သတင်း

စစ်ကောင်စီကြောင့် မြန်မာ့ဘဏ်လုပ်ငန်း ကပ်ဆိုက်နေကြောင်း ကျွမ်းကျင်သူများဆို 

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများကြောင့် ဘဏ်လုပ်ငန်းတစ်ခုလုံး အကျပ်အတည်းတွေ့ကာ ကပ်ဆိုက်နေကြောင်း လွတ်လပ်သော ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် Independent Economists for Myanmar (IEM) အဖွဲ့၏ ဩဂုတ် ၁၆ ရက်နေ့ထုတ် အစီရင်ခံစာက ဆိုသည်။

အမည်နာမထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အဆိုပါ IEM အဖွဲ့တွင် ပါဝင်သူများမှာ မြန်မာနိုင်ငံရှိ ဘဏ်များနှင့် အစိုးရကဏ္ဍတွင် လုပ်ကိုင်ခဲ့သည့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ 

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကျပ်အတည်းအပေါ် ကိုင်တွယ်ဖြေရှင်းမှုဟာ ညံ့ဖျင်းလှသည့်အပြင် အချို့သောဘဏ်များ ပျက်စီးဆုံးရှုံးစေရန် ဖန်တီးနေသည့်သဖွယ်ဖြစ်ကြောင်း” ဟု IEM အဖွဲ့ဝင် ကျွမ်းကျင်သူများက ဆိုသည်။ 

ထို့ပြင် စစ်တပ်နှင့် ၎င်း၏ နှီးနွှယ်သော ခရိုနီစီးပွားရေးသမားများ၏ ဆယ်စုနှစ်များစွာ အမြတ်ထုတ်မှုကြောင့် မြန်မာဘဏ်လုပ်ငန်းမှာ ယခင်ကတည်းက အားနည်းခဲ့ပြီးဖြစ်သည်ဟုလည်း ဆိုသည်။ 

“ယခုအခါ အာဏာသိမ်းမှုကြောင့် ဘဏ်တွေဟာ သွေးစုပ်ဖုတ်ကောင်သဖွယ်ဖြစ်လာပြီး ဘဏ်များ၏ ပိုင်ဆိုင်မှုတန်ဖိုးသည်လည်း ဘဏ်အပ်ငွေအပေါ် တာဝန်ခံနိုင်သည့်အဆင့်ထက် နိမ့်ကျလာသည်” ဟု IEM ၏ အစီရင်ခံစာက ဆိုသည်။

စစ်ကောင်စီ၏ လုပ်ရပ်များတွင် ထိပ်သီးဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်လေးဦးကို ဖမ်းဆီးခြင်း၊ ဗဟိုဘဏ်ဝန်ထမ်း ၂၀၀ ကို လုပ်ငန်းတာဝန်ဆိုင်းငံ့ထားခြင်း၊ ဘဏ်၌ ငွေထုတ်သူများကို တားဆီးပိတ်ပင်ခြင်းနှင့် ဘဏ်များတွင် ခြိမ်းခြောက်ကာ ငွေအပ်နှံစေခြင်းများက အခြေအနေပိုမိုဆိုးရွားစေခဲ့ကြောင်း IEM အဖွဲ့ဝင်များက ဆိုသည်။ 

လက်ရှိတွင် ATM (အလိုအလျောက်ငွေထုတ်စက်) များမှာ နံနက် ၁၁ နာရီမတိုင်မီ ငွေကုတ်သွားသည်အထိ မြန်မာ့စီးပွားရေး ဖရိုဖရဲဖြစ်လျက်ရှိပြီး ဘဏ်ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ခြင်း၊ ဘဏ်ခွဲများပိတ်လိုက်ရခြင်း၊ ဘဏ်အသုံးပြုသူများက သပိတ်မှောက်ခြင်းနှင့် အင်တာနက်ပြတ်တောက်မှုများကြောင့် ငွေထုတ်ခြင်းနှင့် ငွေလွှဲခြင်းများ ကြန့်ကြာကာ ဘဏ်လုပ်ငန်းတစ်ခုလုံး ပြိုကျလုနီးပါးဖြစ်ခဲ့ရသည်ဟုလည်း ၎င်းတို့က ပြောသည်။ 

အာဏာသိမ်းပြီးချိန်ကတည်းက ဘဏ်အသုံးပြုသူများသည် ငွေသားပမာဏ အနည်းငယ်ထုတ်ယူရရှိနိုင်ရန် လူတန်းရှည်ကြီးများဖြင့် တန်းစီစောင့်ဆိုင်းခဲ့ရပြီး တစ်ခါတစ်ရံ ညလုံးပေါက် တန်းစီရသည်လည်း ရှိခဲ့သည်။ 

‌ငွေကြေးရှားပါးလာသည်နှင့်အမျှ ကပ်ရောဂါကျရောက်ချိန်တွင် လူအများစုသည် အောက်ဆီဂျင်နှင့် ဆေးဝါးများ ဝယ်ယူနိုင်ခြင်း မရှိကြောင်းလည်း IEM က ဆိုသည်။ 

