သတင်း

မြောင်အခြေစိုက် PDF စခန်းကို စစ်ကောင်စီတပ် ဝိုင်းထား

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အခြေစိုက်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတစ်ခုကို ယနေ့ (ဩဂုတ် ၂၁) မွန်းလွဲပိုင်း၌ စစ်တပ်က အင်အားရာဂဏန်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် အလျင်အမြန် ဆုတ်ခွာနေရကြောင်း ဒေသခံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“လက်နက်အင်အားမမျှဘူး၊ လူအင်အားမမျှဘူး။ ပြန်ပြီးခုခံဖို့တောင် အဆင်မပြေဘူးဖြစ်နေတာ” ဟု ၎င်း PDF တပ်ဖွဲ့ဝင်က ယနေ့ မွန်းလွဲတွင် ဆုတ်ခွာနေရင်း Myanmar Now ကို ပြောသည်။  

“အခုလောလောဆယ်မှာ ပြေးလိုက်ရပြီ။ စစ်အင်အားက တအားဖြည့်နေပြီ။ ကျွန်တော်တို့ တအားပြေးနေရတယ်။ မနက်တုန်းကတော့ တိုက်ဖို့ အနေအထားရှိတယ်။ အခုက စစ်အင်အား တအားဖြည့်နေပြီ။ မနိုင်နိုင်တဲ့အဆုံးကျ တိုက်လို့မရဘူး။ ကျွန်တော်တို့က တောင်ရောမြောက်ရော၊ အရှေ့ရော၊ အနောက်ရော အဝိုင်းခံရတာ ဖြစ်နေတယ်”  

မနက် ၅ နာရီခန့်တွင် မုံရွာမြို့မှ ၃၅ မိုင်ခန့်အကွာရှိ မြောင်မြို့၌ စစ်သားအင်အား ၃၀၀ ခန့်ကို ဆေးလိပ်ခုံ၊ ကျောက်ရစ်၊ ရေဘဲ့၊ ဥဒယရှာ၊ အစရှိသည့် ရွာများတွင် ချထားကြောင်း၊ နယ်မြေအနီးအနားရှိ မကွေးတိုင်း၊ ရေစကြိုမြို့နှင့် မန္တလေးတိုင်း ဆီမီးခုံ ၊ မြင်းခြံ မြို့များတွင် အင်အား ၅၀၀ ခန့် ဖြင့် တပ်စွဲထားကြောင်း ဒေသခံ PDF ထံမှ သိရသည်။  

စစ်ကိုင်းတိုင်းသည် စစ်တပ်ကို လက်နက်ကိုင်ပြန်ခုခံနေသော PDF များအားကောင်းသည့်အတွက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ကျေးရွာများကို ဝင်ရောက်မွှေနှောက် စီးနင်းကာ တူမီးလက်လုပ်သေနတ်ကိုင် PDF များကို ရှာဖွေခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ PDF များဖြင့် ထိပ်တိုက်တွေ့ကာ တိုက်ပွဲများ ဖြစ်ပွားခြင်းများ ရှိနေသည်။ 

ထို့ကြောင့် မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့ ထိစပ်ရာ ဒေသများတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ချေမှုန်းရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

မြောင်အခြေစိုက် PDF တွင် မြင်းခြံ၊ ရေစကြို၊ မြောင် ဒေသများမှ တပ်ဖွဲ့ဝင်အင်အား အတော်အသင့်ရှိသော်လည်း လက်နက်အင်အားမမျှခြင်း၊ ပိတ်ဆို့ခံရမည့် အခြေအနေ‌ရှိခြင်းတို့ကြောင့် အလျင်အမြန်ဆုတ်ခွာနေရပြီး အန္တရာယ်ကြီးသောအခြေအနေ ဖြစ်နေသည်ဟု ဆိုသည်။ 

၎င်းတို့အား ယခုကဲ့သို့ စစ်တပ်က အင်အားရာဂဏန်းဖြင့် ပိတ်ဆို့တိုက်ခိုက်ရန် ပြလုပ်နေသည့်အတွက် တခြားမြို့နယ်များမှ PDF များ ထကြွပေးရန် မြောင်မြို့နယ်အခြေစိုက် PDF များက လိုလားနေသည်။ 

“အခြားမြို့တွေအနေနဲ့ ကျွန်တော်တို့ ဒီလိုဖြစ်နေချိန်မှာ ကြွပေးစေချင်တယ်။ ဖြစ်နိုင်မယ်ဆို မြန်မြန်လုပ်လို့ ရတာလေးတွေ လုပ်ပေးစေချင်တယ် ထိထိရောက်ရောက်လေးပေါ့နော်။ အင်အားကတော့ ရှိသင့်သလောက် ရှိတယ်။ လက်နက်အင်အားမမျှတော့ လုပ်သင့်သလောက် လုပ်လို့မရဘူး။ ဖြစ်နိုင်ရင်တော့ ကြွပေးကြမယ်။ ထိထိရောက်ရောက်လေး လုပ်ပေးစေချင်တယ်” ဟု ထို PDF အမျိုးသားက ဆိုသည်။

နယ်မြေအတွင်း PDF များအတွက် စစ်အင်အားစောင့်ကြည့်ပေးနေသည့်အဖွဲ့တာဝန်ရှိသူကလည်း စစ်တပ်က ပိတ်ဆို့ထိုးစစ်ဆင်လာသည်မှာ အင်အား တစ်ထောင်ခန့်ရှိနိုင်ကြောင်း ပြောသည်။  

ပြီးခဲ့သည့် မေ ၂၆ ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ဘေးရှိ ချောင်းဆင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် အင်အား ၄၀ ခန့်ရှိ စစ်တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က သွားရောက်တိုက်ခိုက်ခဲ့သည်။  

Show More

Related Articles

Back to top button