သတင်း

မိုးကုတ်မြို့နယ် လျှပ်စစ်နှင့် စည်ပင်ရုံးတို့တွင် ဗုံးကွဲ

ယနေ့ (စက်တင်ဘာ ၃) တွင် မန္တလေးတိုင်း၊ မိုးကုတ်မြို့ လျှပ်စစ်မီတာရုံးနှင့် စည်ပင်သာယာရေးကော်မတီရုံးတို့ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ယမန်နေ့က လျှပ်စစ်မီတာရုံးဝန်ထမ်းများက ဓာတ်အားခတောင်းခံလွှာများ လိုက်လံပေးဝေကြကြောင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်း မရှိသော စည်ပင်ဝန်ထမ်းတချို့ကလည်း ယနေ့ မနက်တွင် အမှိုက်ခွန်လိုက်ကောက်ခဲ့ကြောင်း မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“လျှပ်စစ်က မနေ့က မီတာစာရွက်တွေ လိုက်ဝေတယ်၊ တစ်အိမ်ကို ငါးရွက်စီ ရကြတယ်၊ ခွဲဆောင်လို့ ရပါတယ်၊ ဘာတယ်နဲ့ ပြောသွားတာ။ ဒီနေ့မနက်တော့ (မီတာ) မဆောင်တော့ မဆောင်ဘူး၊ ခွဲတယ်ဆိုပြီး ခွဲတာနေမှာပဲ” ဟု ထိုအမျိုးသားက ဆိုသည်။

“စည်ပင်ကလည်း အပြောအဆိုမတတ်လို့ ဆုံးမခံရတာပါပဲ။ အခွန်တွေလိုက်ကောက်တာ၊ ဒီကနေ့ နေ့လယ် ၂ နာရီ လောက်ကျတော့ ဗုံးကွဲတာပဲ။ အဆောက်အအုံကနေ မှန်တွေ လမ်းပေါ်မှာ ခင်းထားသလိုပဲ၊ တော်တော်ထိသွားတယ်၊ စည်ပင်ရုံးက အမျိုးသမီးသုံးယောက်နဲ့ အမျိုးသားတစ်ယောက်ပဲ ဆိုးနေတာ။ ကျန်တဲ့လူ တော်တော်များများက CDM ကြတယ်” 

လျှပ်စစ်ရုံးပေါက်ကွဲမှုတွင် အဆောက်အအုံ ပျက်စီးထိခိုက်ခြင်းမရှိကြောင်း၊ ၃ လစာ အခွန်ကောက်သည့် စည်ပင်သာယာရေးကော်မတီရုံးတွင် အဆောက်အအုံပျက်စီးပြီး အရေးပေါ်လူနာတင်ကားများ ရောက်လာကြောင်း၊ လူထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းအခြေအနေများကို မသိရကြောင်း မိုးကုတ်မြို့ခံများက ပြောသည်။  

ဗုံးခွဲတိုက်ခိုက်သူ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရသေးပေ။ 

ဩဂုတ်လအတွင်း စာသင်ကျောင်းတစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ အစောင့်တပ်သားများကို မိုးကုတ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားများလည်ပတ်ရန်၊ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရန် အထောက်အပံ့ပြုစေမည့် လုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် စစ်ကောင်စီဒေါက်တိုင်များကို PDF များက နိုင်ငံအနှံ့အပြားတွင် တိုက်ခိုက်လျက်ရှိသည်။

အာဏာသိမ်းမှု ဆန့်ကျင်သူအများအပြားကလည်း ပြည်သူကို အကြမ်းဖက်နေသော စစ်ကောင်စီ၏ ဝင်ငွေရလမ်း ပိတ်ဆို့စေရေး၊ စီမံရခက်ခဲစေရေးတို့အတွက် အခွန်မျိုးစုံနှင့် ဓာတ်အားခပေးဆောင်ခြင်း မပြုကြရန်၊ ထီမထိုးကြရန် တိုက်တွန်းနေကြသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button