၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး တက်ကြွခဲ့သူ ဦးကိုနီ လုပ်ကြံခံရခြင်း နှစ်နှစ်ပြည့်သည့်နေ့တွင် အာဏာရ ပါတီကြီးက ခြေဥပြင်ရေးကော်မတီဖွဲ့ရန် အရေးကြီးအဆို လွှတ်တော်တင်ခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်သည့် ကြားမှ အဆို အတည်ဖြစ်ခဲ့သည်။
ရန်ကုန်- တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သွားနေသည့် နိုင်ငံရေး လမ်းကြောင်းကို ပျက်ပြားအောင် အချိန်ယူ ငွေကုန်ခံပြီး ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့သည့် နိုင်ငံရေး အကြမ်းဖက်မှု ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ နှင့် အငှားယာဉ်မောင်း ဦးနေဝင်းတို့ ရန်ကုန်လေဆိပ်၌ သေနတ်သမားကြည်လင်း၏လက်ချက်ဖြင့် ကွယ်လွန်ခဲ့ခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ကျင်းပခဲ့သည့် အခမ်းအနား၌ ပြောခြင်းဖြစ်သည်။

“ဒါဟာအစီစဉ်ရှိရှိ လူအင်အားငွေအင်အားအချိန်ယူပြီး ပြည်တွင်း ပြည်ပ လူစည်ကားတဲ့ နေရာမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ဦးကိုနီကိုသတ်ဖြတ်မှုအတွက် တရားခံများကို အမှုစစ်နေသည်မှာ နှစ်နှစ်ကြာနေပြီဖြစ်ပြီး ရုံးချိန်းပေါင်း ၁ဝဝ ကျော်နေခြင်းမှာ မြန်မာနိုင်ငံ တရားစီရင်ရေး ကို ပြက်ရယ်ပြုနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။


ဤအမှုတွင် သက်သေများ အားလုံးကို စစ်ဆေးပြီးဖြစ်ကြောင်း နဂိုမူလ တည်ဆောက်ပုံအားနည်းသည့် အမှုကို ခိုင်မာအောင် တည်ဆောင်နိုင်ခဲ့သဖြင့် ၎င်းအနေဖြင့် အားရပြီး ခုံရုံး တရားသူကြီးများ၏ ဆုံးဖြတ်မှုကို မကြာခင်ရောက်ရှိ သွားမည်ဖြစ်ကြောင်းပြောသည်။
ရှေ့နေ ဦးကိုနီကို လုပ်ကြံဖို့ မြင့်ဆွေဆိုသူက စေခိုင်းခြင်းဖြစ်ကြောင်း သေနတ်သမား ကြည်လင်းက ယမန်နှစ် ဇူလိုင်လက တရားရုံးရှေ့မှောက်၌ ထွက်ဆိုခဲ့သည်။


ဦးကိုနီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တက်တက်ကြွကြွဖြင့် လိုက်လံ စည်းရုံး ဟောပြောနေသူဖြစ်ပြီး အဆိုပါ ဥပဒေ၏ချို့ယွင်းချက် အားနည်းချက်များကို သိရှိနှံ့စပ်သူအဖြစ်လည်း လူသိများသည်။
၎င်းနောက်ပိုင်း အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အသံတိတ်သွားခဲ့ပြီး ဦးကိုနီ လုပ်ကြံခံရသည့်နှစ်နှစ်ပြည့်သည့်နေ့တွင် ၎င်းပါတီက အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန် ပြည်ထောင်စုလွှတ်တော်၌ အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့သည်။
ထိုသို့ ကော်မတီဖွဲ့ရန် အရေးကြီးအဆိုတင်သွင်းခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီဟုဆိုကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မတ်တပ်ရပ်ကန့်ကွက်ခဲ့သော်လည်း အဆိုပါ အဆိုအပေါ် လျှို့ဝှက် မဲဆန္ဒခံယူစေခဲ့ရာ ထောက်ခံသည့်ဘက်က အပြတ်အသတ် အနိုင်ရသွားခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်တွင် လက်ခံ ဆွေးနွေးကြတော့မည် ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