“ဘဏ်လုပ်ငန်းတည်ငြိမ်စေရေး စစ်ခေါင်းဆောင်များ၏ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှုသည် ပြင်ပငွေကြေးစီးဆင်းမှုကို မထိန်းချုပ်နိုင်သည်သာမက ဘဏ်လုပ်ငန်းအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကိုပါ လျော့ကျစေခဲ့သည်ဟု IEM အဖွဲ့၏ မြန်မာ့ဘဏ်လုပ်ငန်း အကျပ်အတည်းအစီရင်ခံစာက ဆိုသည်။ 

စီးပွားရေးအပေါ် ဘဏ်လုပ်ငန်းအကျပ်အတည်း၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ ပုံကြီးချဲ့ပြောနေခြင်း မဟုတ်ဘဲ နှစ်များစွာအထိ အကျိုးသက်ရောက်စေနိုင်ကြောင်းလည်း ဆိုသည်။ 

“ဘဏ်မှာ ငွေထုတ်မရသည့်အတွက် စီးပွားရေးလည်ပတ်စေရန် ပြည်သူများက ငွေမသုံးနိုင်သကဲ့သို့ သူတို့ကိုယ်သူတို့ပင် ဝယ်ယူစားသောက်နိုင်ခြင်း မရှိပေ။ ဘဏ်ချေးငွေ မရတော့သဖြင့် ရင်းနှီးမြှုပ်နှံမှု လျော့ကျသွားသည်။ လုပ်ခလစာမရတော့သဖြင့် အခွန်အခများလည်း လျော့ကျပေမည်။ ဘဏ်ချေးငွေများ ပြန်မဆပ်နိုင်ခြင်းက ဘဏ်များကို ပို၍ အင်အားချည့်နဲ့စေမည်ဖြစ်ကြောင်း” ဟု IEM က ဆိုသည်။

ဘဏ်စနစ်ကို ပြည်လည်တည်ဆောက်ကာ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီအနေဖြင့် လွတ်လပ်သောအဖွဲ့အစည်းတစ်ခုခုကို ဘဏ်လုပ်ငန်းကို ကိုင်တယ်ခွင့်ပေးရန်လည်း IEM အဖွဲ့က တောင်းဆိုထားသည်။

စစ်ကောင်စီအနေဖြင့် ဘဏ်စနစ်ထိန်းချုပ်မှုကို လက်လွှတ်နိုင်ခြေ အလွန်နည်းသည်ဖြစ်ရာ အလျင်မြန်ဆုံးနည်းလမ်းမှာ ဒီမိုကရေစီပြန်လည်အသက်သွင်းပြီး စစ်တပ်က စစ်တန်းလျားပြန်ခြင်းပင်ဖြစ်ကြောင်းလည်း IEM အဖွဲ့ က ဆိုသည်။ 

ထို့ပြင် ကျပ်ငွေထုတ်ယူမှုကန့်သတ်ထားခြင်း၊ အင်တာနက်အသုံးပြုမှုနှင့် မိုဘိုင်းစနစ်ဖြင့် ငွေကြေးလွှဲပြောင်းမှုများကို ခြိမ်းခြောက်နေခြင်းက ငွေသားအခြေပြုစီးပွားရေးဖြစ်လာစေပြီး ချေးငွေစနစ်လျော့ကျစေခြင်းနှင့် စီးပွားရေးလုပ်ငန်းများကို ဖိနှိပ်ရာရောက်ကြောင်းလည်း IEM က သတိပေးသည်။ 

ဥရောပသမဂ္ဂကော်မရှင်က မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုများ မြင့်တက်လာနိုင်သည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းထားသည်။ 

အာဏာမသိမ်းမီကပင် ဗဟိုဘဏ်သည် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုများကို ထိရောက်စွာ မထိန်းသိမ်းနိုင်ခြင်း၊ ငွေချေးရာတွင် လုံလောက်သော နောက်ကြောင်းစစ်ဆေးမှုမရှိခြင်း၊ အရန်ငွေစုဆောင်းမှုမရှိခဲ့ကြောင်း IEM အဖွဲ့၏ အစီရင်ခံစာက ဆိုသည်။ 

“ဥပမာအားဖြင့် မြန်မာ့စီးပွားရေးသည် တည်ငြိမ်မှုမရှိသော အိမ်ခြံမြေဈေးကွက်ကို အရေးပေးလွန်းခြင်းကြောင့် အမြတ်နည်းသော အကြေဆပ်နိုင်ခြေနည်းသော ဘဏ်ချေးငွေများ အလွန်အမင်းမြင့်တက်မှုကို အာဏာမသိမ်းမီနှင့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါမတိုင်မီကပင် ခံစားခဲ့ရကြောင်း IEM က ဆိုသည်။ 

(ဤသတင်းကို Myanmar Now နှင့် Finance Uncovered အဖွဲ့တို့ ပူးပေါင်းရေးသားသည်။) 

Show More

Related Articles

Back to top button