ကြမ္မာငင်ခဲ့တဲ့ မြိတ်ကျွန်းစုအပျော်ခရီး

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအောင် အရှိန်အဟုန်မြှင့်နေကြသော်လည်း ဘေးကင်းရေးလိုက်နာစရာများကို လျစ်လျူရှုခြင်း၊ အစိုးရ၏ ထိန်းကျောင်းကြီးကြပ်မှု အားနည်းခြင်း၊ ကုမ္ပဏီများ၏တာဝန်ယူမှု တာဝန်ခံမှု မထင်ရှားခြင်းတို့သည် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းကို အမည်းစက်ထင်စေခဲ့သည်။

၂၀၁၇ ဒီဇင်ဘာလ ပုဂံခရီးစဉ်အတွင်း မယုမိစံ (ယာ) နှင့် ၎င်း၏မိခင်ဒေါ်ခ င်ဆောင်းတင်တို့အား တွေ့ရစဉ်  (ဓာတ်ပုံ - Yu Mi Facebook)
၂၀၁၇ ဒီဇင်ဘာလ ပုဂံခရီးစဉ်အတွင်း မယုမိစံ (ယာ) နှင့် ၎င်း၏မိခင်ဒေါ်ခ င်ဆောင်းတင်တို့အား တွေ့ရစဉ်  (ဓာတ်ပုံ - Yu Mi Facebook)

ရန်ကုန် - မြိတ်မြို့ဆိပ်ကမ်းတစ်ခုမှ ထွက်ခွာလာအပြီး သုံးနာရီခန့်အကြာမှာပင်ဒုတ်ခနဲ အသံတစ်သံကို ကြားလိုက် ရပြီးနောက် မယုမိစံ တို့စီးနင်းလာသည့် ရှပ်ပြေးအမြန်ရေယာဉ် သည် မြိတ်ကျွန်းစုများအကြား ကပ္ပလီ ပင်လယ်ပြင်တွင် တုံးလုံးလဲကာ ဇောက်ထိုးပြောင်းပြန် ဖြစ်သွားတော့သည်။ အသက်ကယ်အင်္ကျီ ဝတ်ထား ကြသဖြင့် လှေပေါ်မှခရီးသည်များ ရေပေါ်ပြန်ပေါ်လာကြ သော်လည်း မယုမိစံ၏မိခင် ဒေါ်ခင်ဆောင်းတင် ကိုတော့ မတွေ့ရပေ။

မယုမိစံ၏မိခင်အပြင် ရေပေါ်ပြန်ပေါ်မလာသူ နောက်တစ်ဦးက မန္တလေးမြို့မှခရီးသည် ဒေါ်ကြင်စု (ခေါ်) ဒေါ်ခင်ချို ဖြစ်သည်။ အသက် ၆၀ ကျော် ၇၀ နီးပါး ထိုသက်ကြီးရွယ်အိုနှစ်ဦး သည် ရေယာဉ်မမှောက်မီက လှေပေါင်းမိုး အောက်မှာ ထိုင်နေခဲ့ကြသူများဖြစ်သဖြင့် လှေမှောက်သည့်အခါ ရေယာဉ်ကိုယ်ထည် အောက်ပိုင်းကို ရောက်သွားကြပြီး ပြန်မပေါ်လာကြခြင်း ဖြစ်သည်။

မကြာမီမှာပင် ငါးဖမ်းလှေတစ်စီး ရောက်လာပြီး ရေပေါ်ပေါ်နေသူများကို ဆယ်ပေးသည်။ သို့သော် သူတို့ လူအားဖြင့် ရေယာဉ်ကိုပြန်လှန်ဖို့ မဖြစ်နိုင်သဖြင့် အဝေးက ငါးဖမ်းစက်လှေ ကြီးကို အချက်ပြကာ ခေါ်ရသည်။ ငါးဖမ်းလှေငယ်နှင့် လှေကြီးတို့မှ ရေလုပ်သားများပေါင်းပြီးတော့မှ အမြန်ရေယာဉ်ကို လှန်လိုက်နိုင်သည်။ ထိုအခါ ပျောက်နေသည့် အမျိုးသမီးကြီးနှစ်ဦး ပြန်ပေါ်လာကြသည်။ အားလုံး မိနစ် ၂၀ ခန့်ကြာသည်။

