သတင်း

တန့်ဆည်တွင် ရွာဝင်ဖျက်သည့် စစ်တပ်ယာဉ်တန်း အပြန်တွင် မိုင်းထိ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အနောက်ဘက်နှစ်မိုင်ခန့်အကွာ၊ ဝရငယ်မူးဘောင်အနီး ယနေ့ (စက်တင် ဘာ ၃) မနက်၌ စစ်ကားများဖြတ်သန်းသွားစဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီး ထိခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကား ၄ စီးပါ ထိုယာဉ်တန်း ကံကလေးကုန်း၊ ကျေးကန်ကျေးရွာများအတွင်း ဝင်ရောက်မွှေနှောက်ပြီး ပြန်ထွက်ခွာလာစဉ် မနက် ၄ နာရီခွဲဝန်းကျင်တွင် မိုင်းထိခြင်းဖြစ်သည်။

“မနက်တုန်းက ပေါက်ကွဲသံ ၃ ချက်လောက် ကြားလိုက်ရတယ်။ စစ်ကားတစ်စီး ထိသွားတယ်။ (စစ်သား) ထိခိုက်ဒဏ်ရာရတဲ့အခြေအနေတော့ မသိရသေးဘူး” ဟု တန့်ဆည်မြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် စစ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ကားမိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်စခန်းချထားသည့် ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ခြေလျင်ထွက်ခွာသွားသည်ကို တွေ့ရကြောင်း၊ မြို့အဝင်အထွက်နှင့် လမ်းဆုံ၊ လမ်းခွတို့တွင် စစ်ဆေးနေကြောင်း ဒေသခံများက နေ့လယ်ပိုင်းတွင် ပြောသည်။ 

“နာရီဝက်လောက်နေတဲ့အခါမှာ မြို့ပေါ်ကို စစ်တာဆေးတာတွေတော့ လုပ်တာပေါ့။ ဒီနေ့တော့ ရွာတွေဘက် ဝင်မွှေတာ မရှိဘူး။ မြို့ပေါ်မှာ စစ်တာဆေးတာပဲရှိတယ်” ဟု အထက်ပါ  တန့်ဆည်မြို့ ဒေသခံက ဆက်ပြောသည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ အားကောင်းခဲ့ရာ တန့်ဆည်မြို့ကို စစ်ကောင်စီတပ်များက ပစ်မှတ်ထားပြီး ကျေးရွာများအတွင်း မကြာခဏဝင်ရောက်မွှေနှောက် ရှာဖွေနေသည်။ 

တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာ၌ စစ်ကောင်စီတပ်များသည် သြဂုတ် ၂၆ တွင် ၇ ကြိမ်မြောက် ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်း ၄ ရက်ကြာတပ်စွဲကာ နေအိမ်များကို မီးရှို့ခြင်း၊ ရိုက်နှက်ဖျက်ဆီး မွှေနှောက်ခဲ့သည်။ စစ်တပ်က ကျေးရွာအတွင်း ဝင်မွှေစဉ် သတ်ဖြတ်မှုကြောင့် ဒေသခံ ၈ ဦးထက်မနည်း သေဆုံးပြီး ရွာလုံးကျွတ် ဘေးလွတ်ရာ ရှောင်ကြရသည်။ 

စစ်တပ်ဝင်ရောက်ဖျက်ဆီးခဲ့သော ကပေါင်းကျကျေးရွာ မြင်ကွင်းတစ်ခု

ထို့နောက် တန့်ဆည်မြို့ ကံကလေးကုန်း၊ ကျေးကုန်း၊ သစ္စေးပင်လှ စသည့် ကျေးရွာများကို ဝင်ရောက် မွှေနှောက် ဖျက်ဆီးခဲ့သည်။ 

တန့်ဆည်မြို့နယ်အတွင်း ပြည်သူလူထုအပေါ် ပြုမူမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button