သတင်း

စစ်အာဏာသိမ်းထားသော်လည်း ဇိမ်ခံအိမ်ခြံမြေ ရောင်းအားတက်

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသော်လည်း နာမည်ကြီး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးသိမ်းဝေ(ခ) ဆာ့ချ်ပန်း၏ စီးပွားရေးလုပ်ငန်းများအနက် ရန်ကုန်မြို့ ဇိမ်ခံအိမ်ခြံမြေလုပ်ငန်းမှာ ဝယ်လိုအားကြီးထွားလာနေသည်။

အသက် ၆၈ နှစ်အရွယ် ဦးသိမ်းဝေသည် အိမ်ခြံမြေ၊ ငွေကြေးဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်သည့် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holding (YSH) ကုမ္ပဏီတည်ထောင်သူ ဖြစ်သည်။

၂၀၂၁ ဇွန်လကုန်အထိ ဒုတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) အတွင်း ရောင်းဝယ်မှုအခြေအနေကို မကြာသေးမီက ထုတ်ပြန်ခဲ့ပြီး ရိုးမကုမ္ပဏီ၏ လက်အောက်ခံ Yoma Land အိမ်ခြံမြေလုပ်ငန်းက အကောင်အထည်ဖော်သည့် Star City နှင့် ပန်းလှိုင်အိမ်ရာစီမံကိန်း နောက်ကွယ်မှ ဝင်ငွေ ၃၁ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း ဖော်ပြထားသည်။ 

အဆိုပါဧရာမစီမံကိန်းကြီးနှစ်ခုသည် မြေဧရိယာ ၃ ဒသမ ၁၆ သန်း စတုရန်းမီတာ (စတုရန်းပေ ၃၄ သန်း) ကျယ်ဝန်းပြီး မကြာသေးမီအချိန်က ရိုးမ၏ အိမ်ခြံမြေဖွံ့ဖြိုးရေးစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၃၃၈ သန်း တန်ကြေးရှိနေသည်။

YSH ၏ သုံးလပတ်အတွင်း အိမ်ခြံမြေဝန်ဆောင်မှုနှင့် အိမ်ရောင်းချမှုဝင်ငွေသည် ယခင်နှစ်နှင့် ယှဉ်လျှင် ဒေါ်လာ ၆ ဒသမ ၈ သန်းမှ ၈ ဒသမ ၉ သန်း တိုးတက်ရရှိခဲ့သည်။

ပဋိပက္ခများကြီးထွားလာသည့်ကြားတွင် အိမ်ခြံမြေကဏ္ဍ၌ စိတ်ချစွာ ရင်းနှီးမြှုပ်နှံလာကြခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် ပရမ်းပတာဖြစ်နေသော်လည်း ရန်ကုန်တွင် အိမ်ခြံခြံမြေပိုင်လိုသည့် ဆန္ဒကြောင့် ပထမသုံးလပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)မှ ယခု ၆ လပိုင်းအထိ ရိုးမ၏ အိမ်ခြံမြေလုပ်ငန်းမှာ ဆက်လက်အားကောင်း နေသည်။

ထိုကာလအတွင်း ကုမ္ပဏီ၏ အရောင်းတန်ဖိုး ဒေါ်လာ ၁၆ ဒသမ ၉ သန်းရှိခဲ့ပြီး ယခင် ၆ လထက် ၃ ဒသမ ၇၄ သန်း မြင့်တက်လာသည်။

အိမ်ခြေမြေလုပ်ငန်းမှ ခိုင်မာအားကောင်းမှုကြောင့် မော်တော်ကားလုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတို့ ယိမ်းယိုင်ခဲ့ခြင်းကို ဖာထေးနိုင်ခဲ့သည်။ ဇွန်လကုန်အထိ သုံးလအတွင်း YSH ၏ ဝင်ငွေသည် ဒေါ်လာ ၁၉ ဒသမ ၆ သန်းရှိပြီး ၂ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလည်ပတ်မှုဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေရှိပေမဲ့ သုံးလအတွင်း အိမ်ခြံမြေရောင်းအားခိုင်မာမှုက ကုမ္ပဏီရဲ့ ၂၀၂၁ ဇွန်လအထိ သုံးလအတွင်း ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖို့ အဓိကကျခဲ့ပါတယ်”ဟု ကုမ္ပဏီဘက်မှ ဆိုသည်။ 

အဆိုပါဝယ်ယူသူများအနေဖြင့် အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုတိုးလာနေကြောင်းလည်း ကုမ္ပဏီက ထပ်လောင်းပြောဆိုသည်။ 

ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းမှုကို တိုက်ရိုက်မရည်ညွှန်းသော်လည်း ဖေဖဖော်ဝါရီကတည်းက ရိုးမအုပ်စုအနေဖြင့် တင်းကျပ်သည့် ဘဏ္ဍာရေးမံခန့်ခွဲမှု ချမှတ်လုပ်ဆောင်ခဲ့သည့်အပြင် အကြွေးပေးဆပ်မှုနှင့် ပြန်လည်ညှိနှိုင်းမှုရှိခဲ့ပြီး အနာဂတ်တွင် ပိုင်ဆိုင်မှုများရောင်းချရနိုင်သည်ဟု ဆိုသည်။ 