အနီးဆုံးကျွန်းသို့ မောင်းပြီးနောက် ၎င်းတို့နှစ်ဦးကို ကျွန်းဓလေ့ထုံးစံနည်းများဖြင့်ပါ အသက်ကယ်ဖို့ ကြိုးစား ကြသော်လည်း နောက်ဆုံးလက်လျှော့လိုက်ရသည်။ ပျော်ရွှင်အပန်းပြေ ရအောင်လာခဲ့သည့် ခရီးစဉ်တစ်ခုသည် မမျှော်လင့်ဘဲ သေကွဲကွဲရခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။

ထိုအဖြစ်အပျက်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်အနှံ့မှ ခရီးသွား ၂၀ ခန့်သည် မိမိတို့ဒေသရှိ သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းများနှင့် ချိတ်ဆက်ကာ မြိတ်ကျွန်းစုခရီးစဉ်ကို လာရောက်လည်ပတ်ခဲ့ကြသည်။ ၎င်းတို့အနက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နေ မယုမိစံတို့ သားအမိကတော့ ကျောက်မြောင်းရှိမင်္ဂလာပါအပန်းဖြေခရီးသွားလုပ်ငန်းထံမှ ရန်ကုန်-မြိတ်-ကော့သောင်း-ရနောင်းအထိ ညအိပ် ရက် ခရီးစဉ်ကို တစ်ဦးလျှင် ကျပ် ၃၅၀,၀၀၀ နှုန်းဖြင့် လိုက်ပါခဲ့ကြခြင်း ဖြစ်သည်။

မြိတ်သို့ရောက်သည့်အခါ ၎င်းတို့ကို စမတ်ကျွန်း၊ ဒုံးကျွန်းစသည့် လှပသည့် မြိတ်ကျွန်းစုဝင် ကျွန်းအချို့သို့ လိုက်ပါပို့ဆောင်ပေးရန်မင်္ဂလာပါခရီးသွားလုပ်ငန်းက ချိတ်ဆက်ထားသည့် မြိတ်ဒေသခံထူးထက်ရှိန်ကုမ္ပဏီ၏ အမြန် ရှပ်ပြေး ရေယာဉ်က စောင့်ကြိုနေခဲ့သည်။ ကမ်းမှခွာပြီးနောက် ထိုရေယာဉ်နှေးသည်ဟု ဆိုကာ နောက်တစ်စီးဖြင့် လဲပေးသည်။ ပိုမြန်သည့် ထိုရေယာဉ်ကိုစီးပြီး သုံးနာရီခန့်မှာပင် ကြေကွဲစရာအဖြစ်အပျက် နှင့် ကြုံရခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း ပြည်တွင်းပြည်ပ အပန်းဖြေခရီးသွားသည့်ဓလေ့ ထွန်းကားလာသည့် မြန်မာနိုင်ငံတွင် မြိတ်ကျွန်းစုသည် ပြည်တွင်းခရီးစဉ်ရေးဆွဲရာတွင် ပါဝင်လာသည်မှာ သိပ်မကြာသေးပေ။ ထိုနေ့က လူသေရသည့်အထိ ဖြစ်ခဲ့ရသည့်အဖြစ်အပျက်သည် တိုးတက်ရန်အားယူနေသည့် မြိတ်ကျွန်းစု ဒေသအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်သည်။

"ဘာလုပ်ပေးရမလဲ"

မတော်တဆမှုဆိုသည်မှာ ပုံမှန်ဖြစ်တတ်သည့်အရာ မှန်သော်လည်း ထူးထက်ရှိန်ကုမ္ပဏီပိုင် အမြန်ရေယာဉ် တိမ်းမှောက်၍ လူနှစ်ဦး သေဆုံးရသည့်အမှုတွင်မူ မိခင်ကိုဆုံးရှုံးခဲ့ရသည့် မယုမိစံအတွက် ရန်ကုန်ရှိ ကုမ္ပဏီ ကရော၊ မြိတ်ရှိ ရေယာဉ်ကုမ္ပဏီကပါ ကျေနပ်လောက်အောင် တာဝန်ယူမှုမရှိဟုခံစားနေရသဖြင့် မေးခွန်းထုတ်လျက် ရှိသည်။

