မေးမြန်းခန်း

“ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ၊ ပြည်သူပါရင် အားလုံးနိုင်မယ်” 

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သူ မန်းဂျော်နီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုကာ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် လေးကြိမ်တိုင် အနိုင်ရခဲ့သူဖြစ်သည်။ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ရှေ့တန်းမှ ပါဝင်လာသူ အသက် ၈၀ အရွယ် ကရင်တိုင်းရင်းသားကြီး မန်းဂျော်နီကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

မေး – စစ်အာဏာသိမ်းပြီး ခုနှစ်လနီးပါးအကြာမှာ အဘိုးကို လက်နက်ကိုင်ထားတဲ့ပုံနဲ့ ပြန်မြင်ရပါတယ်။ ဆိုတော့ နွေဦးတော်လှန်ရေးမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာ ပထမဆုံး သိပါရစေခင်ဗျ။ 

ဖြေ။ − စစ်အာဏာသိမ်းတာသည် တကယ်ပဲ အဓမ္မကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့ ငါတို့က ဓမ္မအနေနဲ့ လုံးဝလက်မခံဘူးနော်။ ကိုယ့်ယုံကြည်ချက်အတိုင်း ဒီအဓမ္မကို ဓမ္မအနေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားဖို့ ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲတင်းတင်းပြောတယ်။

မေး − နွေဦးတော်လှန်ရေးက အောင်မြင်မယ်လို့ ဘယ်လောက်အထိ ယုံကြည်သလဲ။ 

ဖြေ − ရာနှုန်းပြည့်ယုံကြည်တယ်။ ရာခိုင်နှုန်းပြည့်အောင်မြင်မယ်လို့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့သည် တရားသောအားဖြင့် ဓမ္မသွားတာ၊ သူတို့က အဓမ္မသိမ်းထားတာ။ နောက်တစ်ခုက ပြည်သူတွေ ဘယ်လောက်ခံစားရသလဲဆိုတာကို သူအာဏာသိမ်းတဲ့နေ့ကနေစပြီး ပြည်သူတွေက ရိုးရိုးသားသားနဲ့ ဆန္ဒပြတယ်။ အားလုံးက သေနတ်နဲ့ လိုက်လိုက်ပစ်ပစ်သတ်တယ်နော်။

ပြည်သူတွေအားလုံး အရင်တုန်းက ၈၈ က မအောင်မြင်ဘူးဆိုတာက ၈၈ တုန်းက အခွေတွေ ဘာတွေ (သတင်းအချက်အလက်ကြားသိရခြင်း) နောက်တစ်ပတ်ကြာမှ နောက်နှစ်ပတ်ကြာမှ။ အခုက မိနစ်တိုင်းမှာ ဒါတွေအားလုံးသွားနေတဲ့အတွက် ပြည်သူတွေ အားလုံးမြင်နေတယ်လေ။ ပြည်သူတွေကနေ တရားသောအားဖြင့် ဆန္ဒပြနေတာကို ဒီလောက်များနေတာကို ဘာလို့လိုက်သတ်နေတာလဲ။ ဘာလဲ အဲ့ဒါ။ ပြည်သူဘက်က အကုန်လုံးပါလာတဲ့အတွက်ကြောင့်မို့လို့နော်။ ဝန်ထမ်းတွေကလည်း CDM တကယ်လုပ်တယ်။ အဲ့ဒါကြောင့် ရာနှုန်းပြည့်အောင်မယ်ဆိုတာ တို့ယုံကြည်တယ်။ 

ငါတို့ကိုယ်တိုင်ပင်လျှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြည်သူရွေးတဲ့ ပြည်သူ့ကိုယ်စားလှယ်လေ။ ငါက ပြည်သူတွေကို သစ္စာဖောက်မယ်ဆိုရင် ငါ့အသက်က အခု ၈၀ ရှိနေပြီလေ။ အခု ၈၀ ရှိနေတဲ့အသက်နဲ့ ငါက ပြည်သူတွေကို သစ္စာမဖောက်နိုင်ဘူး။ နေဝင်ချိန်ရောက်နေပြီ။ သူတို့မသတ်လဲ ငါသေမယ့် သေမျိုး။ ငါအမြဲတမ်း Meditation ကမ္မ‌ဋ္ဌာန်းရှုပြီးသွားနေတဲ့သူ။ ငါ အချိန်မရွေးသေမှာပဲလေ။ သူတို့မသတ်လဲသေမှာ။ 