ကိုဗစ်နိုင်တင်းဖြစ်ပွားမှုကို ထိန်းချုပ်ရန် နေအိမ်တွင်နေထိုင်ရသည့် အခြေအနေကြောင့် ၎င်းတို့ကုမ္ပဏီ၏ စီးပွားရေးကို ပြန်ထန်စွာရိုက်ခတ်ခဲ့သည်ဟုလည်း ကုမ္ပဏီက ဆိုသည်။

ရိုးမအုပ်စု၊ ဂျပန် မစ်ဆူဘီရှိကော်ပိုရေးရှင်းတို့ ဖက်စပ်လုပ်ကိုင်သော၊ ရန်ကုန်မြို့လယ်တွင် တည်ရှိသော ဒေါ်လာသန်း ၈,၀၀ တန်  Yoma Central စီမံကိန်းကိုလည်း တစ်နှစ်ရပ်ဆိုင်းမည်ဟု မေလက ထုတ်ပြန်ထားသည်။ အဆိုပါစီမံကိန်းတွင် အဆင့်မြင့်ဇိမ်ခံအိမ်ရာများ၊ ဟိုတယ်နှင့် ရုံးခန်များ တည်ဆောက်မည်ဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်း ပြန်မစတင်မီ ဘေးကင်းမှုနှင့် လုံခြုံမှုရေးသည် အဓိကဦးစားပေးဖြစ်ကြောင်း Yoma Central စီမံကိန်းတွင် ဟိုတယ်တည်ဆောက်ရေးလုပ်ဆောင်နေသည့် ဟောင်ကောင်အခြေစိုက် Peninsula Hotels ၏ အမှုဆောင်တစ်ဦးက မေလအတွင်းက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်တွင် တည်ရှိပြီး ၁၀ ဧက ကျယ်ဝန်းသည့် အဆိုပါ စီမံကိန်းတွင် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) တို့ ပူးပေါင်း၍ ၁၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။

လွတ်လပ်သော ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် Independent Economists for Myanmar (IEM) အဖွဲ့၏ ယခုလအစောပိုင်း ထုတ်ဖော်ရေးသားချက်အရ ဝင်ငွေကျဆင်းလာသော်လည်း အိမ်ခြံမြေ ဈေးနှုန်းတည်ငြိမ်နေခြင်းမှာ စုဆောင်းငွေရှိသူတို့က မြေဝယ်ထားကြခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ပန်းလှိုင်အိမ်ရာတွင် နိုင်ငံခြားသားနေထိုင်မှု အနည်းငယ်သာရှိပြီး ဘေးကင်းလုံခြုံမှု၊ သာယာအဆင်ပြေမှုနှင့် ငှားရမ်းခသက်သာမှုတို့ကြောင့် ပြည်တွင်းမိသားစုများ ပိုမိုပြောင်းရွှေ့နေထိုင်ကြောင်း ရိုးမကုမ္ပဏီက ဆိုသည်။

သို့သော်လည်း စစ်အာဏာသိမ်းမှုနှင့် ကပ်ရောဂါ နှစ်ခုပေါင်းရိုက်ခတ်မှုကြောင့် ယခုနှစ်အတွင်း မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်း ကျုံ့ဝင်နိုင်သည်ဟူသော ခန့်မှန်းချက်ကို ကုမ္ပဏီက စိုးရိမ်နေသည်။ ထိုအချက်မှာ ရိုးမနှင့် မြန်မာနိုင်ငံရှိ အခြားစီးပွားရေးကော်ပိုရေးရှင်များ၏ ဝင်ငွေကို အကြီးအကျယ်ထိခိုက်နိုင်သည်။

အခြေအနေကောင်းသည့် ဇိမ်ခံအိမ်ခြံမြေလုပ်ငန်းမှာ ခိုင်မာအားကောင်းသော ဆွဲဆောင်မှုများ ရှိနေသော်လည်း YSH ကုမ္ပဏီတစ်ခုလုံး နောက်ဆုံးခြောက်လ အရှုံးပြကြောင်း ပြီးခဲ့သည့်မတ်လစာရင်းများတွင် တွေ့ရသည်။ 

၂၀၂၀ ကုမ္ပဏီ နှစ်ပတ်လည်အစီရင်ခံစာအရ ဦးသိမ်းဝေသည် YSH ကုမ္ပဏီတွင် ပိုင်ဆိုင်မှု ၁၉ ဒသမ ၀၆ ရာခိုင်နှုန်းဖြင့် အကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။ 

လက်ရှိတွင် YSH ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၂ သန်းရှိပြီး ပြီးခဲ့သည့် စက်တင်ဘာတွင် ရှယ်ယာများထပ်ထည့်ခြင်းနှင့် ရှယ်ယာထုတ်ရောင်းခြင်းမရှိပါက ဦးသိမ်းဝေသည် ဒေါ်လာ ၄၁ သန်း ပိုင်ဆိုင်မည် ဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button