မိခင်အလောင်းကို ရန်ကုန်သို့ပြန်သယ်ပြီး သင်္ဂြိုဟ်ခဲ့ရာတွင် ခရီးသွားကုမ္ပဏီနှစ်ခုစလုံးမှ တာဝန်ရှိသူများ တစ်ဦးမျှ ရောက်မလာသလို ဝမ်းနည်းကြောင်း စာတစ်စောင်၊ လွမ်းသူ့ပန်းခွေပန်းခြင်း တစ်မျှ ပို့ခြင်းပင် မရှိခဲ့ဟု မယုမိစံက ပြောသည်။ထူးထက်ရှိန်ကုမ္ပဏီကမူဘာလုပ်ပေးရမလဲလှမ်းမေးသည်ဟု ဆိုသည်။

နာရေး ရက်ကြီးမှာဘာလုပ်ပေးရမလဲဆိုတာထက်ဘာလုပ်ပေးမယ်ဆိုပြီး ပြောရင် အဆင်ပြေတာပေါ့။ ရုတ်တရက် အမေဆုံးလို့ အလုပ်တွေရှုပ်နေချိန်မှာ ဘာလုပ်ပေးပါဆိုပြီး စဉ်းစားဖို့လည်း အချိန်မရှိဘူးလေ။ အဲဒီတော့ ဘာလုပ်ပေးပါရယ်လို့ မပြောလိုက်ရဘူးဟု မယုမိစံက ပြောသည်။

လတ်တလောတွင် မယုမိစံသည် မိခင်အသက်ဆုံးရှုံးမှုအတွက် ထူးထက်ရှိန် ကုမ္ပဏီနှင့် နစ်နာကြေးကိစ္စကို ဆွေးနွေးနေဆဲ ဖြစ်သည်။ ၎င်း၏ဆန္ဒမှာ ရေယာဉ်မှောက်သည့်ဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် ခရီးသည်အားလုံးကို ကုမ္ပဏီဘက်က တောင်းပန်စေလိုခြင်း ဖြစ်သည်ဟု ပြောသည်။

ရေယာဉ်မှောက်ရာတွင် အသက်မသေခဲ့သည့် ရန်ကုန်မှ အသက် ၈၀ အရွယ်ရှိ မင်္ဂလာဒုံမြို့နယ်နေ တပ်မတော် စစ်မှုထမ်းဟောင်း ဦးလှသန်း ကမူ ပစ္စည်းများ ရေထဲကျကာ ဆုံးရှုံးခဲ့ခြင်းအတွက် ထူးထက်ရှိန်ကုမ္ပဏီထံမှ လျော်ကြေး ကျပ် ၇၅၀,၀၀၀ ပြန်လည်ရရှိခဲ့သည်ဟု ပြောသည်။ သို့သော် ကုမ္ပဏီဘက်က အရင်ကမ်းလှမ်းခြင်းမျိုး မဟုတ်ဘဲ ကိုယ့်ဘက်က စတောင်းမှ ပေးခြင်းဖြစ်သည်ဟု ပြောသည်။

နောက်ထပ် လျော်ကြေးရသူတစ်ဦးမှာ အသက် ၆၃ နှစ်ရှိသည့် ရန်ကုန်မြို့နေ ဦးမြတ်ထွန်း ဖြစ်သည်။ ၎င်းက ကျပ် ၆၅၀,၀၀၀ ရသည်။

“(ဦးလှသန်း)က ကုမ္ပဏီက လူတွေကိုခေါ်ပြီးတောင်းမှ ကျွန်တော်တို့လည်း တောင်းရကောင်းမှန်းသိတာ။ အဲဒါနဲ့ သူတောင်းတုန်း ဝင်တောင်းလိုက်တယ်။ ရေအောက်ကျတဲ့အထဲမှာ ပိုက်ဆံတွေမပါပေမယ့် ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ ဖုန်းတွေပါသွားလို့ ဖုန်းသုံးလုံးဖိုးစာပဲ တောင်းလိုက်ပါတယ်ဟု ဦးမြတ်ထွန်းက ပြောသည်။

ဦးလှသန်းနှင့် ဦးမြတ်ထွန်းတို့ ရရှိခဲ့သည့် လျော်ကြေးငွေများမှာ ထိုနေ့က လှေမှောက်သဖြင့် ဖျက်သိမ်းလိုက် ရသည့် တစ်နေ့တာ မြိတ်ကျွန်းစုခရီးစဉ်အတွက်သာထူးထက်ရှိန်ထံမှ ရရှိခြင်း ဖြစ်ပြီး ရန်ကုန်-မြိတ်-ကော့ သောင်း-ရနောင်း ခရီးစဉ်တစ်ခုလုံး၏ မူလစီစဉ်သူ ရန်ကုန်ရှိမင်္ဂလာပါခရီးသွားကုမ္ပဏီက ငွေပြန်အမ်းပေးခြင်း မရှိဟု ၎င်းတို့နှစ်ဦးက ပြောသည်။

“(လှေမှောက်ပြီးတဲ့နောက်) ကျွန်တော်တို့က ခရီးစဉ်ကို ဆက်မသွားဖို့ ဆုံးဖြတ်လိုက်တာ ဆိုတော့ ကျွန်တော်တို့ဘက်က စဖျက်လိုက်သလို ဖြစ်သွားတယ်။ ခရီးစဉ်က ပျက်သွားတာ မဟုတ်ဘဲ ကျွန်တော်တို့က ဖျက်လိုက်သလို ဖြစ်သွားတာပေါ့ဟု ဦးမြတ်ထွန်းက ပြောသည်။

တာမွေမြို့နယ် ကျောက်မြောင်း ကျိုက္ကစံလမ်းရှိ မင်္ဂလာပါ ခရီးသွားကုမ္ပဏီဘက်ကမူ ခရီးစဉ်ကို ခရီးသည်များ ကိုယ်တိုင်က ဆက်မသွားချင်၍သာ ဖျက်သိမ်းရပြီး ၎င်း၏ ကား စက်ချို့ယွင်းခြင်း၊ ကားမမောင်းနိုင်သဖြင့် ခရီးစဉ် ဖျက်လိုက်ရခြင်းမျိုး မဟုတ်ဟု ခရီးသွားကုမ္ပဏီပိုင်ရှင် ကိုလွင်အောင်က Myanmar Now ကိုဆိုသည်။ လူသေဆုံးမှုတွင်လည်း နစ်နာသူ မိသားစုနှင့် ခရီးသည်များကို မြိတ်မြို့မှ ရန်ကုန်သို့ ရောက်သည်အထိ ၎င်း၏ ကားဖြင့် ၎င်းကိုယ်တိုင်မောင်းကာ အစစအရာရာ ကုန်ကျခံ၍  အိမ်တိုင်ရာရောက် ပြန်ပို့ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျွန်တော်တို့က နောက်နောင် ခရီးသွားမယ်ဆို ၅၀ ရာခိုင်နှုန်းအထိ သူတို့ကို လျှော့ပေးဖို့ စီစဉ်ထားတာ။ သို့ပေမဲ့ သူတို့က ဘာမှလည်း မပြောဘူး။ ကျွန်တော်တို့ကိုလည်း သူတို့က မဆက်သွယ်ဘူး။ ကျွန်တော်တို့ကလည်း တာဝန်ကျေပြီလို့ သတ်မှတ်တယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တိုးတိုးကျိတ်ကျိတ်ပြန်ပို့

အဆိုပါ ခရီးစဉ်တွင် ခရီးသည် ၂၀ ပါသည့်အနက် ရန်ကုန်မှ ခြောက်ဦးသာပါပြီး ကျန်သူများမှာ မြန်မာပြည် နေရာအနှံ့မှဖြစ်သည်။ ရေယာဉ်မှောက်ပြီးနောက် ကုမ္ပဏီတာဝန်ရှိသူများသည် သေဆုံးသူနှစ်ဦး၏ အလောင်းနှင့် မိသားစုကို သပ်သပ်၊ ကျန်ခရီးသည်များကို သပ်သပ်ခွဲကာ သယ်ဆောင်ပြီး မြိတ်မြို့ မူလ စတင် ထွက်ခွာရာ ဆိပ်ကမ်းမဟုတ်သည့် မြို့ပြင် ဗောတံတားတစ်ခုမှတစ်ဆင့် သက်ဆိုင်ရာဟိုတယ် အသီးသီးသို့ ပြန်ပို့ပေးခဲ့သည်ဟု ဦးလှသန်းက ပြောသည်။