သူတို့လည်း သေမှာပဲ။ သူတို့လည်း သေမျိုးပဲလေနော်။ ဘာလောဘကြီးစရာ၊ ဘာအတ္တကြီးစရာ၊ ဘာမမျှတစရာ တွေးစရာ မလိုဘူးလေ။ လူထုရိုသေအောင်၊ လူထုလေးစားအောင်၊ လူထုမြတ်နိုးအောင်။ လူထုချစ်အောင်လုပ်လို့ရှိရင် လူထုကနေ သူတို့ကို တင်မှာပဲလေ။ အခုက သေနတ်နဲ့ လိုက်အနိုင်ကျင့်နေတဲ့ အတွက်ကြောင့်မို့ လူထုက သူတို့ကို မုန်းသွားပြီလေ။ အဲ့ဒါကြောင့်မို့လို့ ပြည်သူလူထုပါတဲ့ ငါတို့ဘက်က ရာခိုင်နှုန်းပြည့်အောင်မယ်ဆိုတာ ယုံတယ်ကွာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ။ (ဓာတ်ပုံ − Supplied) 

မေး − အခုဆိုရင် PDF (ပြည်သူ့ကာကွယ်ရေးတပ်) ဆိုတာလည်း ပေါ်လာပြီ။ EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ) တွေနဲ့လည်း ချိတ်ဆက်မှုတွေရှိနေပြီလို့ ကြားသိရပါတယ်။ စစ်အာဏာရှင်ကို အမြစ်ဖြုတ်ဖို့ တော်လှန်ရေးအင်အားစုတွေ ဘယ်လောက်အထိ အချိတ်အဆက်မိနေပြီလဲ။

ဖြေ − အချိတ်အဆက်က အခုမှ မိတာမှမဟုတ်ဘဲ။ စပြီး သပိတ်မှောက်တဲ့၊ ဆန္ဒပြတဲ့အချိန်က စပြီးတော့ အလိုလို အချိတ်အဆက်မိနေတာ။ ငါတို့ဆို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဆိုတော့ လွှတ်တော်တက်ဖို့ နေပြည်တော်ကိုသွားတယ်။ သူတို့လုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ငါတို့သွားတယ်၊ လုပ်တယ်။ လွှတ်တော်တက်မယ်၊ အာဂျန်ဒါတွေတောင် ဆွဲပြီးသွားပြီ။ အဲ့ဒီနေ့မှာ သူတို့က ပိတ်ဆို့လိုက်တဲ့အတွက် ငါတို့က လုံးဝ လွှတ်တော်မတက်ရတော့ဘူး။  ပြည်သူတွေပေးထားတဲ့ အစိတ်အပိုင်းအရ ငါတို့သွားတာ။ 

ဆိုတော့ ငါတို့ကတော့ ဆက်ချမှာပဲ။ ရှုံးဖို့၊ နိမ့်ဖို့ ဒါကို ပြောချင်တာ မဟုတ်ဘူး။ သူတို့မသတ်လည်းကွာ အခု ကိုဗစ်နဲ့သေနေတာ အများကြီးပဲ၊ မချိမဆံ့ပဲ။ ကိုဗစ်ကြောင့်မသေဘဲ တိုက်ပွဲကြောင့်သေလည်း သေမျိုးတွေဟာ သေမှာပဲလေ။ ဒါကြောင့် နေ့စဉ်နေ့တိုင်း ပြည်သူတွေအတွက် ငါပေးဆပ်ရဦးမှာပါလား။ အခု အသက် ၈၀ ဆိုတော့ ငါ့နေဝင်ချိန်ရောက်နေပြီ။ နေဝင်ဆည်းဆာကို ငါဘယ်လိုသွားမလဲဆိုတာ ငါရွေးချယ်ပြီးပြီ။ ပြည်သူက ငါ့ကို ရွေးချယ်ထားတဲ့အတွက် ပြည်သူကို ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာ ရာခိုင်နှုန်းပြည့် ပြောရဲတယ်။

မေး − အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ အမျိုးသားရင်ကြားစေ့ရေးမူနဲ့ သွားခဲ့တယ်။ အခု အာဏာပါသိမ်းသွားပြီဆိုတော့ အမျိုးသားရင်ကြားစေ့ရေးဟာ ပျက်ပြယ်သွားပြီလား။

ဖြေ − စစ်တပ်ဆိုတာ ရှိရမယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ် လုံးဝမလိုချင်ဘူး။ အဲ့ဒါကို ပြင်ကိုပြင်ရမယ်။ အဲ့ဒါကို မပြင်ရင် ပွင့်ပွင့်လင်းလင်းပြောရရင် အလဲထိုးပွဲပဲပေါ့။ သူလည်းထိုး၊ ကိုယ်လည်းထိုး။ စတိတ်စင်ပေါ်မှာ သူနိုင်ရင် သူယူသွား။ ကိုယ်နိုင်ရင် ကိုယ်ယူသွားပဲ။ သူက အရှေ့တောင်အာရှမှာ တကယ့်အင်အားကြီးတဲ့ စစ်တပ်ကြီးပဲ။ ဒါပေမယ့်လို့ ဒီအင်အားကောင်းတဲ့ စစ်တပ်ကြီးကို ပြည်သူလူထုက တွန်းလှန်နေတာ အခု သူတိုက်လို့ရလား၊ နိုင်ပြီလား စဉ်းစားလေ။ 

ပြည်သူလူထုတွေက တော်တော့ကို မကျေမချမ်းဖြစ်နေပြီလေ။ အဲ့တော့ ပြည်သူပါလို့ရှိရင် အားလုံးအောင်မှာပဲ။ ငါတို့က ပြည်သူရွေးထားတဲ့ ပြည်သူ့ကိုယ်စားလှယ်။ ပြည်သူကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ဒီတပ်မတော်သားတွေကကော ဘယ်ကနေ မွေးတာလဲ။ တောင်သူလယ်သမား၊ အလုပ်သမား အားလုံးကနေ ပြည်သူကနေ မွေးတာလေ။ ဒါကို ပြည်သူကို ဘာလို့လိုက်သတ်နေတာလဲ။ ငါတို့က မခံချင်တာ အဲ့ဒါပဲ။

မေး − အာဏာသိမ်းမှုက စစ်ခေါင်းဆောင်တွေ အဆုံးသတ်ကံဆိုးစေတဲ့ပွဲလား။ ဝါရင့်နိုင်ငံရေးသမားလည်းဖြစ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ အဘိုးရဲ့အမြင်ကို သိပါရစေ။

ဖြေ − အင်မတန်မှကောင်းတဲ့‌မေးခွန်းပဲကွ။ ပြည်သူပါဖို့ လိုတယ်ကွ။ ပြည်သူပါလို့ရှိရင် သူတို့က အမြစ်ပြတ်မှာပဲ။ ဒါကြောင့်လည်း သူတို့က လိုက်ပြီးတော့ ပြည်သူကို ဘာညာဘာညာ သေနတ်နဲ့ လိုက်ပြီး ပစ်နေတာလေ။ မဆိုင်တဲ့လူတွေကို လိုက်ပစ်နေတာပဲ။ ဒါကြောင့် ပြည်သူတွေကဟာ သေနတ်သမားတွေ ရမ်းကားလှချည်လားဆိုတဲ့ အမြင်ရှိနေပြီဖြစ်တဲ့အတွက် သူတို့မနိုင်ဘူး။ သူတို့ရှုံးနေတာ။ ပြည်သူတွေက မကြောက်လို့လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် အခုအချိန်ထိ ဆန္ဒလည်းပြနေတုန်းပဲ။ ပြည်သူတွေက တကယ့်မခံမရပ်နိုင်ဖြစ်နေတာ။ 

အသက် ၈၀ အရွယ် ဝါရင့်နိုင်ငံရေးသမားကြီး မန်းဂျော်နီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုကာ ရွေးကောက်ပွဲလေးကြိမ် အနိုင်ရထားသူဖြစ်သည်။ (ဓာတ်ပုံ − Supplied) 

အဲ့ဒါကြောင့် တပ်မတော်အနေနဲ့ ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ၊ ငါတို့တွေသည် ပြည်သူထဲက ပေါက်ဖွားလာတဲ့ သားတွေ၊ သမီးတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်သူတွေကို အလုပ်အကျွေးပြုရမယ်ဆိုတဲ့ အမြင်နဲ့ သွားမယ်ဆိုရင် အားလုံးအိုခေမှာပဲ။ ဒါပေမယ့် အခုအနေအထားမှာတော့ လေးထောင့်ကြိုးဝိုင်းထဲကို ရောက်နေပြီ။ အလဲထိုးရမှာပဲ၊ သူထိုးကိုယ်ထိုးပဲ။ မပူနဲ့ ငါတို့နိုင်မှာ ယုံကြည်တယ်။

