သတင်း

မန္တလေးမြို့ပေါ်တွင် စစ်ယာဉ်တန်းအနီး ပေါက်ကွဲမှုဖြစ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်း၊ ၁၁၂ လမ်းနှင့် ၁၁၃လမ်းကြားရှိ သစ်တောရုံးအနီးတွင် ကင်းလှည့်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီယာဉ်တန်းအနီး ယနေ့ (ဩဂုတ် ၂၉) နံနက် ၈ နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သည်ဟု မန္တလေးမြို့ခံ အမျိုးသားနှစ်ဦးက ပြောသည်။

“ဒီကားတွေက ဆန္ဒပြစစ်ကြောင်းတွေ လှည့်ဖြိုခွင်းဖို့ စီတန်းထားတာ။ အိမ်စီးကားတွေရောပဲ၊ အဲဒီအချိန် ဗုံးပစ်သွားတာထင်ပါတယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုပြီး အခြားမြို့ခံတစ်ဦးကလည်း “မြေကြီးတောင်တုန်သွားတယ်။ အတော်ပြင်းအားကြီးတယ်။ ဒီကောင်တွေ တော်တော်ထိနိုင်တယ်” ဟု ဆိုသည်။ 

အထက်ပါ သတင်းရင်းမြစ်နှစ်ဦးစလုံးမှာ ပေါက်ကွဲမှုကို မျက်မြင်တွေ့ရခြင်း မရှိသဖြင့် ထိခိုက်ပျက်စီးမှု၊ ဒဏ်ရာရမှု အခြေအနေအသေးစိတ်ကိုမူ မသိရပေ။ 

ထို့အတူ အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

“ဘယ်သူတွေ ဗုံးလာထောင်သွားလဲ။ ပစ်သွားလဲက မသိရဘူး။ အတော်သေနိုင်တယ်ထင်တယ်။ သူတို့ကတော့ သတင်းထိမ်ချန်မှာပဲ” ဟု ဒုတိယမြောက် သတင်းရင်းမြစ်က Myanmar Now ကို ပြောသည်။

အဆိုပါနေရာသည် ပြည်ကြီးတံခွန်တရားရုံး၊ ရဲစခန်းတို့နှင့် မနီးမဝေးတွင်ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲကား၊ စစ်ကား၊ လူနာတင်ကား အများအပြားရောက်လာကြောင်း၊ အနီးဝန်းကျင်ရှိ လမ်းအားလုံးကိုပါ စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့လိုက်ကြောင်း အထက်ပါပုဂ္ဂိုလ်နှစ်ဦးစလုံးက ပြောသည်။

မွန်းတည့်ချိန်ခန့်အထိ ထိုနေရာတစ်ဝိုက်၌ စစ်သားနှင့် ရဲများ ရှာဖွေမှုများလုပ်နေပြီး သေနတ်သံအချို့ ကြားရသည်ဆိုသော်လည်း အသေးစိတ်အခြေအနေ မသိရပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် နေ့စဉ် ငြိမ်းချမ်းစွာဆန္ဒပြမှုများကို စစ်တပ်က ရက်စက်စွာ ဖြိုခွင်းနေရာ ယင်းကိုတုံ့ပြန်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)အချို့ မန္တလေးမြို့တွင် ဖွဲ့စည်းလာပြီးနောက်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ လုံခြုံရေးယန္တရားကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏပေါ်ပေါက်နေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button