်ကြရန်၊ ပြည်သူ့တော်လှန်ရေးစတင်ပြီဖြစ်၍ မင်းအောင်လှိုင်၏ လိမ်လည်လှည့်ဖြားမှု၊ ဖိနှိပ်မှုအောက်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်သား၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် PDF များကို ချက်ချင်းဆက်သွယ်ပူးပေါင်းဆောင်ရွက်ကြရန်လည်း NUG အစိုးရက တိုက်တွန်းထားသည်။

“ပြည်သူ့အုံကြွမှုကို ကျေးလက်နှင့် မြို့ပြ တစ်ပြိုင်တည်းလုပ်ဆောင်ကြရမည်။ စည်းလုံးညီညွတ်မှု၊ တီထွင်ဆန်းသစ်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ စိတ်ဓာတ်ပြင်းထန်ကြံ့ခိုင်မှုအပေါ်မူတည်၍ တော်လှန်ရေးကာလတိုတောင်းမည်။ မင်းအောင်လှိုင်နှင့် အာဏာရှင်စနစ်ကို မြန်မာနိုင်ငံမှ အပြီးတိုင်ဖြုတ်ကာ တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူများအားလုံးစောင့်မျှော်ခဲ့သည့် တန်းတူအခွင့်အရေးကို အပြည့်အဝအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ကာ မြန်မာနိုင်ငံလည်း ကမ္ဘာ့အလယ်တွင် တစ်ဖန် ဂုဏ်သိက္ခာထွန်းတောက်လာရမည်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။ 

စစ်ကောင်စီတပ်များကို နှိမ်နင်းရန် အချိန်ကျရောက်ပါက တိုက်ပွဲခေါ်သံပေးမည်ဖြစ်ကြောင်း ဇွန်  ၄ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒုတိယကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အား တိုက်ပွဲများ မည်သို့မည်ပုံဖြစ်ပွားနိုင်မည်ကို Myanmar Now က မေးမြန်းရာ ပြည်သူအားလုံးအနေနဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ဗိုလ်ကျစိုးမိုးနေတဲ့ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် ကိုယ်ကျရာနေရာကနေပြီးတော့ အားကုန်ပေါ့ဗျာ။ ပါဝင်ဆောင်ရွက်ကျဖို့ တိုက်တွန်းချင်ပါတယ်ဟုသာ ၎င်းက အတိုချုပ်ဖြေကြားသည်။

စစ်အုပ်ချုပ်မှုကို ဆန့်ကျင်သော လူငယ်လူရွယ်အများအပြားသည် လက်နက်ကိုင်တိုက်ပွဲဝင်ရန် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တွင် စစ်သင်တန်းများတက်ကာ မြို့ပေါ်များတွင် ပြောက်ကျားတိုက်ခိုက်ရေးများ ကြိုးကြားကြိုးကြားလုပ်ဆောင်လျက်ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဟု နာမည်တပ်ထားသော ထိုအဖွဲ့ဝင်များသည် အင်အားသောင်းဂဏန်းမျှရှိသည်ဟု သိရှိရသည်။ သို့ရာတွင် NUG လက်အောက်ရှိ ထိုတပ်ဖွဲ့များသည် မည်မျှစုဖွဲ့မှုကောင်းသည်၊ မည်မျှတိုက်ခိုက်နိုင်စွမ်းရှိသည်၊ ဖျက်အားပြင်းလက်နက်ကြီးများနှင့် တိုက်လေယာဉ်များပိုင်ဆိုင်ထားသော စစ်ကောင်စီအား မည်သို့တိုက်ခိုက်မည်ဆိုသည်မှာ ရှင်းလင်းခြင်းမရှိပေ။

NUG ၏ တိုက်ခိုက်ရေးသည် သမားရိုးကျမဟုတ်သော ပြောက်ကျားအသွင်မှ အစပြု၍ ပြည်သူများပါဝင်သော သမားရိုးကျစစ်ပွဲတစ်ခုအဖြစ်ကို ပြောင်းလဲသွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက မကြာသေးမီက Myanmar Now ကို ပြောကြားထားသည်။ 

ပြည်သူတို့၏ တော်လှန်ရေး မည်သို့အခြေအနေဖြစ်လာမည်ကို ခန့်မှန်းရန် စောနေသေးသော်လည်း စစ်ပွဲဆိုသည်မှာ လူထုထောက်ခံသည့်ဘက်မှ နိုင်သည်ဟု အမေရိကန်တပ်မတော်၏ အငြိမ်းစားဒုဗိုလ်မှူးကြီး ဒေါ်မီမီဝင်းဘတ်ကလည်း ဆိုသည်။ 

ပြည်သူလူထုရဲ့ အားနည်းချက်က Fire Power (လက်နက်အင်အား) အားသာချက်က စိတ်ဓာတ်ခွန်အား။ စိတ်ဓာတ်ခွန်အား အရမ်းပြင်းတယ်။စစ်ဖြစ်တဲ့နေရာမှာ Fire Power (လက်နက်အင်အား)နဲ့ People Power(ပြည်သူ့ထောက်ခံမှုခွန်အား) ယှဉ်ပြိုင်ကြရင် များသောအားဖြင့် ပြည်သူ့ထောက်ခံမှုခွန်အားက ပိုပြီးတော့ အရေးကြီးတယ်လို့ တွေ့ရတယ်ဟု ၎င်းက ဆိုသည်။

သို့သော် လက်နက်အင်အားသာလွန်သည့် စစ်တပ်မှာ NUG က တိုက်ပွဲမခေါ်ခင်ကတည်းက နိုင်ငံအနှံ့ ကာလရှည်ကြာ လိုက်လံဖိနှိပ်နေ၍ စစ်ပန်းနေခြင်း၊ နိုင်ငံတကာ၏ ထောက်ခံမှုမရှိခြင်း၊ စစ်တပ်လက်အောက်တွင် အမှုမထမ်းလိုသော ဝန်ထမ်းများ (CDM) အင်အားများလာခြင်း၊ လူငယ်ထုက မထောက်ခံ၍ လူသစ်စုဆောင်းရခက်ခြင်း၊ ပြည်သူ့ထောက်ခံမှုမရှိခြင်း စသည့် အခက်အခဲများကို အကြီးအကျယ်ရင်ဆိုင်နေရသည်ဟု ဒေါ်မီမီဝင်းဘတ်က သုံးသပ်သည်။

လွန်ခဲ့သည့် ရက်ပိုင်းက ရန်ကုန်နေပြည်သူတချို့ စားသောက်ကုန်များ ကြိုတင်စုဆောင်းဝယ်ယူမှုများရှိသော်လည်း ယနေ့မနက်အချိန်ထိ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ပုံမှန်အတိုင်း တိတ်ဆိတ်လျက်ရှိသည်။

ခုအချိန်ထိ ပုံမှန်အတိုင်းပဲ။ ဆန်ဆီ တိုးကြိတ်ဝယ်တာလည်း မရှိဘူး၊ ဈေးတက်တာလည်း မရှိဘူး။ စစ်ကား၊ ရဲကားတွေတော့ ကင်းပတ်နေတာ ရှိတယ်ဟု ရန်ကုန် လမ်းမတော်မြို့နယ်တွင် ဈေးရောင်းချသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
 

 

Show More

Related Articles

Back to top button