သတင်း

စစ်တပ်မွှေနေသည့် ရေစကြိုမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရ 

စစ်တပ်က နေ့စဉ်ရက်ဆက် ဝင်မွှေနေသည့် မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ယနေ့ (ဩဂုတ် ၂၇) နံနက်ပိုင်း စစ်ကောင်စီဘက်တော်သား ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။ 

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ရေစကြိုမြို့နယ်တွင် ယခုသီတင်းပတ်အတွင်း စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတချို့ကို ဝင်ရောက်စီးနင်းခဲ့သည့်အပြင် ကျေးရွာအချို့ကိုလည်း ဝင်ရောက်စီးနင်းလျက်ရှိရာ ဖမ်းဆီးခံရသူများလည်း ရှိခဲ့သည်။

ရေစကြိုမြို့အနောက်ဘက် ပခုက္ကူ − မုံရွာကားလမ်းမပေါ်ရှိ ဇီးတောစံပြကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ ဦးလေးတော်စပ်သူ ပျူစောထီးအဖွဲ့ဝင် ဦးသန်းဌေးကို လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ရေစကြို PDF အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။ 

မြို့နယ်အတွင်းရှိ PDF စခန်းများ စီးနင်းခံရမှုတွင် တာဝန်ရှိသူ စစ်ကောင်စီဘက်တော်သား ဦးသန်းဌေးကို ပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းသတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

အသက် ၆၀ ဝန်းကျင်ရှိ ဇီးတောရွာပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသန်းဌေးသည် တူဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်အောင်နှင့် ပူးပေါင်းကာ ပျူစောထီးအဖွဲ့သစ်များ စုဆောင်းနေသူဖြစ်ကြောင်း၊ ရွာသားများကို ဒုက္ခပေးနေသူဖြစ်သောကြောင့် ရှင်းလင်းခြင်းဖြစ်သည်ဟု ရေစကြို PDF နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ဇီးတောရွာမှာ ပြည်သူတွေ၊ ဒီမိုကရေစီလိုလားတဲ့သူတွေ နေလို့ကို မရတော့တာ။ ပျူစောထီးတွေပဲ အခုနေနေတာ။ ဆန္ဒပြပွဲတွေလုပ်ကတည်းက စစ်တပ်ကို လှမ်းလှမ်းခေါ်တာ။ အိမ်တွေဖျက်တယ်၊ လူတွေရိုက်တယ်။ နောက်ပိုင်းကျ မနေရဲကြတော့ဘူး။ အစိမ်းတွေပဲ ကျန်တော့တာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဩဂုတ် ၁၉ ရက်က ဇီးတောစံပြရွာမြောက်ဘက် မိုင်အနည်းငယ်အကွာရှိ မအူအလယ်ရွာမှ PDF စခန်းကို ဝင်ရောက်စီးနင်းရာတွင် ဦးသန်းဌေးနှင့် တူဖြစ်သူ အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်အောင်တို့က စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

ဦးသန်းဌေးအသတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်အောင်သည် ဖူလုံကျေးရွာရှိ ခလရ ၂၅၆ တပ် ရင်း၊ လိုင်းခန်းတစ်ခုသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ဟု ဆိုသည်။ 

ယနေ့ နံနက်ပိုင်း၌ပင် ထိုဖူလုံရွာအနီးရှိ ခြေလျင်တပ်ရင်း အမှတ်၂၅၆ နှင့​ ၂၅၇ ကြားရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကိုလည်း အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိသည်ဟုလည်း သိရသည်။

“ဖူလုံရွာနားလေးက တပ်ရင်းနှစ်ခုရှေ့က ဂိတ်ကို သေနတ်တွေနဲ့ ဝင်ပစ်သွားကြတာ။ အဲဒီဂိတ်က စစ်ဆေးရေးလုပ်တာ။ အဲဒီမှာ အဖွဲ့တစ်ဖွဲ့က သေနတ်တွေနဲ့ ဝင်ပစ်သွားတယ်။ ခြောက်ယောက်လောက်ရှိနေတုန်း ဝင်ပစ်သွားတာ။ ဘယ်သူလုပ်သွားလဲ မသိဘူး။ စုံစမ်းနေတုန်းပဲ” ဟု ရေစကြို PDF နှင့် နီးစပ်သူက ပြောသည်။ 

ဇီးတောစံပြကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဦးလေးဖြစ်သူ ဦးသန်းဌေး အသတ်ခံရသည်မှာ ကြားသိကြောင်းနှင့် စစ်ကောင်စီတပ်ရင်းနှစ်ခုအနီးရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသည်ကို အတိအကျမသိသော်လည်း ယနေ့နံနက်ပိုင်း စစ်ဆေးမေးမြန်းမှုများ ပုံမှန်ထက် တင်းကျပ်နေသည်ဟု ရေစကြိုမြို့နယ် သံပြချောင်း ကျေးရွာသားတစ်ဦးကလည်း ပြောသည်။

“ဦးသန်းဌေးအသတ်ခံရတာ ကြားတယ်။ ဖူလုံနားမှာ ဘာဖြစ်တယ်မသိဘူး။ စစ်တပ်က စစ်ဆေးရေးကြမ်းနေလို့ ရေစကြိုကို ဈေးသွားဝယ်တာ၊ မဝယ်ဘဲ ပြန်လှည့်လာရတယ်” ဟု ၎င်းက ပြောသည်။

ဖူလုံကျေးရွာအနီးတွင် နေထိုင်သူဒေသခံတစ်ဦးကလည်း ဇီးတောရွာမှ ပျူစောထီးအဖွဲ့ဝင် အသတ်ခံရသည်ကို ကြားသိကြောင်း စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရသည်ကို သေချာမသိသော်လည်း ယခင်ရက်များထက် လုံခြုံရေးတင်းကျပ်နေသည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်ရင်းများရှိရာ ဖူလုံရွာတောင်ဘက်ရှိ ပညင်းရွာသို့ ယနေ့ မွန်းလွဲပိုင်းတွင် စစ်သားများရောက်ရှိလာပြီး သေနတ်အချက် ၂၀ ခန့် ပစ်ဖောက်ကာ ရွာသား ၁၀ ဦးခန့်ကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်အပြင် ဆိုင်ကယ် ၁၆ စီးထက်မနည်း ယူဆောင်သွားသည်ဟုလည်း ရေစကြိုမြို့နယ်သတင်းများကို ဖော်ပြပေးနေသော ‘We Love YSO’ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်ရင်းများအနီးရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရခြင်းနှင့် ပညင်းရွာဒေသခံများ ရိုက်နှက်ဖမ်းဆီးခံရခြင်းများနှင့် စပ်လျဉ်း၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

ရေစကြိုမြို့တောင်ဘက် ငါးမိုင်ခန့်အကွာရှိ ဟင်္သာရွာမှ နေအိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ဩဂုတ် ၂၂ ရက်တွင် ဝင်ရောက်စီးနင်းပစ်ခတ်ရာ အသက် ၂၁ အရွယ်လူငယ်တစ်ဦး သေဆုံးပြီး အခြားလူငယ်လေးဦး ဖမ်းဆီးခံခဲ့ရသည်။ 

ယခုသီတင်းပတ်အတွင်း စစ်ကောင်စီက ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့အပြင် မြို့နယ်ချင်းထိစပ်လျက်ရှိသော ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဝင်ရောက်စီးနင်းခြင်းများ ရှိခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

Show More

Related Articles

Back to top button