မောင်တောပြန်ရန် မဝံ့မရဲဖြစ်နေသော ဟိန္ဒူဘာသာဝင်များ

မောင်တောမြို့ အထက်တန်းကျောင်း အမှတ် ၁ တွင် ဖွင့်လှစ်ထားသော  ဒုက္ခသည်စခန်းအတွင်း တွေ့ရသော ကလေးနှစ်ဦး (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)
မောင်တောမြို့ အထက်တန်းကျောင်း အမှတ် ၁ တွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းအတွင်း တွေ့ရသော ကလေးနှစ်ဦး (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

မောင်တော — “ဒါဟာ မွတ်စလင်တိုင်းပြည်၊  ဒါဟာ မွတ်စလင်ပြည်နယ်။ ဒါဟာ ရိုဟင်ဂျာပြည်နယ်” စသည့် ကြွေးကြော်သံများ ကြားနေရသည့် အချိန်ထိ မောင်တော (၄)ရပ်ကွက်တွင် နေထိုင်သူ ဟိန္ဒူဘာသာဝင် ကိုရှုဘောင်းမှာ ထိတ်လန့် တုန်လှုပ်မှု မဖြစ်သေးပေ။

မောင်တောဒေသတွင် ရှိကြသည့် ဟိန္ဒူနှင့် မွတ်စလင်တို့မှာ ကိုးကွယ်သည့်ဘာသာ ကွဲသော်လည်း ရုပ်ဆင်းသွင်ပြင်၊ ပြောဆိုသည့်စကား တူညီကြသဖြင့် ဤသို့ ကြွေးကြော်မှုအတွက် ပြဿနာမရှိနိုင်ဟု သူယူဆသည်။  

သို့သော်လည်း ဆူပူအော်ဟစ်သူများ ရာနှင့်ချီ စုစည်းမိချိန်တွင် ၎င်းတို့၏ကြွေးကြော်သံက ပြောင်းလဲသွားသည်။ ဟိန္ဒူဘာသာဝင်တို့ကိုလည်း တိုက်ခိုက်ကြ ဟူသော အသံများ ထွက်ပေါ်လာပြီး နောက်တွင်တော့ ကိုရှုဘောင်းက မိသားစုခေါ်ပြီး နေအိမ်မှ အမြန်ဆုံး စွန့်ခွာရတော့သည်။

“သားရှိတဲ့လူက၊ သားချီ။ အဘွားရှိတဲ့လူက အဘွားချီ။ အဖေ၊ အမေရှိတဲ့လူက အဖေ၊ အမေကို ခေါ်ပြီး ထွက်ပြေးခဲ့ကြတယ်” ဟု စစ်တွေမြို့တွင် ခိုလှုံနေသူ ၃၄ နှစ်အရွယ် ကိုရှုဘောင်းက ပြောသည်။

ကိုရှုဘောင်းကဲ့သို့ ဟိန္ဒူဘာသာဝင် ၃,ဝဝဝ ကျော်သည် စစ်တွေ၊  ဘူးသီးတောင်၊ မောင်တော ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။ တချို့မှာ ခြိမ်းခြောက်ခံခဲ့ရသူများဖြစ်ပြီး တချို့မှာ အကြမ်းဖက်မှုနှင့် ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ခဲ့ရသည်။

ယာယီဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်မှု ၂ လ ပြည့်တော့မည့်အချိန်တွင်  ၎င်းတို့နေရပ်ပြန်ရန် ဖိအားပေးခံလာရသော်လည်း အများအပြားက ထပ်မံအကြမ်းဖက်ခံရမည်ကို စိုးရိမ်ပြီး  အိမ်ပြန်ရန် တွန့်ဆုတ်နေကြသည်။

၎င်းတို့၏လုံခြုံရေးကို သေသေချာချာ အာမခံမှု အခြေအနေများ မတွေ့ရသေးဟုလည်း ခံစားနေကြသည်။ ရဲဘောက်ကျရွာအနီး အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ဟိန္ဒူဘာသာဝင်တို့၏ ရုပ်အလောင်း ၄၅ ခု ကို စက်တင်ဘာလကုန်ပိုင်းတွင် ရှာဖွေ တွေ့ရှိခဲ့မှုက ၎င်းတို့ ရင်ဆိုင်ခဲ့ရသည့် မောင်တောဒေသအခြေအနေ ဆိုးဝါးပုံကို ပြသနေသည်။

အကြမ်းဖက်မှုနှင့်ရင်ဆိုင်ရ

သြဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဟိန္ဒူဘာသာဝင်တို့နေထိုင်ရာ ရဲဘောက်ကျကျေးရွာတွင် ဒေသခံ ၉ဝ၊ အိုးထိမ်းကျေးရွာတွင် ၁၄၄ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်က ပြောသည်။

မောင်တောမြို့နယ်၊  ပုတင်းအုပ်စုရှိ မွတ်စလင်ရွာတစ်ခုဖြစ်သော ကညင်တန်းကျေးရွာတွင် ဦးဆောန်ဒေါ်ရောမောန်တို့၏ မိသားစုတစ်ခုသာ ဟိန္ဒူဝင်များ ဖြစ်ပြီး ယခုအခါ မြို့အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ရောက်နေသည်။

၎င်း၏သားငယ်မှာ အကြမ်းဖက်သမားတို့၏ ရန်ပြုမှုခံရပြီးနောက်ပိုင်း ပျောက်ဆုံးသွားကြောင်း၊ နေအိမ်သို့လည်း မျက်နှာဖုံးစွပ်လူအုပ်စု ရောက်လာပြီး ခြိမ်းခြောက်ကြကြောင်း သူက ပြောပြသည်။

“မင်းတို့ တပ်နဲ့အဆက်အသွယ်ရှိတယ်၊ (တပ်)စခန်းကိုသွားတဲ့လူတွေ ဆိုပြီးတော့ ကျွန်တော်တို့ဆီက ဖုန်း ၅ လုံးကို လုယူပါတယ်” ဟု အသက် ၆ဝအရွယ်  ဦးဆောန်ဒေါ်ရောမောန်က ပြောသည်။

အကြမ်းဖက်သမားတချို့နှင့် ၎င်းတို့စုစည်းထားသည့် ဒေသခံတချို့ကလည်း ဓားရှည်များကိုင်ပြီး နေ့ညမပြတ် လှုပ်ရှားနေသည်ကို တွေ့ရသည်ဟု သူက ဆက်ပြောသည်။

“လူကြမ်းတွေကလည်း ရွာထဲက ဖွဲ့စည်းထားတဲ့ လူကြမ်းတွေပါ။ သူတို့ကိုလည်း ဟိန္ဒူတွေက သိကြပါတယ်။ သူတို့က မျက်နှာတွေကို ဖုန်းထားတယ်။ သူတို့မှာ ဓားရှည်၊ ပစ္စတိုနဲ့ ဗုံးတွေ ပါပါတယ်” ဟု ဦးဆောန်ဒေါ်ရောမောန်က ပြောသည်။

မောင်တောမြောက်ပိုင်းနေ ဟိန္ဒူများ

မောင်တော၊ ခမောင်းဆိပ်မြို့၊ ကသည်းရွာမှာ ရွာကိုဝိုင်းထားသူတို့၏ မီးရှို့ခြင်း ခံရသည်ဟု ရွာကျောင်းတွင် စာသင်ပေးရသူ မထွန်းထွန်းနုက  ဆိုသည်။

“လူ ၁,ဝဝဝ လောက် ရွာကို ဝိုင်းထားပါတယ်။ ဝိုင်းပြီးတော့ မီးရှို့ပါတယ်။ ထွက်ဖို့လမ်းလည်း မရှိဘူး” ဟု သူက ပြန်ပြောပြသည်။

မီးရှို့သူ အမျိုးသားများအတွက် လောင်စာပုံး ယူဆောင်ပေးသူတချို့မှာ အမျိုးသမီးများဖြစ်ကြောင်း၊ မီးရှို့သူတို့က ရွာထဲမှ ထွက်လာသူများကို တိုက်ခိုက်ကြကြောင်း သူက ဆက်ပြောသည်။

မထွန်းထွန်းနုက  ရွာ၏ အခြားထွက်ပေါက်တစ်ခုမှ ထွက်ပြေးပြီးနောက်  အနီးအနားရှိ ရဲစခန်းသို့ သွားရောက်  အကြောင်းကြားခဲ့သည်ဟု ဆိုသည်။  

စစ်တွေမြို့ မင်းဘာကြီးလမ်းရှိ ယာယီဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေသူ အသက် ၄ဝ အရွယ် ဒေါ်မိန်နာဘာလာက သြဂုတ်လ အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း ခင်ပွန်းသည်၊  သမီး၊  သားတို့ ပျောက်ဆုံးသွားသည်ဟု ပြောသည်။
 
ခင်ပွန်းသည်သည် တမန်းသားကျေးရွာမှ ခမောင်းဆိပ်ရှိ မိဘအိမ်သို့ သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု စျေးသည် ဒေါ်မိန်နာဘာလာက ပြောသည်။

ခမောင်းဆိပ်တောင်ရွာ၊ ရဲဘောက်ကျကျေးရွာတို့မှာ ရွာလုံးကျွတ် အသတ်ခံခဲ့ရသည်ဟု အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။    

သြဂုတ်၂၅  မတိုင်မီ

မောင်တောခရိုင်အတွင်းရှိ မွတ်စလင်ကျေးရွာအများစုတွင် ဟိန္ဒူဘာသာဝင်များလည်း ရောနှော နေထိုင်ခဲ့ကြသည်။

ဒေသတွင်း မွတ်စလင်များနှင့် ရခိုင်များကြား ဆက်ဆံရေး တင်းမာမှုတွင် ဟိန္ဒူဘာသာဝင်တို့ ကြားညပ်ခဲ့ရသည်ဟု မောင်တော (၄)ရပ်ကွက်တွင် နေထိုင်ခဲ့သူ ကိုရှုဘောင်းက ဆိုသည်။

“ကျွန်တော်တို့နဲ့က စကားချင်းလည်း တူတယ်၊ ရုပ်ချင်းလည်း တူတော့ မွတ်စလင်တွေနဲ့ ဆက်ဆံတာ များပါတယ်။ ရခိုင်တွေက များသောအားဖြင့် ကျွန်တော်တို့ကို ကုလားလို့ပဲ ခေါ်ကြတယ်။ ကျွန်တော်တို့ နှစ်ဖက်လုံးနဲ့ အဆင်ပြေအောင်နေရတဲ့ အနေအထားမျိုးမှာ ရှိနေခဲ့ပါတယ်” ဟု ကိုရှုဘောင်းက ပြောသည်။

သြဂုတ် ပဋိပက္ခအတွင်း ၎င်းတို့ ပစ်မှတ်ထားခံရခြင်းမှာ အကြမ်းဖက်သမားများဘက်တွင် ရပ်တည်ခြင်း မရှိသောကြောင့် ဖြစ်မည်ဟု ကိုရှုဘောင်းက  ထင်မြင်ချက်ပေးသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားသည့် မောင်တောဒေသတွင် နေထိုင်သူများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရာ နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားသူ ခြောက်သိန်းနီးပါး ရှိလာပြီဟု ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းထားသည်။

အောက်တိုဘာလလယ်ပိုင်းက မောင်တော၊ ပန်းတောပြင်ကျေးရွာတွင် တွေ့ရသော မွတ်စလင်အများအပြားမှာ သတင်းထောက်တချို့နှင့် တွေ့ကြသော်လည်း တွေ့ကြုံခဲ့ရသည်များကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြပေ။  

စက်တင်ဘာလကုန်ပိုင်းက သတင်းသမားတချို့ တပ်မတော်၏အစီအစဉ်ဖြင့်  ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိစဉ် မွတ်စလင် တစ်ဦးဖြစ်သူ ကိုနန်နဝါနှင့် ခေတ္တမေးမြန်းခွင့်ရခဲ့သည်။ တပ်မတော်အရာရှိတစ်ဦးက ထိုတွေ့ဆုံမေးမြန်းခြင်းကို မလှမ်းမကမ်းမှ အကဲခတ်နေသည်။

မောင်တောဒေသတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာရခြင်း၏ အကြောင်းရင်းတစ်ခုမှာ မွတ်စလင်များ တခြားဒေသသို့ သွားရောက်ခွင့်မရဘဲ မောင်တောဒေသတွင် အချိန်ကြာမြင့်စွာ ကန့်သတ်၊ ပိတ်လှောင်ခံထားရမှုကြောင့် ဖြစ်သည်ဟု ကိုအန်နဝါက ခပ်တိုးတိုး ပြောပြသည်။

“ကျွန်တော်တို့ အနေနဲ့ သွားလာဖို့ အခက်အခဲဖြစ်နေတယ်။ စီးပွားရေးတွေဘာတွေ လုပ်လို့မရ ဖြစ်နေတယ်။ ကျွန်တော်တို့က ဟိုသွားဒီသွား သွားလို့မရဘဲ ဒီမှာပဲ အတည်တကျ စျေးဆိုင်တွေ ဘာတွေ ရောင်းနေရတယ်” ဟု ၎င်းက ပြောသည်။

ပြန်လည် နေရာချထားရေး

မွတ်စလင်အများစုဖြစ်သော မောင်တောခရိုင်အတွင်း ကျေးရွာပေါင်း ရဝ၃ ရွာတွင် လူဦးရေ  ၈ သိန်းကျော် ရှိသည်ဟု ခရိုင်အုပ်ချုပ်ရေးမှုးရုံးထံမှ သိရသည်။ 

ပဋိပက္ခအတွင်း မီးလောင်ပျက်စီးသွားသည့် ကျေးရွာပေါင်း ၁ဝဝ ခန့် ရှိမည်ဟု  ခရိုင် အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရဲထူးက ခန့်မှန်းသည်။

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားသူများကို ပြန်လည်လက်ခံရေးအတွက် အမြန်ဆုံး လုပ်ဆောင်နေသည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက  သတင်းထောက်များကို အောက်တိုဘာလဆန်းပိုင်းက တွေ့ဆုံစဉ် ရှင်းပြသည်။

“ပြန်လည်နေရာချထားရေးတွေ၊ ပြန်လည်တည်ဆောက်ရေးတွေ၊ ပြန်လည်ပြုပြင်ရေးတွေ၊ Master Plan (အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အသေးစိတ် အစီအစဉ်) က ပါလာတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး အစိုးရက တာဝန်ယူသွားမှာပါ”  ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာ၊  ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့၏ တွေ့ရှိချက်များ၊ အကြံပြုချက်များကို မူတည်ပြီး အစီအစဉ် ရေးဆွဲမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

နေရာသစ်ကို မျှော်လင့်ခြင်း

ပျောက်ဆုံး ဟိန္ဒူဘာသာဝင်များ ရှာဖွေရာတွင် အကူအညီပေးနေသည့် ဦးနီမော်က မောင်တောဒေသတွင် ပဋိပက္ခတစ်ခုခု ဖြစ်လာပါက လူနည်းစုဖြစ်နေသော ဟိန္ဒူများမှာ အခက်တွေ့ရသည်ဟု ပြောသည်။

၂၀၁၂ နှင့် ၂၀၁၆ တို့တွင် ဖြစ်ပွားသည့် ပဋိပက္ခကြားတွင် ပိတ်မိစဉ် အာဏာပိုင်တို့၏ အကူအညီရရန် ခက်ခဲကြောင်း၊ နောက်ဆုံး ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုတွင်လည်း လူနည်းစုဟိန္ဒူတို့ ပစ်မှတ်ထားခံရသဖြင့် အံ့အားသင့်မိသည်ဟု ဦးနီမော်က ဆိုသည်။

“အကြမ်းဖက်ကလည်း အစိုးရနဲ့ ဆန့်ကျင်ဘက် လုပ်ရင်လုပ်၊ ရခိုင်တွေနဲ့ ဆန့်ကျင်ဘက် လုပ်ရင်လုပ်၊ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူးလေ” ဟု ဦးနီမော်က  ပြောသည်။

အကြမ်းဖက်သမားများနှင့် သွားရောက်ပူးပေါင်းသည့်သူ အများအပြားမှာ မွတ်စလင်များ ဖြစ်ကြောင်း၊ ဟိန္ဒူဒုက္ခသည်များကို ပြန်လည်နေရာချထားပေးသည့်အခါ  မွတ်စလင်များနှင့် ယှဉ်တွဲနေထိုင်ရန်မှာ မဖြစ်နိုင်ဟု ယူဆသူများထဲတွင် ဦးနီမော်လည်း ပါဝင်သည်။

သြဂုတ်လပဋိပက္ခ အစပြုစဉ်က ကနဦးတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ကမူ ၎င်းတို့အနေဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမရှိဟု ကြေညာထားသည်။

မွတ်စလင်ကျေးရွာများတွင် လှည့်လည်နေထိုင်ခဲ့သူ ဆေးဆရာ ကိုရှုဘောင်းက ယခင် နေထိုင်မှုပုံစံမျိုး ပြန်ရလိုခြင်း မရှိကြောင်း၊  ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဆိုသည်မှာ အကြမ်းဖက်သမားများ ထပ်မံရောက်မလာနိုင်သည့် အခြေတွင်သာ ဖြစ်နိုင်ကြောင်း ပြောသည်။

“ရက်ရက်စက်စက် သတ်တာကို ကျွန်တော်တို့ မလိုလားပါဘူး။ သွားလည်း မသွားဘူး” ဟု ပြောလိုက်သည့် ကိုရှုဘောင်း၏ အသံက ဝါးကြမ်းခင်းများခင်းထားပြီး အစိမ်းရောင် တာလဘတ်များ မိုးထားပြီး ကလေးငယ်များ ဆော့ကစားနေကြသည့် ဟိန္ဒူ ဒုက္ခသည်စခန်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading