သတင်း

ရေစကြိုမြို့နယ်တွင် ရဲများ၏ ပစ်ခတ်စီးနင်းမှုကြောင့် တစ်ဦးသေဆုံး၊ ၄ ဦးအဖမ်းခံရ 

မကွေးတိုင်း ရေစကြိုမြို့နယ် ဟင်္သာရွာတွင် ရဲတပ်ဖွဲ့က လူနာတင်ယာဉ်ဖြင့် အယောင်ပြကာ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးစဉ် လူငယ်တစ်ဦးသေဆုံးပြီး ၄ ဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံနှစ်ဦးထံမှ သိရသည်။

ရေစကြိုမြို့တောင်ဘက် ငါးမိုင်ခန့်အကွာရှိ ဟင်္သာရွာမှ နေအိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ယမန်နေ့ (ဩဂုတ် ၂၂) ညနေ ၃ နာရီခွဲခန့်တွင် ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။  

“လူနာတင်ကားလေးနဲ့ လာတာ။ ရဲဝတ်စုံနဲ့ ၁၀ ယောက်လောက်။ ကလေးတွေက ဂိမ်ဆော့တဲ့လူက ဆော့နေတာ။ အဲဒီအိမ်က အိမ်ထောင်ဦးစီးက စက်လာပြင်တဲ့သူရှိလို့ ပြင်ပေးနေတာ။ စက်လာပြင်တဲ့သူကိုပါ ဖမ်းသွားတာ”ဟု အထက်ပါ ရွာခံအမျိုးသမီးက ပြောသည်။

အခင်းဖြစ်ပွားစဉ်၌ အဆိုပါနေအိမ်တွင် ကလေးနှစ်ဦး၊ အမျိုး သမီးနှစ်ဦးနှင့် အမျိုးသားငါးဦး ရှိပြီး ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အသက် ၂၁ အရွယ် ကိုချစ်ရဲရင့်ဆိုသူ လူငယ်မှာ သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ အခြားအမျိုးသားလေးဦး ဖမ်းဆီးခံခဲ့ရသည်။

ဒဏ်ရာရရှိခဲ့သူ ကိုချစ်ရဲရင့်မှာ ဆေးရုံပို့ဆောင်စဉ်လမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို ယနေ့ (ဩဂုတ် ၂၃) နံနက်ပိုင်းတွင် လာရောက်ထုတ်ယူရန် စစ်ကောင်စီက ရွာခံများကို အကြောင်းကြားထားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူ အမျိုးသားလေးဦးမှာ အသက် ၂၅ နှစ်အရွယ် ကိုပိုင်စိုးဦး(ခ)မောင်ငပိုင်၊ အသက် ၁၇ အရွယ် မောင်အံ့ဖွယ်ဦး၊ အသက် ၃၀ အရွယ် မောင်စိုးသူ(ခ) ကိုသူနှင့် အသက် ၂၀ အရွယ် ကိုကျော်ဇော်ဟိန်းဆိုသူတို့ဖြစ်သည်။ 

ရွာမြောက်ဘက်ခြမ်းမှ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ ကိုပိုင်စိုးဦး(ခ)မောင်ငပိုင်၏ နေအိမ် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။ 

“သူတို့ (ရဲများ) လာတာက လူနာတင်ကားတစ်စီးကို အရှေ့က မောင်းလာတယ်။ လိုက်ထရပ်က နောက်က လိုက်လာတယ်။ လူတွေကလည်း ကိုယ့်အလုပ်ကို လုပ်နေကြတာ။ သူတို့ဖမ်းသွားတဲ့ကလေးတွေဆိုတာက ဘာလက်နက်မှလည်း မရှိဘူး”ဟု ၎င်းက ပြောသည်။

အထက်ပါရွာခံအမျိုးသားကပင် ဆက်လက်၍ “အိမ်ကို ဝိုင်းပြီး အတွဲလိုက်ဖောက်တယ်။ သူတို့က (ရဲများ) သေနတ်ဖောက်တော့ ကလေးတစ်ယောက်က လန့်ပြီးတော့ တံခါးပေါက်ကနေ ခွအကျော်မှာ ပစ်ထည့်လိုက်တယ်။ အဲဒီကလေးက လမ်းမှာပဲ ဆုံးသွားတယ်။ ဆေးရုံတောင် မရောက်လိုက်ဘူး။ သွေးတွေလည်း တအားထွက်နေတယ်။ အဲဒီကလေးကို ကားပေါ် ဒီတိုင်းဆွဲတင်သွားတာ။ မှောက်လျက်ကြီးပါသွားတာ” ဟု ပြောသည်။ 

ရေစကြိုမြို့နယ် ဟင်္သာရွာတွင် ထိုသို့ဝင်ရောက်စီးနင်းခံရခြင်းမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ တိုင်တန်းမှုကြောင့်ဖြစ်ကာ ထိုသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယမန်နေ့ညပိုင်းတွင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုးအပါအဝင် မိသားစုဝင် ငါးဦးကို ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားခဲ့သည်ဟု ရွာခံများထံမှ သိရသည်။ 

ဝင်ရောက်စီးနင်းခံရပြီး ဖမ်းဆီးခံခဲ့ရသူ ကိုပိုင်စိုးဦးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ဖူးသူဖြစ်သည်ဟု ရွာခံများထံမှ သိရသော်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။

အဆိုပါဖြစ်စဉ်ကြောင့် ဟင်္သာရွာတွင် သက်ကြီးရွယ်အိုနှင့် ကလေးများမှလွဲ၍ အရွယ်ရောက်အမျိုးသားများစုမှာ ယမန်နေ့ညပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ 

Show More

Related Articles

Back to top button