သတင်း

ဂန့်ဂေါ မြောက်ခရမ်းရွာသားကို စစ်တပ်က ဖမ်း၊ သိန်း ၁၅၀ ယူသွား

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်၊  မြောက်ခရမ်းကျေးရွာမှ  အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးကို  PDF များနှင့် အဆက်အစပ်ရှိသည်ဟု စွပ်စွဲကာ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ပြီး ၎င်းပိုင် ကျပ်သိန်း ၁၅၀ ကို ယူဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။

ဩဂုတ် ၁၉ ၊ ညနေ ၅ နာရီခန့်တွင် မြောက်ခရမ်းကျေးရွာရှိ “နုမြင့်မိုရ်” အိမ်ဆောက်ပစ္စည်းဆိုင်သို့ စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် ရောက်လာပြီး နေအိမ်ကို မွှေနှောက်ရှာဖွေကာ အသက် ၄၀ ကျော်အရွယ် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမြင့်လွင်ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း  မျက်မြင်သက်သေ အမျိုးသား တစ်ဦးက ပြောသည်။

“သူတို့အိမ်မှာက မိသားစု ၄ ဦး ရှိနေတာ၊ ဦးမြင့်လွင်ကို လက်နောက်ပြန်လက်ထိတ်ခတ်တယ်။ သူ့သားကိုလည်း သေနတ်နဲ့ ချိန်ထားပြီး နေအိမ်ကိုရှာတယ်။ သူတို့ စွပ်စွဲတဲ့လက်နက်တွေတော့ မတွေ့ဘူး။ ပိုက်ဆံတွေကိုတော့ အထက်ကို အပ်ရမယ်ဆိုပြီး ယူသွားတယ်”ဟု ထိုအမျိုးသားက ပြောသည်။

ထို့နောက် ဦးမြင့်လွင်၏သားအကြီးဖြစ်သူကို  သေနတ်ဖြင့်ထောက်ကာ ရွာအတွင်းရှိ ဦးကြည်လွင်ဆိုသူ၏ နေအိမ်သို့ လိုက်ပို့ခိုင်းခဲ့ကြောင်း၊ ဦးကြည်လွင်မိသားစု နေအိမ်တွင် ရှိမနေကြောင်း  သိရသည်။ 

ဦးကြည်လွင်နှင့် မိသားစုကိုလည်း PDF ထောက်ပံ့သူများဟု စွပ်စွဲကာ လာရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း ရွာခံများက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူ  ဦးမြင့်လွင်နှင့် ၎င်း၏မိသားစုဝင်များ ချောက်ချခံရသည်ဟု ထင်မြင်ကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

“သူတို့( ဦးမြင့်လွင်မိသားစု)က ချမ်းသာတော့ ချောက်ချခံရတာလို့ပဲ ထင်တယ်၊ သူတို့ နိုင်ငံရေးလုပ်တယ်လို့လည်း မကြားဖူးပါဘူး။ ဒါပေမယ့် သူတို့က NLD ထောက်ခံတာ”ဟု သူက ဆက်ပြောသည်။

ဒေသခံနောက်တစ်ဦးကလည်း အလားတူ ပြောကြားသည်။

မြောက်ခရမ်းကျေးရွာတွင် အိမ်ခြေ ၁၂၀၀ နီးပါးရှိပြီး ရွာ၏ထက်ဝက်ခန့်သည် ပြည်ခိုင်ဖြိုးပါတီ (USDP) နှင့် စစ်တပ်ကို ထောက်ခံကြသည်ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

“အမြင်ကပ်လို့ စွပ်စွဲပြီးတိုင်တယ်လို့ ထင်တယ်။ ရွာက အစိမ်းတွေ (USDP ပါတီ၀င်တွေ) လည်း ပေါတယ်” ဟု ၎င်းက ဆိုသည်။

 “ဒါကြီးက ဓားပြတိုက်တာပါပဲ။ စွပ်စွဲဖမ်းဆီးပြီး သူတစ်ပါးချွေးနှဲစာငွေတွေကို မတရား ရယူသွားတာ။ ဒီတစ်ခါလုပ်လို့ရသွားလို့ရှိရင် နောက်လည်း မတရားမှုတွေ ဆက်လာနေဦးမှာပဲ” 

ဦးမြင့်လွင်နှင့် အဆက်အသွယ်မရသေးဟု မိသားစုက ဆိုသည်။

“အဖေ့ကို အမြန်ဆုံးပြန်လာလွှတ်ပေးစေချင်ပါတယ်။ ပိုက်ဆံတွေကလည်း ကျွန်တော်တို့ချွေးနှဲစာ ပိုက်ဆံတွေပါ။ သူတို့ (စစ်တပ်) စွပ်စွဲတာတွေလည်း တစ်ခုမှ မဟုတ်ပါဘူး”ဟု သားဖြစ်သူက ပြောသည်။ 

ပြီးခဲ့သည့် ဩဂုတ် ၉ တွင်လည်း အဆိုပါမြောက်ခရမ်းကျေးရွာမှ ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားနေသည့် NLD ရပ်ကျေးအလုပ်အမှုဆောင် ဦးတင်မောင်လွင်ကို စစ်တပ်က ဖမ်းဆီးသွားပြီး ယခုထက်ထိ မိသားစုက အဆက်အသွယ် မရရှိသေးပေ။ 

၎င်းမိသားစုပိုင်ငွေ ကျပ်သိန်း ၁၅၀အပြင် တခြားသူများအပ်နှံထားသည့် ငွေကျပ် ၁၄၅ သိန်းကိုပါ စစ်တပ်က ယူဆောင်သွားသည်ဟု ၎င်းမိသားစုက ပြောသည်။

Show More

Related Articles

Back to top button