‌မေး − စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ။ ။ သူတို့ဘက်က ဘယ်လိုယူဆလဲ မသိဘူး။ ငါတို့ကတော့ လုံးဝလက်မခံဘူး။ အချိန်တွေပေးထားတာပဲ။ ကော်မရှင်မှာ အတွင်းရေးမှူးတို့ ဘာတို့ ညာတို့ သူတို့ဘက်ကလူတွေ ခပ်များများတွေပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မဲစာရင်းစစ်ဖို့ သုံးကြိမ်ပေးထားတယ်။ အကုန်လုံး သေသေချာချာ စစ်ထားပေးတယ်။ အဲ့ကတည်းက မကျေနပ်ဘူးဆိုရင် မဲစာရင်းဖျက်ပစ်လိုက်ပေါ့။ ရွေးကောက်ပွဲစတော့လည်း ဘယ်နေရာက ဘာဖြစ်ပါတယ်ဆို ဖျက်ပစ်လိုက်ပေါ့၊ မဖျက်ဘူး။ နောက်ရွေးကောက်ပွဲပြီးပြီ မဲစာရင်းမကြေညာသေးဘူး။ ပုံစံ ၁၆တို့၊ ၁၉ တို့ အကုန်လည်းဖြည့်ပြီးရော။ ငါတို့နိုင်မှကွာ၊ အကုန်နိုင်ပြီးခါမှ မဲစာရင်းကြောင့်ဆိုတော့ စဉ်းစားကြည့်လေကွာ။ 

စောစောထဲက သူလုပ်လို့ရတာပဲ။ ဖျက်တယ်ကွာ၊ သိမ်းတယ်ကွာ လုပ်ပါလား။ အခုအချိန်မှာ သူလုပ်တဲ့အစိတ်အပိုင်းက စဉ်းစားကြည့်ပေါ့။ သူ့မှာ အာဏာသိမ်းဖို့မဟုတ်ဘူး။ တခြားမျှော်လင့်ချက်တစ်ခု ရှိကိုရှိတယ်။ ဘာလည်း အဲ့ဒါငါမပြောဘူး။ ကိုယ့်ဟာကိုယ်စဉ်းစား။ သူတို့ဟာသူတို့ စဉ်းစားပါစေ။ မျှော်လင့်ချက်အတိုင်းဖြစ်မလာတော့ သိမ်းတော့တာပေါ့ကွာ။ ကဲသိမ်းလေ…သိမ်းလည်း လူ့လောကဟာ သူတို့ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း ဘယ်ရောက်သွားပြီလဲ…သေပြီ။ ဗိုလ်ချုပ်ကြီးစောမောင် ဘယ်ရောက်သွားပြီလဲ…သေပြီ။ ငါတို့လည်းသေမှာပဲ။ အဲ့ဒီတော့ နာမည်ဆိုးနဲ့သေမလား၊ နာမည်ကောင်းနဲ့သေမလားဆိုတာ ဒါပဲတွက်တယ်။ ဒါငါ့ခံယူချက်ပဲ။ 

အဲ့ဒီတော့ မဲမသမာဘူးဆိုတာ ဘာဖြစ်လို့ စောစောထဲက လုပ်နိုင်ရဲ့သားနဲ့ မဲပုံးတွေ ကန်ထုတ်ပစ်လိုက်လို့ရတယ်ကွာ။ အားလုံးစိစစ်ပြီးတော့မှ ကမ္ဘာကို ကြေညာပြီးတော့မှ မဲမသမာဘူးလို့ပြောတာ ရယ်စရာကြီးဖြစ်နေတယ်။ ငါတို့ လွှတ်တော်တက်ဖို့ သွားနေပြီလေ၊ တပ်မတော်ကလည်း အစိတ်ပါနေပြီလေ၊ မပါဘူးလို့ ပြောလို့ရမလား။ ဒါတွေဟာ ပြန်တွေးလိုက်မယ်ဆိုလို့ရှိရင် အခုငါပြောနေတာတွေ ပြည်သူတွေကြားရင် ပိုပြီးတော့တောင် သူတို့ စိတ်မကောင်းဖြစ်သွားဦးမယ်နော်။

မေး − နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အလွှာစုံကပြည်သူတွေကို ဘာအမှာပါးချင်လဲ။ 

ဖြေ − ငါက ဆဲဗင်းဂျူလိုင်ကျောင်းသားကွ၊ ဟားဟားဟား။ နောက်တစ်ခါ ၈၈ လည်းကျရော ငါက လက်ထောက်မြို့နယ်ပညာရေးမှူးဖြစ်နေပြီကွ။ အခု ပြန်ဖြစ်လာပြီဆိုတော့ အဲ့ဒါတွေကို အားလုံးပြန်သုံးသပ်လိုက်တဲ့အခါမှာ ငါ့အသက် ၈၀ မှာ တစ်ဘဝလုံးလျှောက်လာခဲ့တာ ခယောင်းလမ်းပါလား။ ဒီခယောင်းလမ်းမှာ ဘယ်သူတွေက ခယောင်းလုပ်နေတာလဲဆိုတာကို သေသေချာချာမြင်လို့ရတဲ့အတွက် ကိုယ်လုပ်ရမယ့်အလုပ်ကို ဆက်လုပ်မယ်။ ပြည်သူအပေါင်းတို့ခင်ဗျာ… ကျနော်သည် ခင်ဗျားတို့အတွက် ဆက်တိုက်ဆက်တိုက် လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကို အားပေးပါ။ နိုင်ကိုနိုင်ရမယ်။

မေး − အသက် ၈၀အရွယ် နိုင်ငံရေးသမားကြီးတစ်ယောက်က ဒီလိုခက်ခဲကြမ်းတမ်းတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ဘယ်လိုစိတ်ဓာတ်ခွန်အားတွေနဲ့ ပါဝင်နေတာလဲခင်ဗျ။

ဖြေ − ထူးတော့ထူးဆန်းတယ်ကွ။ ငါလွှတ်တော်ကိုတက်ဖို့ ဖေဖော်ဝါရီလက ကျန်းမာရေးမကောင်းဘူးကွ။ ခုတင်ပေါ်ကနေ ထရင်တောင် သူများတွဲပေးရတယ်ကွ။ အဲ့အခါကျတော့ နေပြည်တော်လည်းရောက်ရော ကိုဗစ်စစ်ဖို့ စာရင်းကောက်တော့ ဘော့ပင်တောင် ကိုင်လို့မရဘူး။ ထူးဆန်းတာနော်။ အခု လက်ရှိအချိန်မှာ ကောင်းကောင်း လေ့ကျင့်ခန်းလုပ်တော့ ကောင်းကောင်းလည်း ပြေးလို့ရတယ်။ အကုန်လုံးလည်း အဲ့ဒီရောဂါတွေ ပျောက်သလို ဖြစ်သွားပြီ။ အဲ့ဒါဘာဖြစ်တာလဲ ငါလည်းမပြောတတ်ဘူးကွ။ ဘာဆေးမှလည်း မရှိဘူးကွာ။

ဝန်ကြီးချုပ်တုန်းက ကားသုံးခါအတိုက်ခံရတယ်။ သေပေါ့ကွ အဲ့ဒါလည်းမသေဘူး။ နောက်ပြီးတော့ တစ်ခုပြီးတစ်ခု၊ ရောဂါတွေပြန်ဖြစ်လာတယ်ကွာ ဘာမှန်းလည်းမသိဘူး။ အခုကျတော့ တကယ် ပကတိ ကျန်းမာလာတာနော်။ အခုငါပြေးလို့ရတယ်။ ငါနဲ့သက်တူရွယ်တူ ပြိုင်ချင်တဲ့ကောင် လာပြိုင်လို့ရတယ်။ ငါအလုပ်လုပ်ရဦးမယ်ကွ ဟားဟားဟား။ ကောင်းတယ်ကွ လျှမ်းလျှမ်းတောက်ပဲ။ တစ်သက်တာမှာ တစ်ခါပဲလေကွာ။

မေး − တခြားဘာများ ဖြည့်စွက်ပြီး ပြောချင်တာရှိသေးလဲ။

ဖြေ − ပြည်သူတွေကိုပြောချင်တာတော့ ပြည်သူပါရင် အားလုံး နိုင်ကိုနိုင်တယ်။ ပြည်သူသာလျှင် အဓိက၊ ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ပြည်သူပါရင် အားလုံးနိုင်မယ်။ ဒီပွဲကတော့ အလဲထိုးပွဲပဲ။ ဒီပွဲကတော့ သူမလဲရင် ကိုယ်လဲပဲ။ ကိုယ်မလဲရင် သူလဲပဲ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button