(ရန်ကုန်) - အကျဉ်းသားတို့ အလုပ်ကြမ်း လုပ်ကိုင်နေရသည့် ကျောက်ထုတ်စခန်းများကို လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့် ညီညွတ်စွာ စီမံသင့်ပြီး ထိုသို့ မစီမံနိုင်လျှင် ပိတ်သိမ်းသင့်ကြောင်း မေ ၂၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
၂ဝ၁၇ သြဂုတ်လအတွင်း မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ အင်းဗြောင် ကျောက်ထုတ်စခန်း လုပ်ငန်းခွင်တွင် အကျဉ်းသားတစ်ဦး ကျောက်တုံးပိပြီး အောက်ပိုင်း အရိုးအသား ကြေမွခြင်း၊ အကျဉ်းသားတစ်ဦး ပြုတ်ကျသေဆုံးခြင်းတို့နှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်၏ ကချင်ပြည်နယ်မဲဆန္ဒနယ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်းက ထည့်သွင်းဆွေးနွေးခဲ့သည်။

“ရည်ရွယ်ချက်ကတော့ ဒီအတိုင်းသွားနေမယ် ဆိုရင်တော့ ပိတ်ဖို့အထိ ပါတာပေါ့။ လူ့အခွင့်အရေးနဲ့ မညီရင်တော့ ပိတ်ရမှာပေါ့။ အကျဉ်းသားကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ရှိထားတာကို။ အကျဉ်းသားကို လုံးဝ အလုပ်ကြမ်း မခိုင်းရဘူးတော့ မဟုတ်ဘူး။ ခိုင်းတော့ခိုင်းပါ၊ ဒါပေမယ့် လူ့အခွင့်အရေးနဲ့အညီ ခိုင်းပေါ့” ဟု ဒေါက်တာ ခွန်ဝင်းသောင်းက Myanmar Now ကို ပြောသည်။
ဒေါက်တာ ခွန်ဝင်းသောင်းသည် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။


အကျဉ်းဦးစီးဌာန လက်အောက်ရှိ ကုန်ထုတ်စခန်းများရှိ အခြေအနေမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၊ ပုဒ်မ ၄၄ တွင် ဖော်ပြထားသော "လူ့သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ် ပြဋ္ဌာန်းခွင့်မရှိစေရ" ဟူသော ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေသည်ဟု သူက ထောက်ပြသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ သဘောတူညီချက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတို့တွင် ပါဝင်သော အချက်များနှင့် မကိုက်ညီဟု သူက ဆက်ပြောသည်။


ကျောက်ထုတ်စခန်းများ
တစ်နိုင်ငံလုံးတွင် အကျဉ်းထောင် ၄၈ ခု၊ ရဲဘက်စခန်း ၄၈ ခု ရှိသည်။ ရဲဘက်စခန်းများတွင် အကျဉ်းသားပေါင်း နှစ်သောင်းနီးပါးမှာ လူသားဂုဏ်သိက္ခာကို ထိခိုက်စေသည်အထိ အလုပ်ကြမ်းများ လုပ်ကိုင်နေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု ဆွေးနွေးစဉ် ဒေါက်တာခွန်ဝင်းသောင်းက Myanmar Now သတင်းဌာနက ထုတ်ဝေခဲ့သည့် အကျဉ်းစခန်းဓာတ်ပုံ အများအပြားကို ကိုးကား ပြသခဲ့သည်။
ရဲဘက်စခန်းများတွင် ၁၉၇၈ မှ၂ဝ၁၄ အတွင်း အကျဉ်းသား ၅,ဝဝဝ ကျော် သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဒုတိယဝန်ကြီးက ထုတ်ပြန်ခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
စိတ်ကြွဆေးပြားတစ်ပြား လက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ဒဏ် ၆နှစ် ချမှတ်ခံရသူ ကိုမျိုးနိုင်ဆိုသူသည် ၂ဝ၁၇ ဇူလိုင်လက ကရင်ပြည်နယ်၊ မာလာဖူးကျောက်ထုတ်စခန်းတွင် ကျောက်တုံး ထိမှန်ပြီး ဦးခေါင်းခွံ ကွဲအက်ကြေမွခဲ့ရသည်။ လူနာ အသက်အန္တရာယ်ရှိနေသည်ဟု ဆရာဝန်က မှတ်ချက်ပေးကြောင်း၊ သို့သော်လည်း အာဏာပိုင်တို့က လူနာရှင်၏ မိဘကို အသိမပေးဘဲ အခြေအနေမှန်ကို ဖုံးကွယ်ခဲ့ကြောင်း ဒေါက်တာ ခွန်ဝင်းသောင်း၏ ဆွေးနွေးချက်တွင် ပါရှိသည်။ ကိုမျိုးနိုင် ပြန်လည် လွတ်မြောက်လာပြီးဖြစ်သည်ဟု သိရသည်။
စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်းဒေသရှိ ရဲဘက်စခန်းများတွင်လည်း ၁၉၉၂ မှ၂ဝဝ၁ အတွင်း ရဲဘက်အကျဉ်းသား ၂,ဝဝဝ ကျော် သေဆုံးခဲ့ပြီး မွန်ပြည်နယ် ဘီလင်းမြို့ တောင်စွန်းရဲဘက်စခန်းတွင် အကျဉ်းသား သေဆုံးမှုများမှာလည်း နာမည်ကြီးခဲ့သည်ဟု ၎င်းက ထည့်သွင်းဆွေးနွေးခဲ့သည်။
အကျဉ်းဦးစီး တုန့်ပြန်ချက်
အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးမင်းထွန်းစိုးက အကျဉ်းဦးစီးဌာနလက်အောက်ရှိ ကျောက်ထုတ်စခန်းများကို ပိတ်သိမ်းရန် မဖြစ်နိုင်သည့် အကြောင်းကို လွှတ်တော်တွင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု Myanmar Now ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
“ကျောက်ထုတ်စခန်းတွေ ဖွင့်နေရတာက ဝင်ငွေရဖို့အတွက် တစ်ခုတည်း မဟုတ်ပါဘူး။ မူလ ရည်ရွယ်ချက်ကတော့ ထောင်မကျပ်အောင်ပေါ့။ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့အတွက် ပြည်သူတွေ သွားလာရ လွယ်ကူစေဖို့ အတွက် ကျောက်ထုတ်လုပ်ငန်းတွေ လုပ်ပေးနေတာပါ” ဟု ၎င်းက ပြောသည်။
ဒေါက်တာ ခွန်ဝင်းသောင်းကမူ ကျောက်ထုတ်စခန်းရှိ အကျဉ်းသားတို့ကို အခြား အလုပ်စခန်းများသို့ ရွှေ့ပြောင်းထားရှိပါက ဖြစ်နိုင်သည်ဟု မှတ်ချက်ပေးသည်။
“ကျောက်ထုတ်စခန်းက အကျဉ်းသားတွေကို ကျောက်ထုတ်စခန်းမဟုတ်တဲ့ ရဲဘက်စခန်းတွေကို ပို့လို့ရပါတယ်။ ဒါက လွယ်ကူမယ်လို့တော့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် လမ်းကြောင်းပေါ်တော့ တင်ပေးခဲ့ရမှာပေါ့” ဟု ၎င်းက ပြောသည်။
ကျောက်ထုတ်စခန်းများတွင် အဓမ္မခိုင်းစေမှုကြောင့် ၂ဝ၁၈ နှစ်ဆန်းပိုင်းက မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ အင်းဗြောင် ကျောက်ထုတ်စခန်းတွင် အကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး အကျဉ်းသားများက စခန်းပိတ်သိမ်းရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ အကျဉ်းသားတစ်ဦး ကျောက်တုံးပိပြီး အရိုးအသား ကြေမွခဲ့ရသည်မှာလည်း ထိုစခန်းတွင်ပင် ဖြစ်သည်။
အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှုး ဦးမင်းထွန်းစိုးက အင်ဗြောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအတွက် အရေးယူပြီးသား ဖြစ်သည်ဟု ဆိုသည်။
“အင်းဗြောင် စခန်းမှာဖြစ်တဲ့ ကိစ္စက အမှန်တကယ်ဖြစ်ခဲ့ပါတယ်။ ဒါကိုလည်း အစည်းအဝေး ထိုင်နေပါတယ်။ အရေး ယူဖို့ ကိစ္စကတော့ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်ဖြစ်နေတဲ့ အတွက် ဖော်ပြလို့မရပါဘူး”ဟု ၎င်းက ပြောသည်။
လူ့အခွင့်အရေး ကော်မရှင် အကြံပြုချက်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ကျောက်ထုတ်စခန်းများသို့ အကျဉ်းသားများ မပို့ဆောင်မီ ကျန်းမာရေး စစ်ဆေးပြီး အလုပ်ကြမ်း လုပ်ကိုင် နိုင်သူများကိုသာ စေလွှတ်သင့်ကြောင်း၊ လစဉ် ကျန်းမာရေး စစ်ဆေးမှုများကို ပြုလုပ်ပြီး ဆက်လက်ထားရှိရန် မသင့်တော်ပါက အကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်သင့် ကြောင်း ပါရှိသည်။
ကော်မရှင်က ထိုအစီရင်ခံစာကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လွှတ်တော်သို့ ပေးပို့ခဲ့သည်။
ထို့ပြင် ရဲဘက်စခန်းများတွင် လုပ်ငန်းခွင် ထိခိုက်မှုကြောင့် ထိခိုက်ခံစားရသူများကို လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရန် လူမှုဖူလုံရေး အဖွဲ့များနှင့်ချိတ်ဆက် ဆောင်ရွက်သင့် ကြောင်း၊ အကျဉ်းထောင်နှင့်ရဲ ဘက်စခန်းများတွင် ရုပ်မြင်သံကြား ပြသရာတွင်လည်း အကျဉ်းသားတို့၏ စိတ်ဓာတ်ကို ကြမ်းတမ်းစေမည့် ကလဲ့စားချေမှုများ၊ သတ်ဖြတ်မှုများ ပါဝင်သည့် ဇာတ်လမ်းတို့ကို မပြသဘဲ စိတ်ကို ယဉ်ကျေး သိမ်မွေ့စေသည့် အစီအစဉ်များ၊ အားကစား အစီအစဉ်များကို ပြသသင့်ကြောင်း ပါရှိသည်။
အကျဉ်းထောင်သို့ ပြင်ပ ကျွမ်းကျင်သူများ ဖိတ်ကြားပြီး ယောဂကျင့်စဉ်ကဲ့သို့သော အကျိုးရှိသည့် အစီအစဉ်များကို သင်ကြားပေးသင့်ကြောင်းလည်း အကြံပြုထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