ရန်ကုန်အဖွဲ့သည် ကျန်ဒေသမှအဖွဲ့များနှင့် အဆက်အသွယ်ပြန်သွားကြသဖြင့် ကျန်ခရီးသွားများအပေါ် ကုမ္ပဏီဘက်က မည်သို့တာဝန်ယူမှုရှိသည်ကို မသိရဟု ၎င်းက ပြောသည်။

စပိဘုတ်မှာ ပါလာတဲ့ ရန်ကုန်က ခြောက်ယောက်အဖွဲ့က အချင်းချင်းသိပေမယ့် ကျန်တဲ့ခရီးသည်တွေကို ဘာလုပ်ပေးလဲ မသိဘူး။ သူတို့က မီဒီယာတွေမသိအောင် လူကိုခွဲပြီး ဟိုတယ်ကိုတန်းပို့လိုက်တာ။ တကယ်ဆို ရဲဌာနတွေခေါ်ပြီး စစ်ဆေးရမှာ။ ဘယ်လိုဖြစ်တာလဲ မေးရမယ်ဟု ဦးလှသန်းက ပြောသည်။

Myanmar Now အနေဖြင့် ရန်ကုန်မှလိုက်ပါသွားသည့်အဖွဲ့ကိုသာ အဆက်အသွယ်ရခဲ့ပြီး ကျန်ခရီးသွားများနှင့် အဆက်အသွယ် မရခဲ့ပါ။

screen_shot_2019-01-10_at_11.27.47_pm.png

မယုမိစံနှင့် အခြားခရီးသွားများ သွားရောက်လည်ပတ်ရန်စီစဉ်ခဲ့ပြီး လှေတိမ်းမှောက်မှုကြောင့် မသွားရောက်နိုင်ခဲ့သည့် စမတ်ကျွန်း။ (ဓာတ်ပုံ။ Google Earth)

အစိုးရက ခေါ်ဆူပြီးပါပြီ

တနင်္သာရီတိုင်း မြိတ်ကျွန်းစုဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာသည့် လေးနှစ်အတွင်း ပထမဆုံးဖြစ်ပွားသည့် ရှပ်ပြေးရေယာဉ် တိမ်းမှောက်မှုတွင် သက်ဆိုင်ရာကုမ္ပဏီ၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းရှင်များ အသင်း နှင့် သက်ဆိုင်ရာ အစိုးရတို့ဘက်က မတော်တဆမှုဖြစ်ရသည့်အကြောင်းရင်းကိုလည်းကောင်း၊ နစ်နာသူများအတွက် တာဝန်ယူထားပုံကို လည်းကောင်း အများပြည်သူသိအောင် ထုတ်ပြန်ခြင်းမရှိပေ။

ထိုနေ့က တိမ်းမှောက်သည်မှာ သတ်မှတ်ထားသည့်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်း ကြောင့်လား၊ သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်ခြင်း ကြောင့်လား၊ ရေယာဉ်မောင်း၏ မကျွမ်းကျင်ခြင်း ကြောင့်လား စသည်ဖြင့် ကွဲကွဲပြားပြား ထုတ်ဖော်ပြောခြင်း မရှိပေ။ ရေယာဉ်နစ်မြုပ်သည့်နေရာအပိုင် ကျွန်းစု မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးညွန့်ဝင်းကမူ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်နေစဉ် ရေမှာ မျောနေသည့် သစ်တုံးနှင့်တိုက်မိပြီး တိမ်းမှောက်ရခြင်း ဖြစ်သည်ဟု ၎င်း၏အမှုတည်ဆောက်မှုအပေါ် အခြေတည်ကာ Myanmar Now ကို ပြောသည်။

မြိတ်ခရိုင်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်က ခရီးသွားလုပ်ငန်း အရှိန်ယူနေချိန် ဦးကျိုးအောင်လုပ်ရပါမည်လားဟူ၍ "ခေါ်ဆူပြီးပါပြီ" ဟု ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့် မြိတ်ခရိုင်ဒေသ လူထုတွေ့ဆုံပွဲတွင် ပြောသည်ဟုသာ သိရသည်။ ယခုဖြစ်စဉ်ကိုနမူနာယူပြီး ခရီးသွားများ ဘေးကင်း လုံခြုံရေးအတွက် စည်းကမ်းထိန်းကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဟိုတယ်ခရီးသွားလုပ်ငန်းရှင်အသင်းနှင့် ချိတ်ဆက်ဆောင်ရွက်စေသည်ဟု မြိတ်ခရိုင် ခရီးသွား လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးသိန်းဆွေမြင့် က ပြောသည်။

ယခု ဖြစ်ရပ်တွင် ထူးထက်ရှိန်ကုမ္ပဏီပိုင် ရေယာဉ်ဝန်ထမ်းများသည် ဘေးကင်းရေး စည်းကမ်းများကို လိုက်နာမှု ရှိမရှိ အစိုးရက စစ်ဆေးရေးဝင်မဝင် မသိရပေ။ လူသေဆုံးသည်အထိ ဖြစ်ခဲ့ရသဖြင့်ထူးထက်ရှိန်ကုမ္ပဏီကို ခရီးသွားလုပ်ငန်းလိုင်စင် တစ်လပိတ်သိမ်း သည်ဟု မြိတ်ခရိုင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဦးသိန်းဆွေမြင့်က ပြောသည်။ သို့ရာတွင် မြိတ်ခရိုင် ဟိုတယ်ခရီး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းဇော်ကမူ အကြောင်းကြားစာ မရသေးကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က ပြောသည်။

ထိုခရီးစဉ်ကို ဝန်ဆောင်မှုပေးခဲ့သည့်ထူးထက်ရှိန်အမြန်ရေယာဉ် ကုမ္ပဏီတို့ကို Myanmar Now က ဇန်နဝါရီ ၂၈ ရက်နေ့အထိ စုစုပေါင်း ဆယ်ကြိမ်ထက်မနည်း ဖုန်းခေါ်ဆိုခဲ့သော်လည်း တယ်လီဖုန်းဖြေကြားခြင်း မရှိပါ။

 မြန်မာနိုင်ငံထက် ခရီးသွားလုပ်ငန်း အကြီးအကျယ် ဖွံ့ဖြိုးပြီးဖြစ်သည့် ထိုင်းနိုင်ငံတွင်မူ ထိုသို့ဖြစ်ပွားပါက ရေယာဉ်ကို စစ်ဆေးပြီး လုံလောက်သည့် အရည်အသွေး မရှိပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်း၊ ဒဏ်ငွေ ရိုက်ခြင်းတို့ လုပ်သည်ဟု ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံမှ စာရေးဆရာ မင်းဒင်က Myanmar Now ကိုပြောသည်။

လွန်ခဲ့သည့်ငါးလခန့်က တရုတ်ခရီးသွားအများစု ပါဝင်သည့် အမြန်ရေယာဉ်တစ်စင်း ဖူးခက်တွင် တိမ်းမှောက်ခဲ့ရာ ခရီးသွားလက်မှတ်တန်ဖိုးတွင် ထိခိုက်မှုနှင့် အသက်အာမခံကြေးပါပြီးဖြစ်၍ အာမခံကုမ္ပဏီက ပြန်လျော်ပေးကြောင်း၊ အသက်သေပါက အာမခံကုမ္ပဏီက လျော်ကြေး ထိုင်းဘတ်တစ်သန်းကို ပေးရကြောင်း ဦးမင်းဒင်က ပြောသည်။

ကိုယ်တိုင်က လိုင်စင်ရဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် မယုမိစံကမူ ပြည်တွင်းခရီးသွားလုပ်ငန်းများ၏ ဝန်ဆောင်မှု၊ ဧည့်သည်အပေါ် ဂရုတစိုက်ရှိမှုတို့နှင့် ပတ်သက်ပြီး ၎င်း၏လူမှုကွန်ရက် facebook တွင် ယခုလို ဇန်နဝါရီလ ၁၁ ရက်က ရေးသားထားသည်။

ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတိုင်းက ကိုယ့်ရဲ့ ဧည့်သည်တိုင်းကို ဂရုစိုက်မယ်၊ စိတ်ချမ်းသာမှု အတတ်နိုင်ဆုံးပေးနိုင်အောင် ဝန်ဆောင်မှုပေးနေကြတယ်လို့ပဲ ကျွန်မ ထင်ခဲ့မိတယ်။ တွေးခဲ့မိတယ်။ ယုံကြည်မိတယ်။ အဲဒီလို ထင်တာ တွေးတာ မှားသွားမှန်း ကျွန်မ သိပါပြီ။ သဘောပေါက် ပါပြီဟု ရေးသားထားသည်။

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading